Wednesday, November 9, 2016

အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ရွာသား၂ ဦးကို ဖမ်းဆီးခေါ်ဆောင်

DVB


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက နေအိမ်တအိမ်ကို အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေ ရောက်ရှိလာပြီး နေအိမ်တံခါးကို ရိုက်ချိုးဖျက်ဆီး နေအိမ်ကိုမီးရှို့ကာ လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြဝတီသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီလောက်က မောင်တောမြို့နယ် ဇင်ပိုင်ညာကျေးရွာအုပ်စု၊ ဖူခါလီကျေးရွာနေ နူမာမောက်ရဲ့ နေအိမ်ကို ဇင်ပိုင်ညာကျေးရွာနေ ဂေါ်ဇီရာမောက်၊ ဂျူဘိုင်၊ နူရူစလန်နဲ့ ရာဖစ်တို့ ဦးဆောင်တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၅ ဦးလောက် ရောက်ရှိလာပြီး နေအိမ်တံခါးကို တုတ်၊ ဓားတွေနဲ့ ရိုက်ချိုးဖျက်ဆီး နေအိမ်ကို မီးရှို့ကာ ဖိုက်ဇယနဲ့ မာမွတ်ဖာရိုတို့ ညီအစ်ကို ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဒီအကြမ်းဖက်သူတွေကို အချိန်မီဖမ်းဆီးနိုင်ရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေအိမ်နဲ့ အနီးပတ်ဝန်းကျင်ကို ရှင်းလင်းခဲ့ရာ ည ၁၂ နာရီခွဲမှာ နေအိမ်ရဲ့ အနောက်ဘက်လယ်ကွင်းအစပ်မှာ မာမွတ်ဖာရိုကို ဓားပြတ်ရှဒဏ်ရာ ၁၁ ချက်၊ ထိုးသွင်းဒဏ်ရာ၂ ချက်နဲ့ တွေ့ရလို့ မောင်တောပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေကို ဖမ်းဆီးရမိနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်း ဆောင်ရွက်နေတယ်လို့ မြဝတီသတင်းမှာ ဖော်ပြပါတယ်။

No comments: