Wednesday, November 2, 2016

မြန်မာ့ကုန်သွယ်မှုကဏ္ဍအတွက် ကမ္ဘာ့နိုင်ငံများနှင့် အလျင်အမြန်ပေါင်းစည်းနိုင်ဖို့လိုကြောင်း ဒုသမ္မတပြော

မင်းမင်း

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသော ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် မြန်မြန်ဆန်ဆန်ပေါင်းစည်းနိုင်ဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက တိုက်တွန်းပြောကြားလိုက်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးနဲ့ ပေါင်းစည်းမှု အလျင်အမြန် မြင့်မားလာဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍမှာ ကမ္ဘာကြီးနဲ့ မြန်မြန်ဆန်ဆန်ပေါင်းစည်းနိုင်ဖို့ အရေးကြီးလှပါတယ်” ဟု ဦးမြင့်ဆွေက ပြောကြားသည်။

နေပြည်တော်ရှိ Hilton Hotel တွင် နိုဝင်ဘာ ၂ရက်က ကျင်းပပြုလုပ်သော ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းပွဲ အခမ်းအနားတွင် ဒုတိယသမ္မတဦးမြင့်ဆွေက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ စီးပွားရေးဝန်ကြီးများ၊ ကမ္ဘာ့ဘဏ်နှင့် မိတ်ဖမ်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် အလျင်အမြန်ပေါင်းစည်းနိုင်ရန် အဓိကလိုအပ်သည့် အချက်(၃)ချက်ကိုလည်း ဦးမြင့်ဆွေက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပထမဆုံးအချက် အနေဖြင့် မြန်မာနိုင်ငံ၏ လူဦးရေ (၇၀)ရာခိုင်နှုန်းက အားထားနေရသည့် လယ်ယာကဏ္ဍတိုးတက်ရေးအတွက် အစိုးရသစ်၏ စီးပွားရေးမူဝါဒတွင် ထည့်သွင်းထားကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးသည် ကမ္ဘာတွင် အရေးကြီးသည့်ကဏ္ဍတခု ဖြစ်သည့်အတွက် လယ်ယာကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုအရေးကြီးလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောသည်။

ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ မြင့်မားလာရေးအတွက် နိုင်ငံ၏ ပထဝီနိုင်ငံရေး အချက်အခြာကျမှုကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ အထူးအရေးကြီးကြောင်း ပြောသည်။

တတိယအချက်အနေဖြင့်မူ “ကုန်သွယ်မှုအခြေအနေကောင်းမွန်ဖို့ ကုန်သွယ်မှုမူဘောင်နဲ့ အင်စတီကျူးရှင်းတွေ၊ အခြေခံအဆောက်အဦနဲ့ ကုန်သွယ်ရေးကော်ရစ်တာကြီးတွေ၊ ကုန်စည်ဆိုင်ရာ အရည်အသွေးနဲ့ စံချိန်စံညွှန်း သတ်မှတ်မှုတွေ၊ မလိုအပ်တဲ့ အပိုကုန်ကျမှုတွေကို အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်မယ့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေ အထူးပဲ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကလည်း “မိမိတို့ရဲ့ ပို့ကုန်သွင်းကုန်ဥပဒေများဟာ နိုင်ငံတကာကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများ ကိုက်ညီမှုနှင့် မျက်မှောက်ခေတ် တိုးတက်လာတဲ့ ကုန်သွယ်မှုပုံစံများအတွက် အားနည်းချက်ရှိနေတဲ့အပြင် ဝန်ကြီးဌာနအတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းများကို ခြုံငုံမှုမရှိသည့်အတွက် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာဥပဒေ ရေးဆွဲရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

No comments: