Tuesday, November 15, 2016

ဖားကန့်တွင် ရေမဆေးကျောက်ရှာသူ ၁ ဦး သေနတ်ပစ်ခံရ

ဇော်မိုးထက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းကလေးကျေးရွာမှာ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်က ရေမဆေးကျောက်ရှာသူ ကချင်လူငယ်တဦး သေနတ်ပစ်ခံခဲ့ရလို့ ခြေထောက်မှာ ဒဏ်ရာရသွားပါတယ်။

စိမ်းအောင်ကျော် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်မှာ ရေမဆေးရှာသူတဦးနဲ့ ကုမ္ပဏီဝန်ထမ်း စကားများကြပြီး ကျောက်ရှာသူတွေကို ထွက်ခွာခိုင်းပြီးနောက် စစ်သားက သေနတ်နဲ့ပစ်ခဲ့တာလို့ သေနတ်နဲ့ အပစ်ခံရသူ ဆမ်အွမ်နော်က ပြောပါတယ်။

“သူတို့ကုမ္ပဏီက အမြဲဝင်ခိုင်းနေကျ ဒီကနေ့မနက်ကျတော့ သူတို့နဲ့ တခြားရေမဆေးသမားတယောက်နဲ့ နည်းနည်းစကားများတယ်။ သူတို့ကမကျေနပ်လို့ အရှေ့ကစစ်သားနဲ့ သေနတ်နဲ့ပစ်ပြီးမှ မောင်းထုတ်တယ်။ အဲတော့ ကျနော်က ထွက်ပြေးတယ်။ ထွက်ပြေးတော့ ခြေထောက်က ရွှံ့မှာနည်းနည်းနစ်နေလို့ နောက်ကျနေတာ။ အဲဒါကို သူတို့ ရမ်းပစ်လိုက်တယ်။”

ကျည်ဆံဟာ သူ့ရဲ့ ဘယ်ဘက်ပေါင်ကနေ ဖောက်ထွက်သွားကြောင်း၊ ဆရာဝန်တွေ ဓာတ်မှန်ရိုက်ကြည့်ရာမှာ အရိုးနဲ့ အကြောကြီးတွေကို မထိတဲ့အတွက် အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကလည်း ဆမ်အွမ်နော်ကို ဆေးရုံမှာ သွားရောက်အားပေးခဲ့ပြီး သေနတ်နဲ့ပစ်ခတ်မှုကို ရှုတ်ချသလို ဒီဖြစ်ရပ်ပေါ် တာဝန်ယူဖို့ ကုမ္ပဏီကို သွားပြောမယ်လို့ ဖောင်ဒေးရှင်းက တာဝန်ရှိသူ ဒေါ်ကိုင်ရိန်က ပြောပါတယ်။

“စစ်သားဆိုတာ နိုင်ငံတော်ကိုကာကွယ်ဖို့၊ ပြည်သူကိုကာကွယ်ဖို့လို့ ကျမတို့ နားလည်ထားတယ်။ အခု ဒီလူငယ်လေးဟာ ပြည်သူတယောက်ပဲ။ ဒါပေမယ့် ပြည်သူကို မကာကွယ်ဘဲ ဘာကြောင့် စီးပွားရေးရှင်တွေအတွက်ပဲ ရပ်တည်သလဲဆိုတာ ကျမတို့ နားမလည်ဘူး၊ ပြည်သူတွေကို ရန်သူသဖွယ်ဆက်ဆံတယ်၊ ဒါ ပြည်သူတွေကို သက်သက် လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်လို့မြင်တယ်။ အဲတော့ ဒီကလေးနဲ့ပတ်သက်ပြီးတော့ မတရားတာကို ခံနေရတယ်လို့ ခံယူတယ်။ အဲဒါကြောင့် ကျမတို့ ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအနေနဲ့ ဒီအစိမ်းရောင်ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ စကားပြောရလိမ့်မယ်၊ စကားပြောရမယ်လို့ ဆုံးဖြတ်ထားပါတယ်။”

သက်ဆိုင်ရာကုမ္ပဏီနဲ့ စစ်တပ်ကတော့ ဒဏ်ရာရသူ ဆမ်အွမ်နော်ကို တာဝန်ယူလာရောက်ကြည့်ရှုတာ မရှိသလို ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောကြားတာလည်း မရှိသေးပါဘူး။

No comments: