Friday, November 11, 2016

ဆူဇူကီးဖလား လုံခြုံရေးတင်းကျပ်မည်၊ ကွင်းအတွင်း စီစီတီဗွီကင်မရာ ၅၀ တပ်ဆင်

လွှမ်းမိုးအောင်

ဆူဇူကီးဖလားပြိုင်ပွဲမှာ လုံခြုံရေးတင်းကျပ်မှာဖြစ်ပြီး ကွင်းအတွင်းမှာလည်း စီစီတီဗွီ ကင်မရာအလုံး ၅၀ တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအိုက ပြောပါတယ်။

လုံခြုံရေးအင်အား ၂၅၀၀ ခန့်အသုံးပြုမှာ ဖြစ်ပြီး ဆူဇူကီးဖလားမှာ ပရိသတ် ဆိုးသွမ်းမှုတွေ ထပ်ဖြစ်ခဲ့ရင် နိုင်ငံတကာပွဲတွေ လက်ခံကျင်းပခွင့်ရတော့ မဟုတ်တော့ဘူးလို့ သိရပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲမှာ ကွင်းအတွင်းအရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာ၊ ခုံတွေချိုးတာတွေနဲ့ မလိုလားအပ်တဲ့ အပြုအမှုတွေလုပ်တဲ့ ပရိသတ်တွေကို ရဲတပ်ဖွဲ့က ချက်ချင်းအရေးယူဖမ်းဆီးမှာ ဖြစ်ပြီး နောက်ထပ် ကျင်းပမယ့်ပွဲတွေမှာလည်း ပွဲကြည့်ခွင့် ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ကျင်းပတဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပရိသတ် သောင်းကျန်းမှုတွေ ရှိခဲ့တာကြောင့် အာရှဘောလုံးအဖွဲ့ချုပ်နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွေကနေ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး အိမ်ကွင်း ကျင်းပခွင့်တွေ ပိတ်ပင်ခံခဲ့ရပါတယ်။

ဒါ့အပြင် နှစ်နှစ်အတွင်း ပရိသတ် သောင်းကျန်းတဲ့ ဖြစ်ရပ်တွေ ထပ်ဖြစ်မယ်ဆိုရင် အခုထက်ပိုတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူမှာဖြစ်တယ်လို့ သတိပေးခံထားရပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွေကို လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ဈေးနူန်းတွေအဖြစ် အထူးတန်း ၅ ထောင်ကျပ်၊ ရိုးရိုးတန်း ၃ ထောင်ကျပ်အဖြစ် သတ်မှတ်ထားပြီး ညနေ ၃ နာရီ ပွဲနဲ့ ၆ နာရီပွဲ နှစ်ပွဲ ကြည့်ရှုခွင့်ရမှာပါ။

လက်မှတ်တွေကို နိုဝင်ဘာ ၁၇ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနဲ့ ပဒုမ္မာကွင်းတွေမှာ ဝယ်ယူနိုင်မှာပါ။ လက်မှတ်ဝယ်ယူရာမှာ မှတ်ပုံတင် တခုလျှင် လက်မှတ်နှစ်စောင်သာ ဝယ်ယူခွင့် ရမှာပါ။ ပရိသတ်တွေအတွက် ဘတ်စ်ကားများလည်း စီစဉ်ပေးမယ်လို့ သိရပါတယ်။

No comments: