Thursday, November 24, 2016

အထူးစီးပွားရေးဇုန်များကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို ကာကွယ်နိုင်ရန် ဒေသခံလူထု၏ ပူးပေါင်းပါဝင်ဆုံးဖြတ်ခွင့်အား အာမခံချက်ပေးသင့်ကြောင်း တောင်းဆို

မဇ္ဈိမ

မြန်မာနိုင်ငံအနေဖြင့် အထူးစီးပွားရေးဇုန်များကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို ကာကွယ် လျှော့ချနိုင်ရန် ဒေသခံလူထု၏ ပူးပေါင်းပါဝင်ဆုံးဖြတ်ပိုင်ခွင့်အား အာမခံချက်ပေးသင့်ကြောင်း နိုဝင်ဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များ စောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုလိုက်သည်။

အထူးစီးပွားရေးဇုန်များ၏ စီမံကိန်းအဆင့်တိုင်းတွင် ဒေသခံများမှ ပူးပေါင်းပါဝင်ဆုံးဖြတ်ခွင့်ရရန် အစိုးရသို့ တောင်းဆိုခြင်း ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်၍ မှတ်ချက်ချအပြီး ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ အကြီးစားစီမံကိန်းကြီးများသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (UN Sustainable Development Goals) ရရှိရေးအတွက် လိုအပ်ကြောင်း၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေကြောင်း၊ နိုင်ငံတကာယုံကြည်မှု ရရှိစေကြောင်းနှင့် မြန်မာနိုင်ငံအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၊ အထူးစီးပွားရေးဇုန်များ စောင့်ကြည့်ရေးအဖွဲ့က အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်တွင် မြေယာသိမ်းဆည်းမှုများ၊ ဒေသခံအများအပြား ရွှေ့ပြောင်းရမှုများ၊ လျော်ကြေးပြဿနာများ၊ အသက်မွေးဝမ်းကြောင်းဆုံးရှုံးရမှုများ၊ ကျန်းမာရေး ပြဿနာများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ စသည့် ဒေသတွင်းရင်ဆိုင်နေရသောအခက်အခဲများကို ထည့်သွင်းပြောကြားခြင်းမရှိဟု ပြောဆိုသည်။

အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် သီလဝါလူမှုဘဝဖွံဖြိုးတိုးတက်ရေးအဖွဲ့ မှ ဦးမြလှိုင်က “ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများရဲ့ယုံကြည်မှုရအောင် ဆောင်ရွက်ဖို့လိုတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာတွေ့တယ်။ ဒါက အရေးကြီးတယ်လေ။ တပြိုင်နက်တည်း ဒေသခံတွေရဲ့ ယုံကြည်မှုရအောင် ဆောင်ရွက်ဖို့လည်း မမေ့သင့်ဘူး။ ဒေသခံတွေနဲ့ ၄င်းတို့ ပိုင်ဆိုင်သောမြေယာများအတွက် ရသင့်သောရပိုင်ခွင့်များကိုလည်း အလေးထားဖို့ လိုပါတယ် ” ဟု ပြောဆိုသည် ။

အဆိုပါကိစ္စရပ်အား ဥပမာအနေဖြင့် သီလ၀ါအထူးစီးပွားရေးဇုန်ပြန်လည်နေရာချထားရေးတွေ အစားထိုးမြေပေးအပ်ခြင်း မရှိသေးဘဲ လယ်မြေမှ ဖယ်ရှားပေးလိုက်ရသော လယ်သမားများ၏ စားဝတ်နေရေးအတွက် အစီအစဉ်များ၊ ဒေသခံများအတွက် ရေရှည်စားဝတ်နေရေးအစီအစဉ်များအား မတွေ့ရှိရသောကြောင့် ဟု ယင်းစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

အထူးသဖြင့် စီးပွားရေးဇုန်များသည် ဒေသခံ လယ်သမားနှင့် ငါးဖမ်းသမားများအပေါ်တွင် လိုအပ်သော ထောက်ပံ့မှုများ ရရှိရန်အတွက် ဖြစ်သည်။

ယနေ့ထုတ်ပြန်တောင်းဆိုချက်တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ခွင့်ကို အာမခံချက်ပေးရန်၊ အဓိပ္ပါယ်ရှိသော ပတ်ဝန်းကျင်နှင့် လူမှု အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းများ ဆောင်ရွက်ရန်၊ ဆုံးရှုံးသွားသောမြေယာအတွက် သင့်တင့်မျှတသောလျော်ကြေးပေးရန်နှင့် ရေရှည်တည်တံ့သောအခြားအသက်မွေးဝမ်းကြောင်းမှုကို ဖန်တီးပေးရန်စသည့် အချက်များ ပါဝင်သည်။

“ စီးပွားရေးဖွံဖြိုးတိုးတက်ရန် အရေးကြီးတာကို နားလည်ပါတယ်။ အထူးစီးပွားရေးဇုန်တွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတာလည်း လက်ခံပါတယ်။ ဒါပေမယ့် စီးပွားရေးဖွံ့ဖြိုးမှု တစ်ခုတည်းကို ကြည့်လို့မရသလို ဒီဖွံ့ဖြိုးရေးရဲ့ အသီးအပွင့်ကို လူထုတစ်ရပ်လုံး ပါဝင်ခံစားခွင့်ရနိုင်ဖို့ လိုပါတယ်။ လူနည်းစုလက်တစ်ဆုပ်စာက ထိန်းချုပ်ထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းမျိုး မဖြစ်သင့်ပါဘူး ” ဟု ထားဝယ်ဖွံဖြိုးရေးအဖွဲ့မှ ကိုအောင်ဖြိုးဝင်းက ဆိုသည်။

No comments: