Wednesday, November 16, 2016

အကျိုးစီးပွားကြောင့် NCA လက်မှတ်မထိုးခြင်းမဟုတ် ခိုင်မာသည့် အပစ်ရပ်ရေးဖြစ်စဉ် အတွက် ရည်ရွယ်ဟု UNFC တပ်ပေါင်းစုဆို

စိုင်းအောင်ဆိုင်း


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်တွင် UNFC တပ်ဖွဲ့ဝင်များအနေဖြင့် လက်မှတ်မထိုးသေးခြင်းမှာ အကျိုးစီးပွားကြောင့်မဟုတ်ဟု UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောဆိုလိုက်ပါသည် ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု၏ Delegation for Political Negotiation နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တို့သည် ရန်ကုန်မြို့ တွင် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းကဆွေး နွေးခဲ့ကြသည် ။

NCA အပစ်ရပ်လက်မှတ်ထိုးရေးအတွက် UNFC မှ အဆိုပြုထားသည့် အချက် ၈ ချက်နှင့် ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

‘တကယ်ဆွေးနွေးကြမယ်ဆိုရင် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ ဘက်ကလည်း ဆုံးဖြတ် ထားပြီးဖြစ်တယ်။ သို့သော် ကျနော်တို့ အနေနဲ့ NCA ကို လက်မှတ်ရေးထိုးရမယ်ဆိုရင် ခိုင်မာတဲ့ သဘော တူညီချက်တွေဖြစ်ဖို့ နည်းလမ်းရှာရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ၈ ချက်ကို တင်ပြထားတာဖြစ်တယ်။ ” ဟု ခူးဦးရယ်က ပြောသည် ။

UNFC မှ တင်ပြထားသည့် အချက် ၈ ချက်တွင် နှစ်ဘက်ပူးတွဲဖွဲ့စည်းမည့် အပစ်ခတ်ရပ်စဲရေး လေ့လာ စောင့်ကြည့်မှုကော်မတီတွင်နိုင်ငံတကာမှကိုယ်စားလှယ်များ ပါဝင်ရေး ၊ နိုင်ငံရေးမူဘောင်အား ပြင်ဆင်ရန် ၊ ၂၁ ရာစု ပင်လုံ မှ ထွက်ပေါ်လာသည့်ရလာဒ်များအပေါ်မူတည်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် အခြေခံ ဥပဒေကိုရေးဆွဲပြဌာန်းရန် ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ၊ အပစ်ရပ်ဒေသအတွင်းဒေသခံ ပြည် သူများအပေါ် အကျိုး သက်ရောက်မှုကြီးစေသည့် စီမံကိန်းများ ဖော်ဆောင်ရန်ရှိပါက သဘာဝ သယံဇာတ များနှင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ EITI လုပ်ထုံး လုပ်နည်းများအတိုင်း ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သဘောတူညီချက် ယူ ရန်၊ နိုင်ငံတကာ လူသားချင်းစာနာမှု အကူညီများကို အစိုးရနှင့် တိုင်းရင်း သားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှ ညှိနှိုင်းဆောင်ရွက်ရန် စသည့်အချက်များမှ အဓိက အနေဖြင့် ပါဝင်နေသည် ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို သူမ၏ အစိုးရသက်တမ်းအတွင်း အချိန် အကန့်အသတ်ဖြင့် ပြီးမြောက်စေရန် အားသွန်ခွန်စိုက် လုပ်ဆောင်နေပြီးယင်းသို့ လုပ်ဆောင်မှုကို တိုင်းရင်းသားများအနေဖြင့် နားလည်ကြောင်း သို့သော် နှစ်ဘက်ကျေလည်ရန် အရေးကြီးသည့်အတွက် ဖိအားမေ ပးရန်လိုကြောင်းခူးဦးရယ်က ပြောသည် ။

‘နိုင်ငံတကာ အတွေ့အကြုံအရ ပြောရမယ်ဆိုရရင်တော့ သဘော တူညီချက် ရဖို့ဆိုတာအရမ်း ကိုခက်ခဲတယ်။ ခက်ခဲတဲ့အတွက် သဘောတူညီမှု ရဖို့အတွက် ငြင်းခုံကြတာကလည်း ရှိစမြဲပဲ။ တဘက်နဲ့ တဘက် ဖိအား မပေးဖို့အရေးကြီးတယ်။ တဘက်နဲ့ တဘက်ဆွေးနွေးကြတဲ့ နေရာမှာ တစ်ဘက်က နားလည်တဲ့ အရာကို နောက်တဘက်က နားလည်မှုမှာ ထပ်တူကြဖို့လည်း အရေးကြီးပါတယ်။ ‘ ဟု မကြာသေးခင်ကပင် တောင် အာဖရိကသို့သွားရောက်ကာ တောင်အာဖရိက ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုသွားရောက်လေ့လာခဲ့သူခူးဦးရယ်က ပြောသည် ။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ NCA အပစ်ရပ်လက်မှတ်ရေး ထိုးနိုင်ရေးဆွေးနွေးမှုကို နေ့လည် ၁၂ နာရီကျော်တွင်ရပ်နား ခဲ့ပြီး ရှေ့ဆက်ဆွေးနွေးရန် သဘောတူခဲ့သည်ဟု သိရသည် ။

NCA စာချုပ်တွင် KNU ၊ RCSS /SSA တို့ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုး ထားပြီး သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA ၊ KIA အပါဝင် အဖွဲ့ ၁၃ ဖွဲ့မှာ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ ။

No comments: