Monday, November 14, 2016

ညောင်ရွှေဟော်နန်း ညဈေးကိစ္စ ကန့်ကွက်သည့် အမတ် ၆၂ ဦးအနက် NLD အမတ် ၂ ဦးပါဝင်

စိုင်းအောင်ဆိုင်း


သျှမ်းပြည်လူထုမှ ဆန့်ကျင်ကန့်ကွက်နေသော သမိုင်းဝင်ညောင်ရွှေဟော်နန်း အတွင်း ညဈေးတန်းဖွင့်မည့်ကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆၂ ဦးမှ လည်း စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်ရာ NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦးသာ ပါဝင်သည်ဟုသိရသည် ။

သျှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ စုပေါင်း ကန့်ကွက်မှုတွင် ကျားခေါင်းပါတီ SNLD မှ ကိုယ်စားလှယ် အများဆုံးပါဝင်ပြီး၊ တအာင်းပလောင်အမျိုးသားပါတီ၊ ပြည်ခိုင်ဖြိုးနှင့် PNO ပအိုဝ်း ပါတီမှ ကိုယ်စားလှယ်များလည်း ပါဝင်ပါသည် ။

‘ညောင်ရေ စော်ဘွားကြီးရဲ့မြေးတော်နဲ့တွေ့ပါတယ်။ဝန်ကြီးပြောတာရယ် မီဒီယာမှာပါတယ်ရယ် တွေ့တယ်။ ညဈေးဖွင့်ဖို့မသင့်ဘူးဆိုပြီး သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်ကို ဒီလိုလုပ်ရင် ပျောက်ပျက် သွားမှာစိုးလို့ အခုလို စီစဉ်လိုက်တာဖြစ်တယ်။သျှမ်းပြည်နယ်လွှတ်တော်အားလုံး ရယ်မဟုတ်ဘူး။လက်လှမ်းမီသလောက်ပေါ့။ ‘ SNLD ပါတီ၏ သိန္နီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီကပြောသည် ။

ညောင်ရွှေဟော်နန်းအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ညဈေးဖွင့်ရန် NLD အစိုးရ၏ ဟိုတယ် ခရီးဝန်ကြီး ဦးအုန်းမောင်က စီစဉ်နေခြင်းဖြစ် သည် ဟု စော်ဘွားကြီး၏ သမီးတော် စဝ်ဟေမာသိုက်က ပြောသည် ။

သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူထားသည့် လွှတ်တော် ကိုယ် စားလှယ် များ၏ ကန့်ကွက်စာ တွင် ညောင်ရွှေမြို့ ပြည်ထောင်စု မြန်မာနိုင်ငံ ၏ပထမ ဦးဆုံးသော သမ္မတ စော်ဘွားကြီး စဝ်ရွှေသိုက် ၏ ဟော်နန်း သည် သျှမ်းပြည် နယ်အတွင်းရှိ သျှမ်းတိုင်းရင်းသားများ၏ တန်ဖိုးထားရာသမိုင်းဝင် ယဉ် ကျေးမှုအမွေအနှစ် ပြယုဂ်တစ်ခုဖြစ်ကြောင်း ဆိုထားသည် ။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညွှန်ကြား မှုဖြင့် ညောင်ရွှေ ဟော်နန်း ကို ပြင်သစ်ပညာရှင် များ ပြုပြင်ကာဟော် ၀င်း အတွင်း ညဈေးနှင့် ဈေးဆိုင်တန်းများ ဖွင့်လှစ်ရောင်းချမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်ပြတိုက် ပရဝုဏ်တို့ တွင် ဈေးဆိုင်များ၊ ညဈေးတန်းများဖွင့်သည်ကို မတွေ့ရကြောင်း ဖော်ပြထားသည် ။

အခြားနေရာတွင် ညဈေးတန်းဖွင့်လှစ်ခြင်းမတွေ့ရပါဘဲ သျှမ်းစော်ဘွားများ၏ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာနိုင်ငံ ပထမ ဆုံးသမ္မတကြီး၏ဟော်နန်းဖြစ်သည့် ညောင်ရွှေ ဟော်နန်းယဉ်ကျေးမှု အမွေ အနှစ်များ ပျက်စီးပျောက်ကွယ်မသွားစေလိုသည့်အတွက် ညောင်ရွှေဟော် ၀င်းအတွင်း ညဈေးတန်းနှင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း အစီ အစဉ်ကိုသျှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များမှ ကန့်ကွက်ကြောင်းဖော်ပြထားသည် ။

ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်မှာ မြန်မာနိုင်ငံ သမ္မတ ၊ လူမျိုးစုလွှတ်တော် ဥက္ကဌ ဖြစ်ခဲ့သည့်အပြင် သမိုင်းဝင် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပြီး တောင်တန်း – ပြည်မပူးပေါင်း၍ လွတ်လပ်ရေးရယူမှုတွင်လည်း အဓိကကျသည့် အခန်းကဏ္ဍ မှပါဝင်ခဲ့သူဖြစ်သည် ။

စော်ဘွားမှာ ပါလီမန်အစိုးရလက်ထက်တွင် ရာထူးများရယူနိုင်ခဲ့သော် လည်းမိမိ၏ မူရင်းတာဝန်ကို မမေ့လျော့ပဲ ပင်လုံကတိကဝတ်များ ချိုးဖျက်ခံရမှုအပေါ်အကောင်ထည်ဖော်နိုင်ရေး ၊ တိုင်းရင်းသာတန်းတူ အခွင့်အရေးတို့အတွက်ကြိုးပမ်းမှုများကြောင့် ၁၉၆၂ ခုနစ် ဦးနေဝင်း အာဏာသိမ်းချိန်တွင်ဖမ်းဆီး ထောင်ချ ခံခဲ့ရသည် ။

ယင်းနောက်ပိုင်းတွင် ထောင်ထဲတွင်ပင် နတ်ရွာစံ ကွယ်လွန်ခဲ့ပြီး အာဏာ သိမ်း ချိန်မှစ၍ ဟော်နန်းမှာလည်း အာဏာသိမ်း အစိုးရ၏သိမ်းပိုက်ခြင်းကို ခံခဲ့ရသည် ။

ညောင်ရွှေဟော်နန်းအား ညဈေးမဖွင့်လှစ်ရေးအတွက် ကန့်ကွက်သူများ တွင်စော်ဘွား၏ သမီးဖြစ် သူလည်း ပါဝင်နေပြီး ၄င်းမှာ ဟော် နန်းကြီး ပြန်လည် ဆက်ခံခွင့်အတွက် ၂၀၁၃ ခုနစ်ကပင် အစိုးရထံ တင်ပြ ထားခဲ့သည် ။

ညောင်ရွှေဟော်နန်း ညဈေးကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်မှုများရှိနေသော်လည်း NLD အစိုးရ အနေဖြင့် ဟော်နန်းထဲ ဈေးဆောက်လုပ်မှု အစီအစဉ် ဖျက်သိမ်းကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ကြေငြာနိုင်ခြင်း မရှိသေးပေ ။

No comments: