Monday, January 2, 2017

ပစ်ရင်းခတ်ရင်း ငြိမ်းချမ်းရေးမရနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

DVB


ပစ်ရင်းခတ်ရင်းနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲမှပဲ ငြိမ်းချမ်းရေးရနိုင်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ လူငယ် ၁၈ ယောက်နဲ့ ငြိမ်းချမ်းရေးစကားဝိုင်း မစတင်ခင် အဖွင့်အမှာစကားပြောရင်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒုတိယပင်လုံညီလာခံကြီး ကျင်းပဖို့အတွက်ဆိုတာဟာ ခြေလှမ်းတွေ အများကြီးလှမ်းဖို့ လိုပါတယ်။ ခြေလှမ်းအများကြီးလှမ်းဖို့ လိုတဲ့အထဲမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စပါပဲ။ အပစ်အခတ်ရပ်စဲပြီးမှ တကယ့်ငြိမ်းချမ်းရေးကို ကျမတို့ ရနိုင်မှာပါ။ ပစ်ရင်းခတ်ရင်းနဲ့ ငြိမ်းချမ်းရေးရတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ တကယ့်ငြိမ်းချမ်းရေးဆိုတာဟာ ဆွေးနွေးခြင်းစကားဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးခြင်းနဲ့သာ ရနိုင်မှာပါ။”

ငြိမ်းချမ်းရေးစကားဝိုင်းကို တိုင်းရင်းသားလူငယ်တွေ တက်ရောက်ခဲ့ပေမယ့် ကချင်၊ ကယားနဲ့ ချင်း ကိုယ်စားပြု လူငယ်တွေတော့ ပါဝင်တာ မတွေ့ရပါဘူး။

ရှမ်းပြည်နယ်က တက်ရောက်သူ အမျိုးသမီး လူငယ်တဦးက တပ်မတော်က လေယာဉ်သုံးပြီး တိုက်ခိုက်ခဲ့မှုအပေါ် မေးခွန်းထုတ်ခဲ့သလို ရခိုင်လူငယ်တဦးကလည်း သူတို့ကို လူမျိုးရေး အစွန်းရောက်သူတွေလို့ စွပ်စွဲပြောဆိုမှုအပေါ် ဆွေးနွေးပြောဆိုခဲ့တာလည်း ကြားရပါတယ်။

တခါ စစ်ပွဲကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေမှာ တိုင်းရင်းသားဝတ်စုံတွေဝတ်ပြီး ဆန္ဒပြခဲ့တာကို အစိုးရအနေနဲ့ တားမြစ်ပေးဖို့ တောင်းဆိုခဲ့သူရှိသလို ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပတ်သက်လို့လည်း အကျေအလည် ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံ့ခေါင်းဆောင်တဦးနဲ့ တိုင်းရင်းသားလူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် ဖြစ်သလို နောင်မှာလည်း အလားတူဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

No comments: