Sunday, January 22, 2017

ရန်ကုန်မြို့တွင်း ဘူတာ ၆ ခုကို အဆင့်မြှင့်တင်ခြင်း မတ်လအတွင်း အပြီးသတ်လုပ်ဆောင်မည်

စိုးသူရ၊ ဒေါင်းလူ

ရန်ကုန်မြို့တွင်းရထားစီးခရီးသည်များ အတက်အဆင်း လွယ်ကူနိုင်ရန် ပလက်ဖောင်း မြှင့်တင်ခြင်းနှင့် ရထားသံလမ်းဆက်လဲလှယ်ခြင်းများကို မြန်မာ့မီးရထားမှ ဘူတာ ၆ ခု၌ မတ်လအတွင်း အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်း ရန်ကုန်မြို့တွင်း အများပိုင်သယ်ယူပို့ဆောင်ရေးစနစ် စတင်ပြောင်းလဲပြီးနောက် ရထားစီးခရီးသည်ဦးရေ မြင့်တက်လာသောကြောင့် မြို့ပတ်ရထားများတွင် ခရီးသည်များ အတက်အဆင်း လွယ်ကူနိုင်ရန် ပလက်ဖောင်းများကို မြှင့်တင်သွားမည် ဖြစ်သည်။

“ရထား ပလက်ဖောင်းမြှင့်တာကတော့ လူတွေ အတက်အဆင်းခက်လို့လေ။ တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် ပလက်ဖောင်းပေါ်တက်လိုက်ရင် ရထားပေါ်တန်းရောက်တဲ့ အနေအထားပဲလေ။ ကျွန်တော်တို့နိုင်ငံက အခုမှ တဖြည်းဖြည်းနဲ့ မြှင့်လာရတာ။ ဘူတာ ၆ ခုမှာ မတ်လအတွင်း အပြီးသတ်လုပ်ဆောင်သွားမယ်” ဟု မြန်မာ့မီးရထား(မြို့ပြ) လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်မြင့်က မဇ္ဈိမကို ပြောသည်။

ထိုသို့ ပလက်ဖောင်းများ မြှင့်လိုက်သည့်အပေါ် ခရီးသည်တစ်ချို့က ကြိုက်နှစ်သက်မှုမရှိဘဲ အခက်အခဲရှိကြောင်း ရထားစီးခရီးသည်တစ်ဦးက ပြောသည်။

ကိုသိန်းဇော်ဝင်းက “အခုလို ရထားရပ်လို့ရှိရင် ကူးရတာ ဘောင်က ကျယ်နေတယ်။ အရင်တုန်းကဆို တစ်လှမ်း လှမ်းလိုက်တာနဲ့ ဘောင်ကိုရောက်တယ်။ အခုက နည်းနည်းလေး ခြေထောက်ကို လှမ်းရတာပေါ့။ အဲ့ဒါလေး အခက်အခဲပေါ့” ဟု ပြောသည်။

ယင်းသို့ လုပ်ဆောင်မှုကြောင့် အခက်အခဲကြုံရသူရှိသလို ယခင်ထက်စာလျှင် ပိုအန္တရာယ်ကင်းပြီး အတက်အဆင်း အဆင်ပြေလာနိုင်ကြောင်း ရထားစီးနင်းသူ ကိုအောင်ထွန်းက ပြောသည်။

မြို့ပတ်မီးရထားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖြစ်သော ပလက်ဖောင်းတိုးမြှင့်ခြင်းလုပ်ငန်းများကို ပြည်လမ်းဘူတာ၊ လမ်းမတော်ဘူတာ၊ရှမ်းလမ်းဘူတာ ၊အလုံဘူတာနှင့် ဟံသာဝတီဘူတာများတွင် မတ်လအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ပလက်ဖောင်းမြှင့်ခြင်းနှင့်အတူ ရထားသံလမ်းဆက်များခြင်း နည်းဆောင် ဆောင်ရွက်သွားမည်ဟု ထပ်မံသိရသည်။ရထားသံလမ်းအဆက်များခြင်းကြောင့် ခရီးသည်များ သက်တောင့်သက်သာ စီးနင်းနိုင်ခြင်း မရှိသည်အတွက် သံလမ်းဆက်များ နည်းအောင် မြန်မာ့မီးရထားမှ ဆောင်ရွက်သွားမည်ဖြစ်သည်။

“ရထားလမ်းတွေ သံလမ်း လဲနေတယ်ဆိုကတော့ တစ်မိုင်မှာ သံလမ်းအဆက်က (၁၃၆)ဆက် ရှိတယ်။ ရထားလမ်း ခုန်တယ်၊ ခါတယ်၊ လူးတယ်ဆိုတာ အဲဒီအဆက်တွေရဲ့ အားနည်းချက်ကြောင့်ပေါ့။ အခု အဲဒီလိုအဆက်တွေ အားလုံးနည်းသွားအောင် ဆောင်ရွက်နေတယ်”ဟု မြန်မာ့မီးရထား(မြို့ပြ)လက်ထောက် အထွေထွေမန်နေဂျာ ဦးတင်မြင့်က ပြောသည်။

ရန်ကုန်မြို့တွင်း မြို့ပတ်ရထားစီးနင်းသူအရေအတွက်မှာ တစ်နေ့လျှင် ခရီးသည် ၇ သောင်းမှ ၉သောင်းကျော်ခန့်ရှိကြောင်း မြန်မာ့မီးရထား၏ အချက်အလက်များအရ သိရသည်။

No comments: