Friday, January 27, 2017

မန္တလေးမြို့တော်စည်ပင်က ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများကို စတင်ရှင်းလင်းဖယ်ရှား

အောင်ကိုဦး

မန္တလေးမြို့၊ ကမ်းနားလမ်းတစ်လျှောက် ၅ မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများကို ဇန်နဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထား အပြီးဖယ်ရှားသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှူး ဦးဝင်းမောင်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ နို့တစ်ပေးပြီးသားပါ။ ကမ်းနားတစ်လျှောက် ၅ မြို့နယ်မှာ ကျူးကျော်နေတဲ့သူတွေကို တစ်ချိန်တည်း ရှင်းနေပါတယ်"ဟု ဦးဝင်းမောင်က ပြောသည်။

ကမ်းနားလမ်းတစ်လျှောက်ရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ အမရပူရမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန်အတွက် ဇန်နဝါရီလ ၂၄ ရက်မှစတင်၍ အကြောင်းကြားစာများ ပေးဝေးထားပြီးဖြစ်ကာ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါနေရာမှကျူးကျော်နေထိုင်သူ ၂၄၆ အိမ်ကရှင်းလင်းထားပြီး ၂၇ ရက်နေ့အပြီး ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

ဖယ်ရှားခံရသူ ဦးရှု့မောင်က "ဖျက်ပေးတာတော့ ဖျက်ပေးပြီးပြီ။ ဘယ်မှာသွားနေရမယ် မသိဘူး။ ပေးတဲ့ရက်ကနည်းတော့ နေဖို့ခက်နေတယ်"ဟု ပြောသည်။

ဖယ်ရှားခံထားရသူ နောက်တစ်ဦးဖြစ်သည့် ကိုအေးကိုကလည်း "လမ်းနဲ့လည်း လွတ်တယ်။ တဲသေးသေးလေးထိုးပြီး နေစရာမရှိလို့နေတာပါ။ အခုလို ချက်ချင်းကြီး ဖယ်ခိုင်းတော့ ကလေးတွေနဲ့ ဒုက္ခရောက်တာပေါ့"ဟု ပြောသည်။

အဆိုပါနေရာတွင် ရှစ်နှစ်ခန့်နေထိုင်လာသူ ဒေါ်တိုးတိုးက "ဖယ်ခိုင်းလိုက်တော့ ငိုချင်တယ်။ စုပြီးဆောင်းပြီးသားလည်း မရှိဘူး။ သင့်တော်တဲ့နေရာလေး ဆက်နေခွင့်ပေးရင်တော့ ကောင်းတယ်"ဟု ပြောသည်။

အဆိုပါကမ်းနားလမ်းတစ်လျှောက်နေထိုင်သူများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၆ခုနှစ်က အငှားအိမ်ရာများ တည်ဆောက်ပြီး ရှင်းလင်းခဲ့သော်လည်း ဆက်လက်နေထိုင်သူများရှိနေခြင်းကြောင့် ယခုလိုကျူးကျော်နေထိုင်သူများကို ရှင်းလင်းခြင်းဖြစ်သည်ဟု အခွန်ဌာနမှူး ဦးဝင်းမောင်က ဆိုသည်။

No comments: