Friday, January 27, 2017

ရေယာဉ် ၂ စင်း တိုက်မှုကြောင့် ပြေးဆွဲခွင့် ၆ လ ပိတ်ထား၍ ရေယာဉ် ၂ သင်းလုံးမှ မိသားစုဝင်များ စားဝတ်နေရေး အခက်တွေ့

မာန်ဇာမြေမွန်

ရေယာဉ်၂ စင်းတိုက်မိရာမှ အစီးရေ ၉၀ ခန့်ရှိသော ရေယာဉ် ၂ သင်းလုံး ပြေးဆွဲခွင့် ပိတ်ခံထားရသဖြင့် သက်ဆိုင်ရာမိသားစုဝင်များမှာ စားဝတ်နေရေး အခက်ခဲဖြစ်ပေါ်နေသည်ဟု မဇ္ဈိမသို့ ပြောသည်။

ဇန်နဝါရီ ၁၁ ရက်က ရေယာဉ်ပြေးဆွဲခွင့် ၆ လ ပိတ်ခံထားရပြီး အောင်စိုးမိုးကုန်တင် ရေယာဉ်အသင်းနှင့် ရွှေပြည်ကမ္ဘာ ခရီးသည်တင်ရေယာဉ်အသင်းတို့မှ မိသားစုဝင်များ ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်သင်းမှာ ရေယာဉ်အစီးရေ ၉၀ လောက်ရှိတယ်။ ရေယာဉ်ပိုင်ရှင်တွေ၊ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေ စုစုပေါင်း ၁၀၀၀ လောက်မှာ စားဝတ်နေရေးခက်ခဲလာတယ် " ဟု အောင်စိုးမိုးကုန်တင်ရေယာဉ်အသင်း ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောသည်။

အဆိုပါရေယာဉ်များမှ ရေယာဉ်ပိုင်ရှင်များမှာ ရေလုပ်ငန်းအား သမာရိုးကျ လုပ်ကိုင်သူများဖြစ်ပြီး အခြားစီးပွားရေး လုပ်ငန်းမရှိကြောင်း၊ အလုပ်သမားများမှာလည်း အခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြခြင်းမရှိကြောင်း ၄င်းကဆက်လက်ပြောပြသည်။

အောင်စိုးမိုးကုန်တင်ရေယာဉ်အသင်းမှ ရေယာဉ် ၇၃ စီးနှင့် ရွှေပြည်ကမ္ဘာခရီးသယ် တင်ရေယာဉ်အသင်းမှ ရေယာဉ်ပေါင်း ၁၇ စီးရှိကြပြီး ၄င်းယာဉ်များအားလုံးမှာ ပြေးဆွဲခွင့် ရပ်နားထားရခြင်းဖြစ်သည်။

အဆိုပါရေယာဉ်နှစ်သင်းမှ ရေယာဉ်နှစ်စီးသည် ဇန်နဝါရီ ၅ ရက် ည ၈ နာရီခန့်က မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာအနီး တွင် သောင်ခုံအား ရှောင်ရာမှ တိုက်မိခဲ့ကြသဖြင့် ပြေးဆွဲခွင့် ၆ လ ပိတ်ခံခဲ့ရခြင်းဖြစ်သည်။

No comments: