Thursday, January 26, 2017

ဂုံးကျော်တံတားတွေမှာ လူငယ်တွေရဲ့စိတ်ကူးများ ပုံဖော်နိုင် တိုင်းဝန်ကြီးချုပ် ပြောခဲ့

နေသူရိန်လင်း၊ စိုင်းထွန်းထွန်းနိုင်

ယနေ့ ဖွင့်လှစ်သည့် မြေနီကုန်းဂုံးကျော်တံတားအောက် အနုပညာစီမံကိန်းသည် လူငယ်တွေ၏ အတွေးစိတ်ကူးများပုံဖော်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်၊၊

“ ဒီဂုံးကျော်တံတားတွေကို ဘယ်လိုမွမ်းမံကြလဲဆိုတာ လူငယ်တွေရဲ့အတွေးကို ပုံဖော်ဖို့ ဆောင်ရွက်ခဲ့တာပါ။ ဂုံးကျော်တံတားမှာ ကိုယ့်စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်လို့ရပါတယ်။ လူငယ်တွေဟာ ရန်ကုန်မြို့ကို ဖန်တီးနိုင်တယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်၊၊

မြေနီကုန်းဂုံးကျော်တံတားအသွင်ပြောင်းပုံဖော်ရေးစီမံကိန်းတွင် ဘောလုံးကွင်း၊ ခြင်းလုံးကွင်းများ၊ ဝိုင်းဖွဲ့ကရန်နေရာများ၊ ပန်းခြံများ၊ လျှောက်လမ်းများနှင့် အုတ်ခုံတန်းရှည်များ ထည့်သွင်းကာ တည်ဆောက်ထားခြင်းဖြစ်ပြီး နံရံပန်းချီများဖြင့် အလှဆင်ထားကာ ယင်းစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကျပ် သန်း ၄၀၀၀ ကျော် အကုန်ကျခံတည်ဆောက်ထားခြင်း ဖြစ်သည်။

“ဒီစီမံကိန်းကို စလုပ်ခဲ့တာကတော့ ပြည်သူပိုင်နေရာ ပြန်ချထားရေးစီမံကိန်းပေါ့နော် ။အဓိက ကတော့ ကားတွေ အရမ်းများလာပြီး ပြည်သူပိုင်နေရာတွေ အရမ်းနည်းလာတယ်။ အဲဒါကြောင့် ပြည်သူတွေလမ်းလျှောက်ဖို့ နေရာတွေမရှိတော့ နေရာပြန်ရှာတဲ့ အကြံတစ်ခု ရလာလို့ လုပ်ဖြစ်တယ်။ ဒါကိုပြင်သစ်နိုင်ငံက ဝင်ပါချင်လို့ ပူးပေါင်းပြီးလုပ်ဖြစ်တာပါ” ဟုမြေနီကုန်း ဂုံးကျော်တံတားအသွင်ပြောင်းပုံဖော်ရေးစီမံကိန်း မန်နေဂျာ အဲလက်စ်အောင်ခန့်က ပြောသည်

မြေနီကုန်း ဂုံးကျော်တံတားအောက်ကို အများပိုင်နေရာအဖြစ် ပြည်သူများ လွတ်လွတ်လပ်လပ် သွားလာအပန်းဖြေနိုင်ရန် အဓိကရည်ရွယ်ကာ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ဖြစ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြင်သစ်အစိုးရက အမေရိကန်ဒေါ်လာ တစ်သိန်းတစ်သောင်း လှူဒါန်းခဲ့သည်။ ထို့အပြင် ပြည်တွင်းအလှူရှင်များကလည်း ဒေါ်လာရှစ်သောင်း လှူဒါန်းခဲ့သည်။

၎င်းအနုပညာစီမံကိန်း မပြီးစီးခင်ကတည်းကပင် ပြည်သူများလာရောက် အပန်းဖြေခဲ့ကြပြီး ဘောလုံး၊ ခြင်းလုံးစသည့် အားကစားနည်းများ လာရောက်ကစားခဲ့ကြသည်။

No comments: