Monday, January 2, 2017

ဖားကန့်မြေစာပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၂ ဦးကို တူးဖော်ရှာဖွေ​နေ

ရဲနိုင်(လောက်ကိုင်)

ကချင်ပြည်နယ်၊ ဖားကန့်မြေစာပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ ၂ ဦးကို တူးဖော်ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်​နေကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

ပျောက်ဆုံးနေသူ ၂ ဦးမှာ အသက် ၄၅ နှစ်အရွယ် ဦးမောင်ရွှေနှင့် အသက် ၃၇ နှစ်အရွယ် ဦးချစ်ကိုတို့ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ ဘက်ဟိုး ၃ စီးဖြင့် ၃ ရက်ဆက်တိုက် တူးဖော်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့ခြင်းဖြစ်သည်။

"ရှာဖွေနေတာက ၃ ရက်လောက်ရှိသွားပြီပေါ့နော်။ ၃ ရက်လောက်ကြာပြီ ဆိုတော့လည်း ပြန်တွေ့ဖို့ ခဲယဉ်းနေတဲ့ အနေအထားဖြစ်တာပေါ့။ ကာယကံရှင် မိသားစုတွေ သူတို့ကျေနပ်တဲ့အထိ ရှာပေးမှာပေါ့။ သူတို့ပြ​ပေးတဲ့ နေရာတွေမှာ လိုက်ရှာနေတယ်။ နောက်ထပ် ပျောက်တဲ့သူ ထပ်များစရာလည်း အကြောင်းမရှိတော့ ဘူး။ ဒီနေ့လည်း ထပ်ရှာဦးမယ်။ နောက်ရက်တွေကတော့ မလွယ်လောက်တော့ဘူးဗျ။ ကျွန်တော်တို့ ဖြစ်နိုင် ခြေရှိတဲ့ထိတော့ ရှာမှာပေါ့။ "ဟု ဦးကျော်စွာအောင်က ပြောသည်။

အဆိုပါမြေစာပြိုမှုမှာ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ယခင်မြေစာပြိုကျခဲ့သည့် ကျောက်စိမ်းနန်းတော်ကုမ္ပဏီ၏ မြေစာနေရာတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူ ၃ ဦးနှင့် ပျောက်ဆုံးနေသူ ၂ ဦးရှိပြီး မြေစာလာသွန်သည့် ကားတစ်စီးပါ မြေစာပြိုမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

"ပျောက်ဆုံးသူ နောက်ထပ် ထပ်တိုးလာတယ်ဆိုတဲ့ သတင်းတွေ တက်လာတာတော့ မရှိသေးပါဘူး"ဟု ဖားကန့် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကပြောသည်။

အဆိုပါ မြေစာပြိုမှုမှာ ၂ဝ၁၅ ခုနှစ် နိုင်ဝင်ဘာလ လကုန်ပိုင်းက ပြိုကျခဲ့သည့် ၁၁၄ ဦးသေဆုံးခဲ့သော မြေပုံစာနေရာတွင် ထပ်မံပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments: