Friday, January 27, 2017

ဝ ဒေသလုံးဆိုင်ရာ ပေါ်လစ်ဗျူရိုအစည်းအဝေးအပြီး ပေါက်ယူချန်းခေါင်းဆောင် အဖြစ်ဆက်ရှိနေ

စိုင်းအောင်ဆိုင်း


အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ၀ တပ်ဖွဲ့အတွင်း ခေါင်းဆောင် အပြောင်း အလဲ ရှိနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျင်းပခဲ့ သည့် ၀ ဒေသလုံးဆိုင်ရာ ဗဟိုကော်မတီနှင့် ပေါ်လစ် ဗျူရို အစည်းအဝေးအပြီးတွင် ခေါင်းဆောင်အဖြစ် ပေါက်ယူချန်း ဆက်ရှိနေသေးကြောင်း ၀ တပ်ဖွဲ့ ထိပ်တန်း အဆင့်အမြင့် အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းက ၀ခေါင်းဆောင် အပြောင်းအလဲအတွက် ဒေသလုံးဆိုင်ရာ ရွေးကောက်တင်မြောက်မှုများ ပြုလုပ်နေသည်ဟု ရိုက်တာ သတင်းက ဖော်ပြခဲ့ပြီး ယင်းသတင်းကို ပြည်တွင်းမီဒီယာ အချို့ကလည်း ဖော်ပြမှုများ ရှိခဲ့သည် ။

‘ အခုထိ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌအဖြစ် ဦးပေါက်ယူချန်းက ဆက်ရှိနေတယ်။ စစ်ဦးစီးချုပ်ကလည်း သူပဲဖြစ်သလို ၊ ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကလည်း သူပါပဲ။ ထိပ်ပိုင်းခေါင်းဆောင်တွေအကြား ရာထူးအပြောင်းအလဲ လုံးဝ မရှိဘူး။ သတင်းထွက်နေတာတွေက သတင်းအမှားတွေပါ။ ခေါင်းဆောင်ရွေးပွဲတွေလည်း မလုပ်ခဲ့ဘူး။’ ဟု အဆိုပါ ၀ တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည် ။

ဝ တပ်ဖွဲ့အစည်းအဝေးအတွက် ၀ မြောက်ပိုင်းသာမက ၀ တောင်ပိုင်းမှ ထိပ်တန်း အဆင့်အမြင့် အရာရှိများပါ ပန်ဆန်းသို့ သွားရောက်ခဲ့သည် ။

ပန်ဆန်းအစည်းအဝေးတွင် ၀ တပ်ဖွဲ့၏ မူဝါဒ လုပ်ငန်းစဉ်များကိုသာ အဓိက ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ၂၁ ပင်လုံတက် မတက် ဆိုသည်ကိုပင် ဆွေးနွေးခြင်း မရှိဟု အဆိုပါ ၀ တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည် ။

‘ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မူဝါဒ အပြောင်းအလဲ မရှိပါဘူး။’ – ဟု ၀ တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည် ။

ဝ တပ်ဖွဲ့မှာ မကြာသေးခင်ကလည်း အစိုးရနှင့် တွေ့ဆုံခဲ့သည်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့နှင့် နီးစပ်သော ၀ တပ်ဖွဲ့ ၂၁ ပင်လုံ ဒုတိယ အကြိမ်တက်ရေး မသေချာသော်လည်း ကိုးကန့် ၊ အေအေ နှင့် တအာင်းပလောင်တို့အား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် တပ်မတော်လက်ခံကြောင်း အာအက်ဖ်အေ သတင်းတွင် ဖော်ပြခဲ့သည် ။

လတ်တစ်လောအတွင်းမှာပင် ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်နေပြီး ၀ အစည်းအဝေး ပြီးဆုံးပြီးနောက် ၀ နယ်စပ် သံလွင်မြစ် အနောက်ဘက်ကမ်းတွင် လှုပ်ရှားနေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်များနှင့် အစိုးရ တပ်များအကြား တင်းမာမှု အချို့ရှိနေကာ တိုက်ခိုက်မှု အချို့လည်း ဖြစ်နေသည် ။

No comments: