Tuesday, January 10, 2017

တောင်းဆိုချက်အတိုင်း မဆောင်ရွက်ပါက မြန်မာအစိုးရပိုင် MOGE ကို တရားစွဲဆိုမည်ဟု​ ​တောင်​သူများပြော

RiA

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသော လယ်မြေများကို ၁၀ ရက် အတွင်း ပြုပြင်ပေးရန်နှင့် မလိုက်နာပါက အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE အပါအဝင် စီမံကိန်းနှင့် သက်ဆိုင်သော ကုမ္ပဏီများအားလုံးကို တရားစွဲဆိုသွား မည်ဖြစ်ကြောင်း ဒေသခံတောင်သူများက သတင်းစာ ရှင်းလင်းပွဲတွင်​ ​ပြောကြားလိုက်​သည်​။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ နံနက်က စစ်တွေမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရှင်းလင်းပွဲကို ဦးဆောင်သူ၊ ပျက်စီး ဆုံးရှုံးမြေပိုင်ရှင်ဖြစ်သော ဒေါ်ကြည်ကြည်နှင်းက ယခုလို ပြောသည်။

“လယ်ယာမြေတွေကို စိုက်ပျိုးမြေဖြစ်အောင် ပြန်လည် ဖော်ထုတ်ပေးနိုင်ဖို့ ဆန္ဒပြမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး တောင်း ဆိုခဲ့သလို ပြည်နယ် ဝန်ကြီးချူပ်ဆီကိုလည်း တိုင်ကြားစာတွေ ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ ကျမတို့ အချိန်အားဖြင့် ၁၀ ရက် သတ်မှတ်ပါတယ်။ တောင်းဆိုမှုတွေကို မလိုက်လျောရင် တရားဥပဒေလမ်းကြောင်း အရပဲ ဆောင်ရွက်ပါတော့မယ်။”

ပိုက်လိုင်း စီမံကိန်းအတွင်း ဓါတ်ငွေ့သန့်စင် စက်ရုံ OGT တည်ဆောက် မှုကြောင့် ကျောက်ဖြူမြို့နယ် လိပ်ခမော်၊ မလကျွန်း၊ ဂုံးချွိန်၊ အုန်းတောကျေးရွာများရှိ ပျက်စီးခဲ့ရသော လယ်မြေ ၁၈.၀၃ ဧကအတွက် အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE က တစ်ဧကကို ကျပ် သုံးသိန်းခွဲနှုန်းဖြင့် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိသာ လျော်ကြေးပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုချိန်ထိ ဆက်လက်ပေးဆောင်ရန် ပျက်ကွက်နေခဲ့သည်ဟု သတင်းစာရှင်းလင်းသူများက ပြောသည်။

လျော်ကြေးငွေ ခံစားခွင့်ဆုံးရှုံးနေမှု သုံးနှစ်ခန့် ကြာမြင့်လာချိန်တွင် မြေပိုင်ရှင်များက သက်ဆိုင်ရာ ကုမ္ပဏီများကို ဆန္ဒပြ​တောင်းဆိုခဲ့ပြီးနောက် MOGE မှ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်လာသော်လည်း ပွင့်လင်းမြင်သာမှု မရှိဟု အကြောင်းပြချက်နှင့် ကမ်းလှမ်းချက်များကို ငြင်းပယ်ခဲ့ကြောင်း သတင်းစာရှင်းလင်းသူများ၏ ပြောကြားချက်အရ သိရသည်။

စီမံကိန်းအတွင်း ပါဝင်နေသည့် တရုတ်အမျိုးသားပိုင် CNPC ကုမ္ပဏီကို ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း ရာတွင် “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိသေးပါဘူး။ ဒါပေမဲ့ ဒေသခံတောင်သူတွေဘက်က တရားဥပဒေအရ ဆောင်ရွက်ဖို့ စီစဉ်နေတယ်ဆိုရင် ကျနော်တို့ဘက်က ကြိုဆိုရမှာပါ။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ ဘယ်ကိစ္စမဆို နိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့ ဆောင်ရွက်နေတာဖြစ်သလို တဘက်မှာ ဒေသန္တရ အစိုးရနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေတာတွေ ဖြစ်ပါတယ်။” ဟု လက်ထောက်မန်နေဂျာ မစ္စတာ ဟန်နရီဇမ် (Henry Zhang) က ပြောသည်။

ယခုကိစ္စအပေါ် မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE မှ တာဝန်ရှိသူများကို မေးမြန်းနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း လက်ခံဖြေကြားခဲ့ခြင်း မရှိပါ။

No comments: