Tuesday, January 10, 2017

နိုင်ငံသားမှတ်ပုံတင်ကို Smart Card အဖြစ် ထုတ်ပေးနိုင်ရေး ရခိုင်က မြို့နယ်နှစ်ခုတွင် အချက်အလက် ကောက်ယူ

RiA

နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ယခင် အသုံးပြုနေသည့်ပုံစံမှ Smart Card အဖြစ် ပြောင်းလဲထုတ်ပေးနိုင်ရေး နိုင်ငံအနှံ့ ရှေ့ပြေး စမ်းသပ်ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်နှစ်ခု၌လည်း အချက်အလက်ကောက်ယူမှုများကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

“Smart Card ကတော့ လောလောဆယ် မထုတ်ပေးသေးဘူး။ ကြာဦးမယ်။ ခုက အချက်အလက် ကောက်ယူနေတာပါ။ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်နေတဲ့သဘောပေါ့။” ဟု ပြည်ထောင်စု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အမျိုးသားနိုင်ငံသား မှတ်ပုံတင်နှင့် နိုင်ငံသားကတ်စိစစ်ထုတ်ပေးရေးဌာန ညွှန်ကြားရေးမှူးချူပ် ဦးအေးလွင်က ပြောသည်။

ရှေ့ပြေးစမ်းသပ်ဆောင်ရွက်မှုများကို ဒီဇင်ဘာလမှ စတင်ကာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း စစ်တွေနှင့် ဘူးသီးတောင်မြို့နယ်၌ ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ကာ အချက်အလက်များ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့အနေနှင့် e-Government System ကို ပြောင်းလဲ ကျင့်သုံးရန် မူဝါဒများ ချမှတ်ထားပြီး၊ အကောင်အထည် ဖော်နိုင်ရန်အတွက် အဓိက ဦးစားပေးလုပ်ငန်းမှာ အမျိုးသားမှတ်ပုံတင်ကို e-ID (Smart Card) အဖြစ် ပြောင်းလဲထုတ်ပေးရန် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကျွမ်းကျင် ပညာရှင်များ၊ ကွန်ပျူတာအသင်းမှ ကျွမ်းကျင် ပညာရှင်များ၏ အကြံ ဥာဏ်များကို ရယူ ဆောင်ရွက်လျက်ရှိသည့် အပြင် ဒေသတွင်း နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများမှ ကုမ္ပဏီ ၂၉ ခု၏ Smart Card လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အတွေ့အကြံများကို လေ့လာလျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

No comments: