Monday, January 2, 2017

ကျောက်မဲတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

စိုးသူအောင်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် တအောင်း/ ပလောင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မနေ့က (ဒီဇင်ဘာ ၃၀) တပ်မတော်သားတစ်ဦး မိုင်းထိ၍ ကျဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်၊ မြောက်ဘက် ၁၅ မိုင်အဝေး တောင်ပေါ်ရှိ ကွန်ကော်ကျေးရွာအုပ်စု နှင့်မန်ဆန်းဟုခေါ်ဆိုသော ရှမ်းရွာကြားတွင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျောက်မဲ ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်သိန်းက ပြောဆိုသည်။

“ ဖြစ်တာက တပ်ရင်း ၂ ရင်းဗျ ။ စစ်တပ်က တပ်ရင်း ၂ရင်းနဲ့ ပလောင်ဘက်နဲ့ ဖြစ်တာ။ မနက် ၈ ခွဲကနေ ၉ ခွဲလောက်ထိ ဖြစ်တာကနေ ပြီးမှ ပလောင်က ဆုတ်သွားတာ ” ဟု ကျောက်မဲ ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်သိန်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နယ်မြေရှင်းလင်းနေစဉ် ဒီဇင်ဘာ ၃၀ နံနက် ၁၁ နာရီခန့်တွင် ကျောက်မဲ မြောက်ဘက် တော့ဖေကျေးရွာအနီး ထောင်ထားသည့် တိုက်မိုင်းတစ်လုံးကို တိုက်မိပေါက်ကွဲခဲ့ရာ စစ်သည်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ချို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည် ဟု ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တော့ဖေကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ TNLA အဖွဲ့ အင်အား ၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် ပစ်ခတ်ခဲ့ရာအနောက်မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်ဟု ၄င်းထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် TNLA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်၊ ရှမ်းပြည်ပြန်လည်လွှတ်မြောက်ရေးတပ်မတော် (RCSS) တို့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

“ (တိုက်ပွဲ) နေ့စဉ်ဖြစ်ဖို့ တာစူနေတယ်ဗျ ” ဟု ဦးတင်မောင်သိန်းကပြောဆိုသည်။

တပ်မတော်နှင့် TNLA တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် RCSSနှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

No comments: