Thursday, January 26, 2017

ညဖက်တွင် သီးခြားထွက်မည့် YBS ညကြီးကားပြေးဆွဲရန်ရှိဟု တိုင်းဝန်ကြီးချုပ်ပြော

မဇ္ဈိမ

ရန်ကုန်မြို့ရှိ ခရီးသည်များအတွက် ညဖက်တွင် သီးခြားထွက်မည့် ညကြီးကား ပြေးဆွဲရန် စီစဉ်နေသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီလ ၂၅ ရက်တွင် ပြောသည်။

ယနေ့ ပြုလုပ်သော မြေနီကုန်း ဂုံးကျော်တံတား အနုပညာစီမံကိန်းဖွင့်ပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မထသမှ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သို့ပြောင်းလဲရာတွင် ယာဉ်များပြေးဆွဲချိန်မှာ မနက် ၅ နာရီမှ ည ၉ နာရီအထိ သတ်မှတ်လိုက်သဖြင့် ခရီးသည်များ ညပိုင်းအခက်အခဲရှိကြောင်း ခရီးသည်များထံမှ သိရသည်။

“ ညကြီးကား ပြေးဖို့ မနေ့က ဆွေးနွေးထားပါတယ်။ သီးခြားညဖက်မှာ ထွက်မယ့်ကားပေါ့။ ညကြီးကားစီစဉ်ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အများပိုင်ကုမ္ပဏီအနေနဲ့ မော်တော်ယာဉ်ပြေးဆွဲမှုကို လုပ်ကိုင်သွားမည်ဖြစ်ပြီး ကားသမားအများစုက ပိုက်ဆံရသောနေရာများသာပြေးဆွဲချင်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

“ ကျွန်တော်တို့ဆောင်ရွက်နေတဲ့အခြေအနေဟာ အများပိုင်ကုမ္ပဏီအနေနဲ့ လုပ်ချင်ပါတယ်။ ဘာကြောင့်လုပ်ချင်သလဲဆိုရင် ပိုက်ဆံရတဲ့နေရာပဲ ကားသမားက ပြေးချင်တာ၊ မရတဲ့နေရာဆို မပြေးချင်ကြဘူး။ ကျွန်တော်တို့က မျှခြေနဲ့ပဲ သွားချင်တာ။ မြတ်တဲ့တဲ့နေရာမြတ်မယ်၊ အသင့်အတင့်မြတ်မယ်၊ မမြတ်တာလည်း ရှိမယ်။ အာလုံးပေါင်းရင် မြတ်တယ်ဆိုတဲ့ အခြေအနေမျိုးမှာ ရပ်တည်ချင်ပါတယ်” ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိတွင် ဘတ်စ်ကားများတွင် ယာဉ်လမ်းကြောင်းသွားလာမှုအခြေနေသိနိုင်ရန် ဇန်န၀ါရီ ၂၅ ရက်မှ စ၍ GPS တပ်ဆင်နေပြီး ကားလမ်းကြောင်းများအားလုံး ထိန်းချုပ်သွားရန် စီစဉ်နေသည်ဟု သိရသည်။

အများပိုင်မော်တော်ယာဉ်စနစ်ကို ဇန်န၀ါရီလ ၁၆ ရက်က စတင်ခဲ့ပြီး ခရီးသည်များမှ ကားများကြပ်ခြင်း၊ ညပိုင်းကားများမရှိခြင်းအခက်အခဲများ အား လူမှုကွန်ယက်များမှတဆင့် တင်ပြခဲ့ကြသည်။

No comments: