Saturday, February 13, 2010
အလွမ်းစကား
စာရေးဆရာကြီးမောင်သာရက စမ်းစမ်းနွဲ့ (သာယာဝတီ) ကို လောကကို မာနနဲ့ ကြည့်တယ်။ မိုးမိုး (အင်းလျား) က လောကကို သံဝေဂနဲ့ ကြည့်တယ်။ မစန္ဒာက လောကကို ဟာသနဲ့ ကြည့်တယ်လို့ စာရေးဆရာမများရဲ့ စာကိုကြည့်ပြီး အခုလို မှတ်ချက်ချပေးဖူးပါတယ်။ ကျမကြိုက်နှစ်သက်ခဲ့တဲ့ စာရေးဆရာမများပါ။ သူတို့စာပေတွေနဲ့ ကျမတို့ လူငယ်ဘဝကို ကြီးပြင်းခဲ့ရပါတယ်။
ဒီနေ့ စာရေးသူ ကျမ အထက်ပါစာရေးဆရာမ ၃ ယောက်လုံးအတိုင်း လောကကို မာန၊ ဟာသ၊ သံဝေဂ ၃ ခုစလုံးနဲ့ ကြည့်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေရပါတယ်။ ဒုက္ခသည်စခန်းမှာ ကျမတို့ဒုက္ခသည်တွေဟာ လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းကြီးနဲ့ အဝေးဆုံးနေရာကို ရောက်နေရပါတယ်။ စခန်းထဲကို အလည်လာသူ၊ တာဝန်နဲ့လာသူ၊ လေ့လာသူတွေရဲ့ မျက်ဝန်းတွေထဲမှာ သနားကြင်နာရိပ်၊ စိတ်မကောင်းတဲ့ အရိပ်တွေ ဖြတ်သန်းသွားတိုင်း ကျမတို့ကိုယ်တိုင် နာကြင်ရတယ်။ တာဝန်ရှိသူတွေရဲ့ ကားလာတိုင်း ဘာများထူးမလဲဆိုပြီး စခန်းအုပ်ချုပ်ရေးရုံးရှေ့ကို မယောင်မလည်သွားပြီး နားစွင့်နေကြတဲ့သူတွေကို မြင်တိုင်း စိတ်ထိခိုက်ရတယ်။
နိုင်ငံရေးအကျဉ်းသမားဟောင်း ခင်ပွန်းသည် ကလေးမြို့ အကျဉ်းထောင်က ပြန်လွတ်လာတော့ ထောင်တွင်း အတွေ့အကြုံတွေကို ပြောပြဖူးတယ်။ ဒီထဲကမှ အကျဉ်းထောင်ထဲကို အကျဉ်းဦးစီးက ညွှန်မှူးတွေ၊ အရာရှိတွေ လာရင် နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ အခန်းကိုလာပြီး ဘာများပြောချင်ပါလဲဆိုပြီး မေးတတ်တယ်။ သံတိုင်ရှေ့ကနေ အကျဉ်းခန်းထဲကသူကို ကြည့်တဲ့ မျက်လုံးစကားလုံးတွေက တိရစ္ဆာန်ရုံကို အလည်သွားတဲ့ သူတွေ၊ လှောင်အိမ်ထဲက တိရစ္ဆာန်တွေကို ကြည့်တဲ့ မျက်လုံးမျိုးလို့ ပြောဖူးတယ်။ ထောင်က လွတ်လာပြီး တိရစ္ဆာန်ရုံကို မသွားတော့သလို၊ တိုင်းရင်းသားကျေးရွာအကြောင်း တီဗီမှာလာရင်တောင် သူမကြည့်နိုင်ဘူး။ တိုင်းရင်းသားတွေ သူတို့ရဲ့ ရိုးရာအိမ်တွေပေါ်မှာ ရိုးရာအဝတ်အစားတွေဝတ်၊ ရက်ကန်း၊ ဂျပ်ခုတ်ရက်ပြနေတာကို စိတ်ဝင်တ စားကြည့်နေတဲ့လူတွေ မြင်ရင် သူမခံစားနိုင်ဘူးတဲ့။ ထိလွယ်ရှလွယ်တဲ့ စိတ်ဒဏ်ရာနဲ့ ခင်ပွန်းသည်စကားကို အခုမှ ကျမ ပိုပြီးထောက်ခံမိတယ်။
လူ့အဖွဲ့အစည်း အသိုင်းအဝန်းနဲ့ ဝေးနေရတဲ့ ကျမ၊ ကျမဖြတ်သန်းဖူးတဲ့ ချစ်ခင်နှစ်လိုဘွယ်ရာ လူ့အဖွဲ့အစည်းကို ဒုက္ခသည် တဲစခန်းလေးထဲကနေ ပြန်လည်တမ်းတမိနေရတာ နေ့စဉ်နဲ့အမျှပါ။ ကျမရဲ့ ဘဝအချိုးအကွေ့ တခုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်အဖြစ် ဝေးလံခေါင်သီတဲ့ စစ်ကိုင်းတိုင်း ကလေးထောင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့ရတဲ့ ဆယ်စုနှစ်ချီတဲ့ ထောင်ဝင်စာခရီးကို ပြန်တွေးတိုင်း လက်ရှိဘဝကို ရင်ဆိုင်နိုင်ဖို့ ခွန်အားဖြစ်ရပါတယ်။ ကလေးမြို့က ကျမရဲ့ ဒုတိယဘဝကို မွေးဖွားပေးခဲ့တာပါ။ ရန်ကုန်ကနေ ကလေးအကျဉ်းထောင်ကို ထောင်ဝင်စာသွားတွေ့ရတဲ့ ခရီးမှာ တွေ့ကြုံခံစား၊ သိမြင်ရတာတွေက ကျမကို စာရေးသူဖြစ်အောင် တွန်းအားပေးခဲ့ပါတယ်။ ဘာသာတရားနဲ့ နီးစပ်ခွင့်၊ လူလူချင်း လေးစားစောင့်ရှောက်၊ ကူညီအားပေးမှုတွေက ထောင်ဒဏ် ၁၄ နှစ်ဆိုတဲ့ ထောင်ဝင်စာခရီးကို ဖြတ်သန်းနိုင်ဖို့ မြို့လူထုက ကျမကို စိတ်ခွန်အားတွေ ပေးခဲ့ပါတယ်။
ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း၊ ဒေါ်ကြည်ကြည်မြင့်တို့ အိမ်မှာ ကျမတည်းခိုရင်း ထောင်ဝင်စာတွေ့ရပါတယ်။ ဒေါက်တာသိန်းဝင်းက ၂ဝဝ၅ မတ်လ ၁၅ ရက်နေ့မှာ ဆုံးသွားရှာပါပြီ။ ဆရာ့ဇနီးဒေါ်ကြည်ကြည်မြင့်က ကျမကို သူတို့အိမ်မှာ တည်းခိုနိုင်တယ်လို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ ဆရာနဲ့ ဒေါ်ကြည်ကြည်မြင့်က ရတနာပုံထီဆိုင် ဖွင့်ထားပါတယ်။ သဘောကောင်း ဖော်ရွေသူများမို့ သူတို့အိမ်မှာ ရပ်ဝေးရပ်နီး ဧည့်သည်မပြတ်ပါဘူး။ ကျမတို့လို ထောင်ဝင်စာတွေ့တဲ့ ရပ်ဝေးဧည့်တွေအပြင်၊ ကလေးမြို့ပေါ်က အိမ်နီးချင်းဧည့်တွေ၊ ဂန့်ဂေါခရိုင်နယ်တဝိုက်က ထီကိုယ်စားလှယ်ဧည့်တွေ မပြတ်ပါဘူး။ ထမင်းချိန် ထမင်း၊ ကော်ဖီချိန် ကော်ဖီ ဧည့်ခံသလို လက်ဖက် အစိတ်သားထုပ်ကို ပဲဆီစစ်စစ်နဲ့နှပ်ပြီး အကြော်စုံနဲ့ ဧည့်ခံတာ ၂ ရက်ဆို ကုန်တဲ့အထိ ဧည့်များပါတယ်။
ဆရာနဲ့ ဒေါ်ကြည်ကြည်မြင့်တို့ရဲ့ သမီးရတနာတွေထဲက ဗျားစိန် ခေါ် မီမီလွင်က ဗြူတီပါလာ ဖွင့်ထားတာမို့ အသက်အရွယ်စုံတဲ့ မိန်းမပျို၊ မိန်းမကြီးတွေလည်း နေ့စဉ်လာရတဲ့ အိမ်ပါ။ ဒီတော့ သတင်းစကားတွေလည်း အစုံရှိပါတယ်။ ဒါကြောင့်လည်း သတင်းဌာနအသီးသီးက နေ့စဉ် သတင်းယူရတဲ့ အိမ်လည်း ဖြစ်ပါတယ်။ ကျမတို့လို ထောင်ဝင်စာဧည့်သည်ကိုလည်း အိမ်လာတဲ့လူတိုင်းက အားပေးစကားပြောပြီး သူတို့ တတ်နိုင်တာလေးတွေနဲ့ ထောင်ဝင်စာပစ္စည်းကိုလည်း ပံ့ပိုးတတ်ပါတယ်။ ကလေးမြို့လူထုက ဗမာစစ်စစ်တွေနဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့မြို့ပါ။ ထူးခြားတာကတော့ ကလေးမြို့သူ၊ မြို့သားအားလုံး စကားကြွယ်ခြင်းနဲ့ ကြင်နာသနားတတ်ခြင်းပါပဲ။ နောက်ပြီး အနုပညာကို ချစ်ခင်မြတ်နိုးတတ်ကြပါတယ်။ အနုပညာသမားကို တခြားပရိသတ်နည်းတူ ချစ်တာထက် ပိုပါတယ်။
ကလေးမြို့ရဲ့ ထူးခြားချက်တွေထဲမှာ လေယာဉ်ကွင်းက မြို့ထဲမှာဖြစ်နေခြင်းနဲ့ မြို့ကို အနားသတ်ထားတဲ့ မြစ်သာမြစ်က ပြောင်းပြန်စီးသလို၊ တောင်ကဖီလာ ဖြစ်နေပါတယ်။ မြစ်ကပြောင်းပြန်၊ တောင်ကဖီလာ၊ လူကကန့်လန့်လို့ ကလေးမြို့နဲ့ မြို့လူထုကို တင်စားကြပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ လူတွေကလည်း ကန့်လန့်လည်း လုပ်ချင်ကြပါတယ်။ အဲဒီကန့်လန့်ထဲက အနုပညာချစ်စိတ်နဲ့ ဖြစ်ပေါ်လာတဲ့ အကြောင်းလေးတွေ ကျမ ပြောပြချင်ပါတယ်။ အကယ်ဒမီပေးပွဲအကြောင်းလေး အရင်ပြောပြပါမယ်။ ၂ဝ၁ဝ ဖေဖော်ဝါရီလ ၆ ရက်နေ့က မြန်မာနိုင်ငံမှာ အကယ်ဒမီပေးပွဲအကြောင်း ရေဒီယိုသတင်းတွေမှာ ကျမ နားထောင်ရတော့ အကယ်ဒမီပေးပွဲကို တီဗီတွေရှေ့မှာ စောင့်ကြည့်နေမယ့် နိုင်ငံတဝှန်းက ရုပ်ရှင်ချစ် ပရိသတ်တွေကို ကျမ သတိရမိတယ်။ တီဗွီရှေ့မှာ စောင့်မျှော်နေတဲ့ ပရိသတ်ထဲမှာ ကျမ ပါဝင်ခွင့် မရတာကိုတော့ ဝမ်းနည်းရပါတယ်။
ကျမ မှတ်မိနေတဲ့ အကယ်ဒမီပေးပွဲကတော့ “နှလုံးလှလူမိုက်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ မင်းမော်ကွန်း အကယ်ဒမီရတဲ့ နှစ်ပါ။ အဲ့ဒီအချိန်က ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင်၊ ဧည့်သည်ပရိသတ် ၂ဝ ကျော် ပါတယ်။ မဗျားစိန်က မင်းမော်ကွန်းကို သိပ်ကြိုက်သူပါ။ ဒီတော့ နှလုံးလှလူမိုက်မှာ မင်းမော်ကွန်း အကယ်ဒမီရမယ်လို့ ခိုင်ခိုင်မာမာ ပြောပါတယ်။ ဖန်သားပြင်မှာ မင်းသား၊ မင်းသမီးတွေကို ပြလိုက်၊ ကြော်ငြာဝင်လိုက်၊ ကြော်ငြာများနေပါတယ်။ အကယ်ဒမီပွဲကိုလာတဲ့ မင်းသားမင်းသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး ဘယ်သူတော့ အကယ်ဒမီရမယ်။ ကြည့်ပါလား၊ အဲဒီမင်းသမီး သဇင်ပန်းတွေ ပန်လာတာလို့ မိန်းမတွေပီပီ ဝေဖန်ရေးတွေလည်း ပေးကြတာပေါ့။
ဒီထဲမှာ အကယ်ဒမီ တစ်ကြိုပေးတဲ့ နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်အရ လူသတ်ရတာ ၃ ယောက်ပါ။ ဒီလို စိတ်မြန်လက်မြန်ရှိပေမယ့် သူ့အကို တရားသူကြီး နေအောင်ကို ကျောက်ကပ်လှူရတဲ့ ညီတယောက်ပါ။ အကိုကြီးကို အသိမပေးဘဲ လှူတဲ့လူ ဖြစ်ပါတယ်။ ဒီတော့ ကျမတို့နဲ့အတူ အကယ်ဒမီပွဲကို ကြည့်နေတဲ့ ပရိသတ်ထဲက မခင်စန်းထွေးက မင်းမော်ကွန်း အကယ်ဒမီမရနိုင်ဘူးလို့ ပြတ်ပြတ်သားသား ဝေဖန်ပါတယ်။ ဗျားစိန်က သူ့ဘက်လှည့်ပြီး “တကယ်လို့ မင်းမော်ကွန်း အကယ်ဒမီရရင် ခင်ဗျားကို ဘာလုပ်ရမလဲ” လို့ မေးလိုက်ပါတယ်။ ဒီတော့ မခင်စန်းထွေးက “ကြိုက်သလိုလုပ်၊ ဇက်ဖြတ်ခံတယ်။ မင်းမော်ကွန်း မရဘူး။ လူသတ်တဲ့လူကို အကယ်ဒမီ မပေးဘူး” လို့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူ လေသံအတိုင်း ပြောပါတယ်။ သူတို့ ၂ ဦး ငြင်းနေတာကိုကြည့်ပြီး ကျမတို့ပါ ဝိုင်းပြီး ငြင်းကြခုန်ကြတော့တာပေါ့။ ဗျားစိန်ကလည်း သူ့မင်းသားကို လူသတ်သမားလို့ ပြောရပါ့မလားလို့ စိတ်ဆိုး။ မခင်စန်းထွေးကလည်း သူသိထားတဲ့ ရုပ်ရှင်အစည်းအရုံးမူနဲ့ ကိုင်ပေါက်ပေါ့။
အဲဒီ့အချိန်မှာပဲ စကားသံတွေ တိတ်သွားတယ်။ အဲဒါကတော့ မီးပြတ်သွားလို့ပါ။ ဒီအချိန်မှာပဲ “ဒုတ်မီးပေး၊ ဒုတ်မီးပေး မီးစက်သွားမောင်းမယ်” လို့ ဗျားစိန်က ပြောပါတယ်။ “ဒုတ်မီး” ဆိုတာ လက်နှိပ်ဓာတ်မီးကို ပြောတာပါ။ ဗျားစိန် မီးစက်မောင်းတာကို ဒုတ်မီးလိုက်ပြသူက မခင်စန်းထွေးပါ။ မီးစက်မောင်းလို့လာတဲ့ မီးနဲ့ ကျမတို့ အကယ်ဒမီဆုပေးပွဲကို ဆက်ကြည့်ကြပါတယ်။ မင်းသားဆုကို နှလုံးလှလူမိုက် ရုပ်ရှင်ကားမှာ မင်းမော်ကွန်းက ရရှိသွားပါတယ်။ လက်ခုတ်လက်ဝါးတီးပြီး ထအော်တဲ့အထဲမှာ မခင်စန်းထွေးလည်း ပါပါတယ်။
မင်းမော်ကွန်း အကယ်ဒမီရရင် စဥ့်နှီတုံးပေါ် ခေါင်းတင်ပေးမယ်။ ဖြတ်ဆိုတဲ့ မခင်စန်းထွေးကို ဗျားစိန်ကလည်း မဖြတ်ခဲ့ပါဘူး။ မခင်စန်းထွေးလည်း စဥ့်နှီတုံးပေါ် ဇက်တင်မပေးနိုင်ပါဘူး။ အကယ်ဒမီရသွားတဲ့ မင်းမော်ကွန်းရဲ့ အကောင်းဆုံး ပြကွက်တွေကို ပြတော့ တီဗီဖန်သားပြင်ရှေ့ ပရိသတ်ထဲမှာ ဗျားစိန်နဲ့ မခင်စန်းထွေးတို့ ငိုနေကြပါပြီ။ သူတို့နဲ့အတူ ငိုနေတာကတော့ ဒေါ်တုတ်ကြီးပါ။ ဗျားစိန်တို့ အိမ်ရှေ့ မျက်စောင်းထိုးအိမ်မှာနေတဲ့ ဒေါ်တုတ်ကြီးက နာမည်နဲ့လိုက်အောင် ဝဝတုတ်တုတ်၊ ထောင်ထောင်မောင်းမောင်းကြီးပါ။ ခန္ဓာကိုယ် ကြီးသလောက် အသည်းနှလုံးက သိပ်ကို နုနယ်သူပါ။ ငိုတာတောင်သူများလို လူမသိအောင် ခိုးငိုတာ မဟုတ်ပါဘူး။ မျက်ရည်ကျိတ်ပြီး သုတ်တာမဟုတ်ပါဘူး။ ဝတ်ထားတဲ့ လုံချည်ကိုဖြည်ပြီး အထက်ဆင်နဲ့ နှပ်ညှစ်မျက်ရည်သုတ်ပါတယ်။ ဖန်သားပြင်က မင်းမော်ကွန်းကို ဂရုဏာဒေါသောနဲ့ပြောတဲ့ ဗျားစိန်စကားကို သူက ငိုသံနဲ့ချေပပါတယ်။
“မောင်မင်းလည်း အဖမ်းခံရမှာပေါ့ကွယ်။ မင်းကလည်း လူသတ်တာ ၃ ယောက်ကိုးကွယ့်”
“သတ်မှာပေါ့ကွယ့်၊ သူက လူဖြောင့်စိတ်တိုကိုး”
ဟုတ်ကဲ့။ အဲဒီလို အကယ်ဒမီပေးပွဲကို ကျမတို့တွေ တရုန်းရုန်းနဲ့ကြည့်ပြီး စိတ်ထဲရှိတဲ့အတိုင်း ပြောကြဆိုကြ၊ ငြင်းကြခုန်ကြနဲ့ ကြည့်ခဲ့ရပါတယ်။ ကျမတို့ မြန်မာလူမျိုးများက သနားကြင်နာတတ်တဲ့ လူမျိုး၊ လူ့အဖွဲ့အစည်းနဲ့ မခွဲမခွာရှိတတ်တဲ့ လူမျိုးပါ။
ဒီထဲကမှ အနုပညာကို ချစ်မြတ်နိုးတဲ့ ကလေးမြို့က ပါဝါ ရေဆေးဆီလိုက်၊ ကားလုပ်ငန်းရှင် ကိုပေါက်စအကြောင်းကို ကျမ နားထောင်ပြီး ရုပ်ရှင်တေးကဗျာမှာ “ဝန်ကြီးရောင်းတဲ့ ပူစီပေါင်း” ဆိုပြီး ဝတ္ထုတို ရေးဖူးတယ်။ ကိုပေါက်စက ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းကို သွားစဉ်အခါက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ အသုံးပြုတဲ့ မော်တော်ယာဉ်တွေကို စနစ်တကျ ပြင်ဆင်ပေးခဲ့တဲ့ ပညာရှင်တဦးလည်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီစာမူရေးပြီး စာပေစိစစ်ရေး တင်ချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဝန်ကြီးရာထူး ရသွားတာမို့ ကျမဝတ္ထုကို စာပေစိစစ်ရေးက ပယ်ချလိုက်ပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်က ရုပ်ရှင်တေးကဗျာအတွက် ဝတ္ထုစာမူတွေ ရွေးချယ်ပေးရတာပါ။ ကျမတို့ စာရေးသူတွေအတွက် အယ်ဒီတာစားပွဲကိုဖြတ်ပြီး အရွေးချယ်ခံရလို့ လွတ်လွတ်ကျွတ်ကျွတ် ဝမ်းသာလို့ မရပါဘူး။ စာပေစိစစ်ရေးက စာရေးသူကို ဓားမိုးထားတာပါ။
ကျမ အဲဒီဝတ္ထုရေးဖြစ်တဲ့ အကြောင်းအရာက ဒီလိုပါ။ ရတနာပုံအိမ်ရဲ့ ဧည့်သည်တွေထဲမှာ ကလေးမြို့သားကို ပေါက်စက အမြဲဝင်ထွက်နေသူတယောက်ပါ။ ကျမနဲ့ သက်တူရွယ်တူလည်း ဖြစ်ပါတယ်။ စကားကို ကတ်ကတ်သတ်သတ် ပြောတတ်ပေမယ့် စိတ်ရင်းကောင်းပါတယ်။ ကျမတို့ အကျဉ်းကျမိသားစုတွေ စာနာနားလည်ပြီး ကူညီသူလည်း ဖြစ်ပါတယ်။ သူ့အကြောင်း ဗျားစိန်တို့က ပြောပြသလို သူကိုယ်တိုင်လည်း သူခံစားရတဲ့ အနုပညာအကြောင်း၊ အနုပညာရှင်တွေအကြောင်း အခုလို ပြောပြဖူးပါတယ်။ ဒါကို အခြေခံပြီး ကျမ ဝတ္ထုရေးခဲ့တာပါ။ သူပြောတဲ့အကြောင်း နားထောင်ကြည့်ပါဦး။
“ကျနော်တို့ ကလေးမြို့ကို မရောက်ဖူးတဲ့သူတွေက တောင်ကြိုတောင်ကြားဆိုပြီး အထင်သေးကြတယ်။ လာတဲ့ဇာတ်ပွဲတွေက ကန့်လန့်ကာဆို အစုတ်၊ ဇာတ်ဝင်ခန်းအတွက် တောကားတောင်ကား နှစ်ခုလောက်ပဲ ယူလာကြတယ်။ ကျနော်တို့မြို့က ပွဲကြိုက်တယ်ဗျ။ စတိတ်ရှိုးဆိုလည်း ကြိုက်တယ်။ ပွဲသွင်းလို့ ဘယ်မြို့မှာပဲ ရှုံးရှုံး ကျနော်တို့မြို့ရောက်ရင် ရုံပြည့်ရုံလျှံပဲ။ တခါတော့ ကျနော်ကြိုက်တဲ့ ကျေးလက်အဆိုတော်ကြီး ဦးစီးတဲ့ပွဲ လာကရောဗျ၊ ကျနော့်မိန်းမက ဒုတိယကလေး မွေးပြီးစအချိန်။ ဒီတော့ ကျနော့်ကို ပွဲမသွားစေချင်ဘူး။ ဒါပေမဲ့ ကျနော် ပွဲကြိုက်တာကိုလည်း သိတော့ ကလေး ဝေယျာဝိစ္စ အကုန်လုပ်ပေးခဲ့။ ကလေးအိပ်မှ သွားလို့ ပြောတယ်။ ကျနော် ပွဲခင်းထဲရောက်တော့ အော်ပဒါ ကနေပြီ။ ဗျတ်ဝိ၊ ဗျတ်တနဲ့ မအိုဇာ ဇတ်လမ်းဗျာ။ လူသတ်ကုန်းရဲ့ ကားစင်မှာ ရောက်နေတဲ့ ဗျတ်ဝိကို မအိုဇာက ကွမ်းတရာ၊ ရေတမှုတ် တိုက်ရတဲ့အခန်း။ ပွဲခင်းထဲမှာ ပရိသတ်က ညို့နေတာပဲ။ ဇာတ်လမ်းအရ သနားပြီး ငိုတဲ့သူက ငိုကြပြီ။ ဇာတ်စင်ပေါ် ကြည့်လိုက်တော့ဗျာ၊ ကားစင်ပေါ်က ဗျတ်ဝိက ဝေါကင်းရှုးစီးပြီး ဂျင်းဝေ့စကုတ် ဝတ်ထားတယ်။ မအိုဇာက စတီးရေခွက်နဲ့ ရေတိုက်နေတယ်။ သတ်မိန့်ပေးတဲ့ ဝန်ကြီးလက်မှာ နာရီနဲ့။ ကျနော့်ရင်ထဲ ဖျဉ်းခနဲ ဖြစ်သွားတယ်။ ဒါ .. ငါတို့မြို့ကို စော်ကားတာ။ ငါတို့ခံစားတတ်တဲ့ အနုပညာကို အထင်သေးတာဆိုတဲ့ မခံချင်စိတ်က ရင်ထဲလှိုက်လာတယ်။ အဲဒီအချိန်မှာ ကျနော် စိတ်မထိန်းနိုင်တော့ဘူး။
“ဟေ့ ….. ငါတို့မြို့ကို မစော်ကားနဲ့။ ဗျတ်ဝိဗျတ်တခေတ်မှာ ဝေါကင်းရှုး မရှိဘူး။ ဂျင်းဝေ့စကုတ် မရှိဘူး။ လက်ပတ်နာရီ မရှိဘူး” လို့ ထအော်လိုက်တယ်။ ဘာပြောကောင်းမလဲ။ ပွဲရုံတခုလုံး မီးတွေလင်းသွားတယ်။ ဝန်ကြီးတို့၊ မအိုဇာတို့၊ ဗျတ်ဝိတို့ ရုံနောက်ပြေးကြရော။ အဲဒီညက ပွဲပျက်သွားတယ်။ ပွဲလုံခြုံရေးက ကျနော့်ကို ဆူပူမူနဲ့ ကလေးမြို့ ရဲစခန်းမှာ တညသိပ်လိုက်တယ်။ မနက်မိုးလင်းတော့ ပြန်လွှတ်ပေးတယ်။ ကျနော် အိမ်ကိုပြန်တဲ့ လမ်းမှာဈေးကို ဖြတ်ရတယ်။ ဈေးရှေ့ရောက်တော့ ပူစီပေါင်းရောင်းတဲ့သူကို မြင်လိုက်တယ်။ ဘယ်သူလို့ ခင်ဗျားထင်လဲ။ ညက ဗျတ်ဝိကိုသတ်ဖို့ အမိန့်ပေးတဲ့ ဝန်ကြီးဗျ''
ကျနော်က သူ့နားသွားပြီး ခင်ဗျားတို့ ညက ဇာတ်ပွဲပျက်သွားတယ်မို့လား။ ဘယ်သူဖျက်တာလဲ၊ ခင်ဗျားသိလားဆိုတော့ မသိဘူးတဲ့။ ကျနော်က ရင်ဘတ်ပုတ်ပြပြီး ကျုပ်ဗျလို့ပြောတော့ ဆိုင်းထမ်းလေး ပုခုံးပေါ်တင်ပြီး ပြေး မယ်လုပ်တယ်။ သူ့ဆိုင်းထမ်းကို ကျနော်က ဆွဲထားလိုက်တယ်။ “မလုပ်ပါနဲ့ဗျာ၊ ကျနော် ညကြေးနဲ့မလောက်လို့ ရောက်တဲ့မြို့မှာ ပွဲကပြီးရင် ပူစီပေါင်းမှုတ်ရောင်းရတာပါ။ ကျနော့်မှာ ကလေး ၃ ယောက် ရှိပါတယ်” လို့ ပြောတယ်။
“ခင်ဗျားတို့ပွဲကရင် တညတည ကြေးဘယ်လောက်ရလဲ” မေးတော့ သူခေါင်းငုံ့သွားတယ်။ ပြီးတော့ တိုးတိုးဖြေတယ်။ တည ၃ဝဝ တဲ့။ ကျနော် သူ့ကို အပြစ်မပြောနိုင်တော့ဘူး။ ခင်ဗျား ချတတ်လားလို့ ပါးစပ်ကို လက်မနဲ့ စိုက်ပြလိုက်တယ်။ ဒီတော့ သူက ခေါင်းညိတ်တယ်။
“နှင်းပုလဲစားသောက်ဆိုင်မှာ ခင်ဗျားကြိုက်တာမှာ၊ ကြိုက်တာစား။ ကိုပေါက်စ ရှင်းမယ်သာ ပြောလိုက်။ ခင်ဗျား ပူစီပေါင်း ကျနော် ရောင်းထားမယ်” ဆိုတော့ အံ့သြသွားတဲ့ သူ့မျက်နှာကို ပြချင်တယ်။ အဲဒီနေ့ဈေးမှာ ကျနော် ပူစီပေါင်းရောင်းနေတာကို မိန်းမကိုသွားပြီး တိုင်တဲ့လူလည်း ရှိတယ်။ကျနော့်ကို ကြည့်မရတဲ့သူတွေ ဝမ်းသာတာလည်း ရှိတယ်။ သနားပြီး ဝယ်တဲ့သူလည်း ရှိတယ်။ ကျနော်တို့ ကလေးမြို့က အဲလိုပါဆို။
ဒီလိုချစ်စရာကောင်းတဲ့ ကလေးမြို့လေးကို ကျမ လွမ်းနေရတယ်ဆို လွန်တယ်လို့ မထင်ပါဘူးနော်။ ၂ဝဝ၈ ခုအတွက် ၂ဝ၁ဝ ဇန်နဝါရီလ ၆ ရက်နေ့မှာပေးတဲ့ အကယ်ဒမီပွဲကို ရုပ်ရှင်ချစ်သူတွေ ဘယ်လိုများ ထင်ကြေးပေးပြီး ငြင်းခုန်ကြမလဲလို့ ကျမ သိချင်လိုက်တာ။
ကျမတို့ မြန်မာနိုင်ငံက ရုပ်ရှင်သဘင် အနုပညာရှင်တွေ ဝမ်းဝလို့ ခါးလှနိုင်ကြပါစေ။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment