မင်းဆွေသစ်
(က)
လူထုအမေမာက ကွယ်လွန်ခဲ့လေပြီ။ လူထုအမေမာ… ကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း ….လူထုအမေမာ၏ စာများကမူ …. ကျနော်တို့နှင့်အတူ ရှိနေဆဲ…။ ရှင်သန်နေဆဲ…။ အကြိမ်ကြိမ်၊ အထပ်အထပ်… ပြန်ပြန်၍ ဖတ်မှတ်နေရဆဲပင်…။ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ…။
သက်တန့်ရောင်…။ ငွေနှင့်လက်နက်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း။ ဘဝချင်းမတူသည့် တရုတ်ပြည်။ မြမဉ္စူကလောင်ခွဲနှင့် ရေးခဲ့သည့် ဝတ္တုတိုစု….။ အမေ့ရှေးစကား….။ ငယ်ကကျွမ်းသည့် ခင်ပွန်းသည်သို့… စသည့်…. စသည့် စာအုပ်များက ကျနော်တို့၏ အိပ်ယာဘေး၌ထား၍ မကြာ …မကြာ ပြန်ပြန်ဖတ်ရသည့် လူထုအမေမာ၏ စာအုပ်များဖြစ်သည်။
မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများစာအုပ်က လူထုအမေမာ၏ ပထမဆုံး ထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်၏။ မောရစ်ကောလစ်၏ “Trials in Burma” စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဘာသာပြန်ရန် လူထုအမေမာကို အာဇာနည်ပုဂ္ဂိုလ်ကြီး ဆရာကြီးဦးရာဇတ်က တိုက်တွန်းခဲ့သည်ဟု မှတ်သားရဖူးသည်။ လူထုအမေမာက ကွယ်လွန်သည်အထိ စာရေးသားခဲ့သည့်… သတင်းစာဆရာ၊ စာရေးဆရာမကြီးဟု ဆိုရမည်။
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်းတွင် အခန်းဆက်ရေးသားဖော်ပြခဲ့ပြီး လူထုဦးလှရာပြည့်အမီ ထွက်လာသည့် ‘ ကျမရေးတဲ့ သူ့ဘဝ လူထုဦးလှ’ က လူထုအမေမာ…ဇရာကို အုံတုရင်းနှင့် နောက်ဆုံးရေးသားခဲ့သည့် ခင်ပွန်းသည်၏ အတ္ထုပ္ပတ္တိဟု ဆိုရမည်။
လူထုအမေမာက အသက်လည်းရှည်၏။ အသက်ရှည်သကဲ့သို့ …. ကြီးမြတ်သော သမိုင်းနှင့် ရှင်သန်ခဲ့ခြင်းလည်း ဖြစ်၏။
တက္ကသိုလ်ကျောင်းသူဘဝမှပင် ….ကိုလိုနီတံပိုးကို ရိုက်ချိုးခဲ့၏။ အံတုခဲ့၏။ ဆန့်ကျင်ခဲ့၏။ သပိတ်မှောက်ခဲ့သည့် ဒုတိယကျောင်းသားသပိတ်၏ သပိတ်မှောက်ကျောင်းသူတဦး…။ ပြီးလျှင် … ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအလံတော်ကို မြင့်မြင့်မားမား လွှင့်ထူကိုင်ဆွဲခဲ့ပြန်၏။ အမျိုးသားရေးမျက်နှာစာ…၊ ယဉ်ကျေးမှုမျက်နှာစာတွင်လည်း လူထုအမေမာသည် ကလောင်ကိုင်စွဲ၍ အရှေ့မှ မားမားမတ်မတ်နှင့် လျှောက်လှမ်း၏။
လူထုအမေမာက …. ‘စိမ်းလန်းစိုလွင်နေသည့် အဆုံးမဲ့ကောင်းကင်’ တခုအဖြစ်နှင့်…။
(ခ)
စာအုပ်အမည် ထိုင်းဝတ္ထုတိုများ (၂)
စာရေးသူအမည် လူထုဒေါ်အမာ
စာမူခွင့်ပြုချက်အမှတ် ၉ဝ/၉၃ (၂)
အုပ်ရေ ၁ဝဝဝ (ပထမအကြိမ်)
၁၉၉၃ ခုနှစ်၊ ဇွန်လ
ထုတ်ဝေသူ ဦးအောင်ညွန့် (ထွန်းရင်စာပေ)
မန္တလေးမြို့
တန်ဖိုး ၅ဝ ကျပ်
ထိုင်းဝတ္ထုတိုများ (၂) တွင် ဝတ္ထုတို ၇ ပုဒ် စုစည်းဖော်ပြထားသည်။ မီးနဲ့ နှလုံးသား၊ ဒီရေ…ဒီမြေ၊ မိတော၊ စာချုပ်၊ မျိုး၊ ခွဲစိတ်ကုသမှု၊ ရေနတ်သမီးပွဲ….တို့ ဖြစ်သည်။ ထိုင်းဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည့် ဝတ္တုတိုများကို လူထုအမေမာက အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်းဖြစ်သည်။ ဘာသာပြန်ခြင်း နှစ်ဆင့်ခံထားသည့် ထိုင်းဝတ္ထုတိုများဖြစ်သည်။ စပယ်ဖြူ၊ ရင်ခုန်ပွင့်၊ လုံမလေး၊ သာရမဂ္ဂဇင်းများတွင် ဖော်ပြပါရှိခဲ့ပြီးသည့် ဝတ္ထုတိုများလည်း ဖြစ်သည်။
ဝတ္ထုတိုများအားလုံးက ဘဝသရုပ်ဖော်ဝတ္ထုများ ဖြစ်သည်။ မူရင်း ထိုင်းစာရေးဆရာများက ဝတ္ထုတိုလေးများ ရေးသားခဲ့သည့်ခုနှစ်၊ ရက်စွဲ ဖော်ပြထားခြင်း မရှိသည့်အတွက် နောက်ခံခေတ်၊ ကာလ အတိအကျ မသိနိုင်သော်လည်း၊ ၁၉၆ဝ ဝန်းကျင်ကာလ ထိုင်းနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဘဝများကိုမူ ဝတ္ထုတိုလေးများတွင် တွေ့ရ၏။
ဝတ္ထုတိုတပုဒ်ချင်းစီ၏ အဆုံးတွင် မူရင်း ထိုင်းဝတ္ထုရေးဆရာကို အကျဉ်းမျှ မိတ်ဆက်ပေးထားသဖြင့် စာဖတ်သူနှင့် မူရင်းစာရေးဆရာအကြား ရင်းနှီးမှုကို ရစေသည်။ ထိုင်းဝတ္ထုရေးဆရာ ‘အာချင်ပဉ္စပံ’၊ ထိုင်းစာရေးဆရာမ ‘ပင်သရိကျန်သီရိ’၊ စာရေးဆရာ ‘ချလောင်ပက်ချစေန’၊ စာရေးဆရာ ‘လောခမ်ယောင်’၊ စာရေးဆရာမ ‘သီဒေါ်ရောင်’ တို့၏ ဝတ္တုလေးများဖြစ်ပြီး ထိုင်းစာရေးဆရာမ ‘ပင်သရိကျန်သီရိ’ နှင့် ထိုင်းစာရေးဆရာ ‘အာချင်ပဉ္စပံ’ တို့၏ ဝတ္တုတိုက ၂ ပုဒ်စီ ပါဝင်၏။
ဝတ္ထုတိုများအားလုံးက …ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င၊ ဖူးခက်၊ နရသီဝခရိုင်ရှိ ထိုင်းလူ့အဖွဲ့အစည်း၏ ဘဝ သရုပ်ဖော်ရေးဖွဲ့ထားသည့် ဝတ္တုတိုများဖြစ်သည်။ အသေးစိတ် ချယ်မှုန်းရေးသားကြသည်ဖြစ်၍ စာဖတ်သူကို စိတ်ဝင်စားမှုပိုမို၍ ရစေ၏။
လူထုအမေမာက ထိုင်းဝတ္တုလေးများကို မြန်မာဘာသာသို့ ပြန်၍ထုတ်ဝေရသည့် အကြောင်းကို အမှာစာတွင်… ဆန္ဒအား ဖော်ညွှန်းထား၏။
“မြန်မာနိုင်ငံနှင့် ထိုင်းကတော့ ရေ၊မြေခြားတာ စကားနဲ့စာခြားတာ မှန်ပေမယ့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ နိုင်ငံတွေဖြစ်ပြီး၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံတွေက တော်တော်နီးစပ်ပြီး၊ တပြည်၊ တပြည် စီးဝင်ဖလှယ်မှုတွေ ခေတ်အဆက်ဆက်ကစပြီး၊ ရှိခဲ့တာမို့ တချို့များ တူညီနေလိုက်တာ ဘယ်က မူလဘူတမှန်းတောင် မသိနိုင်အောင် ရှိတာတွေ ရှိပါတယ်။ ပြီးတော့ ရုပ်သွင်လက္ခဏာချင်းကလည်း တူညီတဲ့ အဝတ်အစားကိုသာ ဝတ်ထားရင် ဘယ်သူဟာ မြန်မာ၊ ဘယ်သူဟာ ထိုင်းလို့ ခွဲခြားသိဖို့တောင် ခက်ပါတယ်။
နောက် သူတို့ဝတ္ထုလေးတွေကို ဖတ်ကြည့်လိုက်ပြန်တော့လည်း မြန်မာပြည်သူတွေအနေနဲ့ ကျကျနန ခံစားနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် စာပေကတဆင့် သိနားလည်ရေး၊ ချစ်ကြည်ရေး တည်ဆောက်ရရင် ကောင်းလေရဲ့လို့ အခုလို ဘာသာပြန်တာဖြစ်ပါတယ်။
သိနားလည်ရင် ချစ်ကြည်မယ်။ ချစ်ကြည်ရင် ငြိမ်းချမ်းမယ်။ ငြိမ်းချမ်းရင် သာယာစိုပြေ ဝပြောပါတယ်။
စာပေကတဆင့် သိနားလည်ကြပါစို့။”
(ဂ)
‘မျိုး’…ဝတ္ထုတိုက …ထိုင်းစာရေးဆရာ ‘လောခမ်ယောင်’ ရေးသည့် ဝတ္ထုတိုဖြစ်သည်။ နောက်ခံခေတ်က ‘ပိဘူးဆုမ်ဂရမ်’ ၏ အစိုးရခေတ်ကာလ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝ ကျော်က ဝတ္ထုတို…။ ရာစုနှစ်ဝက် ကျော်ခဲ့လေပြီ။ ပိဘူးဆုမ်ဂရမ်အစိုးရက အိမ်ဖြူနှင့် ပို၍နီးစပ်သည့် အစိုးရအဖွဲ့ဖြစ်သည်။ အမေရိကန် အကူအညီနှင့် ထိုင်းနိုင်ငံ၏ ထူထောင်ရေး လုပ်ဆောင်နေ၏။ အမေရိကန်နိုက်ဇေးရှင်းက ထိုင်းတွင် စိမ့်ဝင်နေသည့် ဟန်ရှိ၏။ ဤတွင်…. စာရေးဆရာ ‘လောခမ်ယောင်’က ‘မျိုး’ ကို ရေးခြင်းဖြစ်မည်။
ဝတ္ထုတိုဆရာက …ပထမဦးစွာ ထိုင်းကျေးလက်လူမှုဘဝကို ပြ၏။ ကျေးရွာအတွင်း လုပ်သားကောင်းဆုကို ခင်ပွန်းဖြစ်သူ လယ်သမားကြီးက ရ၏။ ရသည့်ဆုက …ငွေဖလားတလုံး ဖြစ်သည်။ ငွေဖလားက ဖလားနှင့်မတူ….။ ဤတွင် ဖလားကိုကြည့်ပြီး လယ်သမားကြီး၏ ဇနီးသည် အမယ်အိုက …ဤသို့တွေး၏။
“ဧကန္တ ဘန်ကောက်က လူတွေဟာ ငါတို့စားနေကျ မျှင်ငပိနဲ့ ငရုတ်သီးချဉ်စပ်မျိုးကို စားကြဟန်မတူဘူး။ ဒါကြောင့်သာ သူတို့ဖလားဆိုတာက ရယ်စရာသိပ်ကောင်းတဲ့ ပုံစံမျိုး ဖြစ်နေတာလို့ … တွေးပါတယ်။ မြို့နယ်အရာရှိကြီးရယ်…. ငပိအဖျော်ထည့်လို့ရတဲ့ တကယ့်ခွက်တလုံးပဲ ပေးပါတော့တော်လို့လည်း စိတ်ထဲက အောက်မေ့မိသေးတယ်။ ” (စာမျက်နှာ ၁ဝ၁၊ ၁ဝ၂ မှ)
ပြီးလျှင်… စာရေးဆရာက ကျေးလက်လူထု၏ အသိရေချိန်ကို ဆက်၍ဖော်ပြ၏။ လယ်သမားကြီး၏ ဇနီးသည် သားဦးလေး မီးဖွားပုံကို ရေး၍ ကျေးလက်၏ အသိရေချိန်ကို လှစ်ပြခြင်းဖြစ်၏။
“သူ့မှာမွေးရဖွားရလို့ ပင်ပန်းမှုမှ ကောင်းကောင်းမပြေသေးဘူး။ သူ့ယောက်ျားက ‘သားကလေး မွေးတယ်ကွ၊ တို့မှာ သားကလေးရပြီကွ’ နဲ့ ဝမ်းသာအားရ အော်နေသံလည်း ကြားတယ်။ သားကလေးရဲ့ ငိုသံလည်း ကြားလိုက်တယ်။ အဲဒီအတောအတွင်းမှာပဲ ဝမ်းဆွဲလက်သည်က ‘အရှင်ကြီး၊ အရှင်ကောင်းတို့ ဒီကလေးဟာ အရှင်ကြီး၊ အရှင်ကောင်းတို့ ပိုင်ဆိုင်တယ်ဆိုရင် ယူရင်ခုကပဲ ယူတော်မူပါ၊ နက်ဖြန်ခါမှဆိုရင် ကျနော်မျိုးတို့ ပိုင်ဆိုင်ပါပြီ” (စာမျက်နှာ ၉၈၊ ၉၉ မှ)
ထိုင်းဝတ္ထုတိုဆရာ ‘လောခမ်ယောင်’ သည် သူ၏ ဇာတ်ကောင်တို့၏ လူမှုဘဝ အခြေအနေနှင့် အသိရေချိန်တို့ကို ခင်းကျင်းပြပြီးသည့် နောက်တွင်မူ သူပေးလိုသည့် အကြောင်း ရေး၏။
မြို့နယ်အတွင်းရှိ ရွာသားများကို မြို့နယ်စိုက်ပျိုးရေးရုံးသို့ ဆင့်ခေါ်၍ ထိုင်းကြက်မများနှင့် မျိုးစပ်ရန် ကြက်ဖတကောင်စီကို၊ မြို့နယ်စိုက်ပျိုးရေးရုံးမှ ပေး၏။ ကြက်ဖက အမေရိကန်မှ ယူလာသည့် ကြက်ဖ…၊ ကြီးလာလျှင် …. လင်းတလောက်ရှိမည့် ကြက်မျိုးဟု ဆိုသည်။
မကြာ… မြို့နယ်မှ အရာရှိများ ကျေးရွာသို့ဆင်းပြီး ရွာလယ်ဇရပ်တွင် အစည်းအဝေးခေါ်၏။ အစည်းဝေးက … အမေရိကန်မှ ဝက်ထီးနှင့် ထိုင်းရှိ ဝက်မများ သားစပ်ပေးမည်။ ဤအတွက် ရွာတွင်ရှိသည့် ဝက်မများကို မြို့နယ်စိုက်ပျိုးရေးရုံးသို့ ယူဆောင်လာကြရန် ဖြစ်သည်။
တပတ်ခန့်ကြာသည့်အခါ၌ ထပ်၍ မြို့နယ်ရုံးက အမေရိကန်နွားထီးနှင့် ထိုင်းနွားမများ သားစပ်ရန် မြို့နယ်စိုက်ပျိုးရေးရုံးသို့ နွားမတကောင်စီ ယူဆောင်လာကြရန် ဆင့်ဆိုပြန်၏။
ဇာတ်ကောင်…လယ်သမားကြီးလည်း အိမ်ရှိ နွားမတကောင်ကို ဆွဲ၍ မြို့နယ်စိုက်ပျိုးရေးရုံးသို့ အမေရိကန်နွားထီးနှင့် သားဖောက်ရန် သွားပြန်လေ၏။
ထိုနေရာတွင် စာရေးဆရာက… နွားသားဖောက်ပြီး ပြန်လာသည့် လယ်သမားကြီးနှင့် ဇနီးသည်တို့ စကားပြောကြခြင်းနှင့် သူပြောလိုသည်တို့ကို ပြော၏။
“ကြီးသမှဟေ့၊ ဘယ်လောက်ကြီးသလဲဆိုရင် ငါဖြင့် ဘာနဲ့ နှိုင်းရမှန်းတောင် မသိပါဘူး။ ပထမတော့ ငါက ကျွဲကြီးလို့ထင်တာ၊ နို့ပေမယ့် သေသေချာချာကြည့်တော့ နွားသိုးကြီးကွ… နွားသိုးကြီး…၊ ခေါင်းတွေ၊ ခြေတွေ၊ ချို(ဂျို)တွေ၊ နားရွက်တွေအားလုံး နွားသိုးပါပဲ၊ နို့ပေမယ့် ကြီးလိုက်တဲ့ အကောင်ကြီးကွာ” ဟု လယ်သမားကြီးက ဆိုသည်။ ပြီးလျှင်…
“ငါတော့ အသက်ရှည်ရကျိုးနပ်ပြီ။ နေရကျိုးလည်းနပ်ပါပြီ။ ငါ့တသက်မှာ အမေရိကန် တယောက်ကိုလည်း မြင်ဖူးရပြီ၊ ငါ့မျက်စိနဲ့ကို သေသေချာချာ မြင်ခဲ့တာ။ သူ့အရပ်ကလေ ဟောဒီလို….”
သူ့မိန်းမထိုင်နေရာကို လှည့်ကြည့်ပြီး …
“မင်းစိတ်ထဲမြင်လာအောင် ငါ ဘာနဲ့နှိုင်းပြရမှန်းတောင် မသိပါဘူးကွာ၊ အဲ… မင်း စာခြောက်ရုပ်ကြီးတွေတော့ မြင်ဖူးတာပဲ၊ ဟုတ်တယ်မှုတ်လား”
“သိပါ့တော်”
“အဲ … အမေရိကန်ကြီးက အဲဒီလောက်ကိုရှိသကွ၊ သူ့လက်တွေ၊ ခြေထောက်တွေနဲ့ မျက်လုံးတွေကလည်း တို့ခွေးကြီး ဟေဇယ်ကျနေတာပဲ။ သူ့ဆံပင်တွေကလည်း မြက်ခြောက် တွေလိုပဲကွာ၊ ဝါဝါညိုညိုတွေ။ ငါက သူ့အနားကပ်နေရတာ သူက ဘာတွေမှန်း မသိဘူး၊ ကေးကေး … နဲ့ ပြောလိုက်တာ။ သူ့အနားမှာလည်း တို့လို ထိုင်းတယောက်၊ ဒီလူကလည်း ခပ်ရိုင်းရိုင်းကောင်ပါ။ သူတို့နှစ်ယောက် ဘာပြောကြတယ်တော့ မသိပါဘူး။ ဒါပေမယ့်၊ ရက်…ရက်…နဲ့ တရက်တည်း ရက်နေတယ်။ ဒီစကားကို ဘယ်လူကြီးလူကောင်းမျိုးက ပြောပါ့မတုန်း။ သူကတော့ အကြိမ်ကြိမ်ပါပဲကွာ”
‘ရက်’ ဟူသည်က ထိုင်းဘာသာစကားနှင့် လိင်ဆက်ဆံမှုကို ရုတ်ရင်းကြမ်းစွာ ပြောဆိုသည့် စကားဖြစ်၏။ လယ်သမားကြီး၏ စကားဆုံးသွားလျှင် စကားဝိုင်းသည် တိတ်ဆိတ်သွား၏။ ပြီးလျှင်… ဇနီးသည်က စကားစ၏။
“အဖေကြီးရယ်”
“ဘာလဲကွဲ့”
“စာခြောက်ရုပ်ကြီးကိုလည်း ဘာလို့ပို့လိုက်တာတဲ့လဲတော်”
“နွားသိုးကြီးလိုပဲ၊ သူ့ကိုလည်း သားစပ်ရအောင်ပဲတဲ့လား”
“အေးကွ ဟုတ်မယ်၊ မင်းတွေးသလိုပဲဖြစ်မယ်၊ ဒါကြောင့် ဟိုထိုင်းကောင်က ညစ်ပတ်တဲ့ စကားလုံးတွေကို နေ့တဝက်လောက် အကြိမ်ကြိမ်ပြောနေတာပေါ့”
“ကျုပ်တို့မြို့နယ်ကိုကော လွှတ်ဦးမှာလားတော်”
“အမလေးတော်”
“ဘာတုန်းကွ၊ မင့်အမလေးက ”
“အော် .. အင်း ကျုပ်က ကျုပ်တို့ ထိုင်းက နွားမတွေကို သနားလို့ပါတော်”
“လူတွေလည်း သနားစရာပါကွာ”
ဤတွင်ပင် ထိုင်းဝတ္တုတိုဆရာသည် သူ၏ ဝတ္ထုတိုကို အဆုံးသတ်ထား၏။ ထိုစဉ်အချိန်တွင်… ထိုင်းနိုင်ငံ၏ ကောင်းကင်တွင်မူ …. ဗီယက်ကောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ရန် အမေရိကန် B-52 ဗုံးကြဲလေယာဉ်ပျံကြီးများက ပျံသန်းလျက်ရှိနေပေလိမ့်မည်။
No comments:
Post a Comment