Wednesday, November 3, 2010

ဘဝတကွေ့ခရီးတခု (၂)


ကျမရဲ့ မဲဆောက်ခရီးက RFA လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုမှာပါတဲ့”အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်”အသံလွှင့် ဆောင်းပါးတွေကို စာအုပ်ထုတ်ဖို့ပါ။ စာရေးသူ ကျမအတွက် ကိုယ့်ဆောင်းပါးကို စာအုပ်အဖြစ် ထုတ်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်။ စာအုပ်ထုတ်ဖြစ်အောင် သြော်စီက ထုတ်ဝေသူ ဦးမောင်မောင်မြင့်နဲ့ စာအုပ်ဖြစ်အောင် ကြိုးစားပေးတဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းက စာအုပ်ဖြန့်ချိဖို့ပါ တာဝန်ယူပါတယ်။ စာအုပ်ကိစ္စနဲ့လာတဲ့ မဲဆောက်မှာ ဒုက္ခသည်ခွင့်နဲ့ ၅ရက်နေခွင့် ရခဲ့ပါတယ်။

မဲဆောက်ရဲ့ နှလုံးခုန်သံ၊ ရင်ခုန်သံက မဲဆောက်ဈေးနဲ့ စက်ရုံတွေပါပဲ။ ဒီနှစ်ခုကို အားပြုပြီး လူတွေ ရှင်သန် ရပ်တည်ကြတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ မှီခိုအားထားရတယ်။ ဒါ့အပြင် မြန်မာပြည် ဒီမိုကရေစီရေးအတွက် ယုံကြည်ချက်နဲ့ အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ၊တော်လှန်ရေး အင်အားစုတွေ၊ဒီမိုကရေစီရေး အင်အားစုတွေရဲ့ လွတ်မြောက်နယ်မြေလဲ ဖြစ်ပါတယ်။

မဲဆောက်က သူ့ရင်ခွင်မှာ လူ့သမိုင်းတွေ၊ လူ့အဖွဲ့အစည်းတွေ အများကြီးကို ခိုလှုံခွင့် ပေးထားခဲ့ ပေးနေဆဲပါ။ သူ့ရင်ခွင်ထဲမှာ လူတွေရဲ့ ကြုံးဝါးသံ၊ ညည်းညူသံ၊ ရယ်မောသံ၊ နာကျင်ကြေကွဲသံ၊ မာန်တင်းသံတွေကို ကြားခဲ့မြင်ခဲ့ရမှာပါပဲ။ ဘဝများစွာ၊ လူများစွာကို ကိုယ်တိုင်သိမြင်သူမို့ မဲဆောက်သာ စကားပြောတတ်ရင် ပြောပြမှာပဲ။

ဒုက္ခသည် ကျမတို့အတွက် မြင်သမျှ ဆန်းကြယ် အံ့သြစရာချည်းပဲ။ ကျမတို့ တည်းခိုရာ AAPP ရုံးကနေ မဲဆောက်ဈေးကို လမ်းလျှောက်သွားတယ်။ ဆိုင်ကယ် အများဆုံးသုံးတဲ့နေရာမှာ ခြေကျင်လျှောက်သူတွေက မြန်မာလူမျိုး ဈေးဝယ်တွေ၊ အလုပ်သမားတွေဆိုတာ သိနေကြတယ်။ လူ့အဖွဲ့စည်းကြီးနဲ့ ဝေးနေရတဲ့ကျမတို့ လမ်းကူးတာတောင် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး မကူးရဲဘူး။ ချီတုံချတုံနဲ့ ကြောက်လန့်နေတာ။ လူစိမ်းတွေ အများကြီးရှေ့မှာ မနေတတ် မထိုင်တတ်နဲ့လူက အသွားပြီ။

မြန်မာပြည်တွင်း ထောင်ဝင်စာ ခရီးဆယ်နှစ်မှာ ဘယ်အကျဉ်းထောင်မဆို ရဲရဲဝံ့ဝံ့ ဦးဆောင်ပြီး ဘဝတူ အကျဉ်းကျမိသားစုတွေကို လိုက်ပို့ခဲ့တဲ့ ကျမမှ ဟုတ်ရဲ့လားလို့အံ့သြမိတယ်။ အာဏာပိုင်ကို ချေပပြောဆိုခဲ့တဲ့ သတ္တိဆိုတဲ့ အရာတွေကို ဒုက္ခသည်ဘဝက ချေဖျက်လိုက်ပြီလားလို့ ကြောက်လန့်တကြား တွေးမိတယ်။တခါတလေ စိတ်ပျက်အားငယ်လာရင် ခေတ်စနစ်ကြောင့်ဘဲ၊ ခေတ်ပြောင်းသွားရင် ဆိုတဲ့ အတွေးနဲ့ တင်းခံရတယ်။

ကျမတို့ မဲဆောက်ရောက်တဲ့ အချိန်မှာ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကြီး ပိတ်ထားတာမို့ မဲဆောက်-မြဝတီ လိုင်းကားပေါ်မှာ လူမရှိဘူး။ နယ်စပ်မျဉ်း အဖွင့်အပိတ်က ကားသမား ထမင်းအိုးကိုအရင်ဆုံး ထိခိုက်ရတာပဲ။ ထိုင်းမြန်မာနယ်စပ် ဈေးကွက် စီးပွားရေးကနေ ဇီးကွက် စီးပွားရေး ဖြစ်သွားတော့တယ်။ ညဘက်ကျမှ လူနဲ့ ပစ္စည်းသယ်ကြတာပေါ့။

ပစ္စည်းသယ်တဲ့ ကယ်ရီသမားတွေထဲမှာ ဆေးလိပ်မသောက်ရ၊ ချောင်းမဆိုးရလို့ သတ်မှတ်ထားတယ်။ ညဘက်မှာ လှည့်ကင်းတွေက မီးရောင် ချောင်းဆိုးသံကြားမှာမြင်ရင် အန္တရာယ်ကို လက်ရပ်ခေါ်သလို ဖြစ်မှာစိုးလို့ ပစ္စည်းသယ်သူတွေကို သတိပေးတာပါ။

ကျမ မှတ်မိသေးတယ်။ စစ်အာဏာရှင်က ထိုင်းကို ယိုးဒယားလို့ခေါ်ပြီး ဒေါက်တာမတင်ဝင်းကို ဆန့်ကျင်ရေး ဆောင်းပါးတွေ သတင်းစာမှာ ရေးခိုင်းတယ်။ ဒေါက်တာမတင်ဝင်းလဲ အရှင်မွေးနေ့ချင်းကြီး ဖြစ်သွားတယ်။ ယိုးဒယားကို ဆန့်ကျင်တဲ့ အနေနဲ့ အချိုမှုန့်တွေ ရန်ကုန်မြစ်ထဲ မျှောပစ်တာကိုကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တွေ အင်နဲ့အားနဲ့ လုပ်ပြနေချိန်ပေါ့။ အဲဒီအချိန်မှာ မိုင်းဆတ်ထောင်က နိုင်ငံရေး အကျဉ်းသား ကရင်အမျိုးသား စောနီအောင်ကို ထောင်ဝင်စာတွေ့နိုင်ဖို့ သူ့သား စောမြင့်အောင်ကို လိုက်ပို့ရတဲ့ ခရီးပါ။

မိုင်းဆတ်က စစ်ဖြစ်နေတဲ့ ပုံပါကျင်နဲ့ သိပ်မဝေးဘူး။ ထိုင်းပစ္စည်းတွေနဲ့ ရပ်တည်နေရတဲ့ မြို့ဖြစ်တယ်။ ကျမတို့ကို ထောင်ဝင်စာ တွေ့ခွင့်မရဘူးလို့ ပြောတဲ့ စစ်ထောက်လှမ်းရေးကို ကျမက ထောင်ဝင်စာမတွေ့ရရင် မပြန်ဘူး။ ICRC ကမ္ဘာ့ကြက်ခြေနီ ကျိုင်းတုံမှာ ရှိတယ်။အဲဒီ့ကို ဆက်သွယ်ပေးပါဆိုတော့ ကျမတို့ကို မိုင်းဆတ် ထောက်လှမ်းရေးက စစ်ကြောရေးဝင်တာ ၃နာရီကြာတယ်။ နောက်ဆုံးကျမက စာရေးသူတယောက်ဖြစ်ပြီး သားသမီးချင်း ကိုယ်ချင်းစာလို့ လိုက်ပို့ပေးတဲ့ မေတ္တာခရီးပါဆိုတာ ယုံကြည်တော့မှ ကျမတို့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်။ ကျမကို စာရေးသူမှန်းသိတော့ ခ.ဝ.တ ဥက္ကဋ္ဌက အလိမ္မာနဲ့ မိုင်းဆတ်အကြောင်းကို ပြောပြတယ်။

“ကျနော်တို့က ထိုင်းကို အမှီပြုပြီး အသက်ရှင်နေရတာ။ တံတားပိတ် လမ်းပိတ် ထိုင်းပစ္စည်း မြန်မာပြည် မသွင်းရဘူးဆိုတော့ ထိုင်းပစ္စည်းတွေကို ခိုးလမ်းက သယ်ရတယ်။ ဒီတော့ဈေးက ၃ဆလောက် တက်သွားတယ်။ အကြီးအကဲ အုပ်ချုပ်သူက ဒါကိုမသိဘူး။ နယ်စပ်ဂိတ် ဘယ်လောက်ပိတ်ပိတ် ခိုးလမ်းတွေ အများကြီးပဲ။ ဒုက္ခပဲ ကျနော်မေ့ပြီး ခင်ဗျားရှေ့ ဒီစကားပြောမိပြီ။ စာမျက်နှာပေါ်တော့ မတင်လိုက်ပါနဲ့”လို့ ပြောသေးတယ်။ တကယ်လဲ မိုင်းဆတ်မှာ ထိုင်းဘတ်ငွေဘဲ သုံးတာများပါတယ်။

ခုလဲ မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတားကြီး ပိတ်ထားတာ ကြာကြာလှပေါ့။ မြန်မာပြည်ထဲမှာ ထိုင်းပစ္စည်းတွေ ဈေးတက်သလို ထိုင်းဘက်မှာလဲ မြန်မာပစ္စည်းတွေ ဈေးတက်ကုန်တယ်။ သြဂုတ် ၂၂ ည ၈နာရီခွဲလောက်မှာ မြဝတီဘက်က သေနတ်သံလို၊ လက်နက်ကြီးသံလို အဆက်မပြတ် ကြားလို့ လက်ကိုင်ဖုန်းတွေ တတီတီမြည်ပြီး သတင်းပို့ကြတယ်။ ဗိုလ်နှုတ်ခမ်းမွေးနဲ့ မြန်မာစစ်တပ် ချကုန်ပြီပေါ့။
နောက်နေ့ မိုးလင်းမှ သတင်းအမှန် ကြားရတယ်။ထိုင်းဘက်က ခိုးသွင်းလာတဲ့ ဂက်စ်အိုးတွေ မီးလောင်တာတဲ့။ ဂက်စ်အိုးသွင်းလာတ ကားပါ မီးလောင်သွားတယ်။ ဒီသတင်းက ကျမတို့ မြန်မာပြည်သူတွေအတွက် နာကျင်ကြေကွဲစရာပါပဲ။

မြန်မာပြည်ရဲ့ သယံဇာတ တခုထဲက ဂက်စ်ကို ထိုင်းက ဈေးပေါပေါနဲ့ တရားဝင် စစ်အာဏာရှင်ဆီက ဝယ်တယ်။မြန်မာပြည်သူတွေက ကိုယ့်တိုင်းပြည်ကထွက်တဲ့ ဂတ်စ်ကိုထိုင်းက မှောင်ခို ဈေးကြီးပေးပြီး တရားမဝင် ပြန်ဝယ်ရတယ်။ မြို့စားကြီးက မီးရှို့ခွင့်ရှိပြီး ရွာသားက မီးထွန်းပိုင်ခွင့် မရှိဘူးဆိုတဲ့ စကားပုံက ကျမတို့ မြန်မာပြည် စစ်အာဏာရှင်အတွက်များ သီးသန့် ညွှန်းဆိုလေသလား။

ကျမတို့ တည်းတဲ့ အခန်းရှေ့မှာ ဓာတ်ဆီဆိုင်ရှိပါတယ်။ အဲ့ဒီ ဓာတ်ဆီဆိုင်ကို ဘယ်အချိန်ကြည့်ကြည့် လူရောကားရော ရှင်းနေတယ်။ ဓာတ်ဆီဆိုင်ရှေ့မှာ တန်းစီစောင့်နေရတဲ့ကား မရှိဘူး။ကျမတို့ မြန်မာပြည်မှာ ဓာတ်ဆီဆိုင်၊ ဂတ်စ်ဆိုင်တွေ ရှေ့မှာ ညအိပ်စောင့်ပြီး တန်းစီရတဲ့ ကားတန်းကြီးကို အမှီပြုပြီး ဈေးရောင်းတဲ့ ဆိုင်လေးတွေက တောဘုရားပွဲလိုပဲ စည်ကားနေတတ်တယ်။ မီးပြတ်ရင် နှစ်ရက်သုံးရက်ကြာအောင် စောင့်ရသေးတယ်။ ဆီဆိုင်တွေမှာ ကားတွေ မြင်မကောင်းတော့ဘူး။ဘတ်စ်ကား မှတ်တိုင်တွေမှာ ခရီးသည်တွေပုံလို့။ ကားသမားလည်း နေ့စဉ် ဝင်ငွေပြတ်၊ ခရီးသည်တွေလည်း ကားမရလို့ အလုပ်ပျက်၊ ဂျာအေး သူ့အမေရိုက်တာ မဟုတ်ဘူး။ခေတ်စနစ်က လူထုကို ရိုက်ပုတ်နေတာ။ ကျမတို့ တည်းခိုတဲ့အခန်း မျက်စောင်းထိုးမှာ ထိုင်းလူမျိုးပိုင်တဲ့ ပင်မင်းဆိုင်ရှိတယ်။ အလုပ်သမားတွေက မြန်မာမိန်းကလေးတွေပါ။ ကျမစိတ်ဝင်စားလို့ ညစဉ် မြန်မာအလုပ်သမလေးတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့က စရိတ်ငြိမ်း တလကိုဘတ်၂,၀၀၀ရတယ်။ နှစ်စဉ် တစ်နှစ်တခါ အိမ်ပြန်ခွင့်ရတယ်။ သင်္ကြန်ရက်မှာ အများဆုံးပြန်ကြတယ်။ မသုံးရက် မစားရက် စုထားတဲ့ငွေတွေက မြန်မာပြည်မှာရှိတဲ့ မိသားစုအသက်ကို ဆက်ပေးနိုင်ခဲ့တယ်။ အလျော်အစား ဆိုတာလည်းရှိတယ်။ ထိုင်းအမျိုးသား တစ်ယောက်က သူ့အကျီပျောက်သွားလို့ လျော်ပေးရမယ်လို့ ဆိုတယ်။ရွေးသွားတုန်းက အထည်ကို ပြည့်စုံတယ်ပြောပြီး အခု တထည်လိုတယ်ဆိုပြီး အငြင်းပွားကြတယ်။

အားကြီးသူနဲ့ အားနည်းသူမှာ အားနည်းသူက ခံရစမြဲပါ။ အလုပ်ရှင် စိတ်အနှောင့်အယှက် မဖြစ်အောင် သူတို့ကို မငြူစူအောင် သူတို့သုံးယောက်ပေါင်းပြီး မျက်ရည်စနဲ့ လျော်ပေးလိုက်ရတယ်။ ဘတ်ငွေ ၆၇၀တောင် ပေးလိုက်ရတာ။

ကျမနဲ့သူတို့ ရင်းနှီးတဲ့ အချိန်မှာဘဲ ကျမတို့ ဒုက္ခသည်စခန်းကို ပြန်ရပြီ။ ကိုဘိုကြည်ဇနီး မလဲ့ ချက်ကျွေးတဲ့ ထမင်းဟင်းအရသာကို စွဲမိတဲ့ အချိန်မှာ ပြန်ရတာ။ ဆန်ချောအရသာကို ကျမတို့မခံစားရတာ နှစ်ချီနေပြီ။ ဆန်ဆိုရင် နွေစပါး၊ မိုးစပါးကို ကြိတ်ထားတာလားဆိုတာ မသိတော့ဘူး။ ကျမတို့သိတာ ရိက္ခာဆန်တခုပဲ။ ကျမ အပြန်ခရီးမှာ ရှမ်းဆန်နဲ့ ချက်တဲ့ ထမင်းအနံ့လေးကို စွဲနေမိတယ်။

ကျမရဲ့ အပြန်ခရီးဟာ အကျဉ်းကျ မိသားစုအဖြစ် ထောင်ဝင်စာခရီးသွားလို့ အိမ်အပြန် ပြန်ရတဲ့ ခရီးမဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို အံတုသူကို စိတ်အာဟာရ၊ ရုပ်အာဟာရဖြစ်အောင် ကူပံ့ပေးရတဲ့ ခရီးမို့ ဝင့်ဝင့်ကြွားကြွား။ အိမ်ပြန်ကျော့ကျော့။ လမ်းခရီးတလျှောက်က စေတီပုထိုး၊ မြစ်ချောင်းတောတောင်က ကျမကို ထွေးပွေ့ နှစ်သိမ့်တယ်။ ကြည်နူးမှု ပေးတယ်။ စိတ်ခွန်အားတွေ ပေးတယ်။ ဇာတိသွေးတွေ ပေးတယ်။ဒါကြောင့်လဲ ထောင်ဝင်စာ ဆယ်နှစ်ခရီးကို ကျမသွားနိုင်ခဲ့တာ။

ရှေ့ဘဝခရီးလမ်းအတွက် စိုးရိမ်ပူပန်စိတ်တွေက ကျမကို တင်းပုတ်နဲ့ ရိုက်နေသလို နာကျင်နေပါတယ်။ ကံကြမ္မာပစ်ချတဲ့ ဘဝလို့ ကျမကိုဖြေသိမ့်ကြတယ်။ ဟင့်အင်း……ကံကြမ္မာကြောင့် မဟုတ်ဘူး။ ခေတ်စနစ်ကြောင့်ပါ………………….။

No comments: