Wednesday, November 3, 2010

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်မရှိအနိုင်ရမည်ဟုပြော

စိုးစိုး၊ ကောင်းဝါ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီသည်ပြိုင်ဘက်မရှိ အနိုင်ရမည်ဟု မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ဟံဂံကျေးရွာတွင်စည်းရုံးရေးရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါက်တာမင်းကျော်စွာထွန်းက အောက်တိုဘာလကုန်တွင် ပြောဆိုစည်းရုံးခဲ့ကြောင်း ဒေသခံတစ်ဦးမှပြောပါသည်။

ရေးမြို့နယ်ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဒေါက်တာမင်းကျော်စွာထွန်းအနေနှင့် အဆိုပါ စည်းရုံးရေးခရီးဆင်းရာ၌ “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာဗမာအဖွဲ့မဟုတ်ပါဘူး။

တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ အခုလဲရပ်ရွာအေးချမ်းသာယာဖို့အတွက် စည်းရုံး ရခြင်းဖြစ်တယ်။ တကယ်လို့ကျွန်တော်တို့ပါတီအနိုင်ရလို့ရှိရင် ရွာသားတို့အနေနှင့်တောင်းဆိုကြပါ ကျွန်တော် တို့အဖွဲ့အစည်းက လိုက်လံဖြည့်ဆည်းပေးမယ်”ဟုပြောဆိုစည်းရုံးခဲ့သည်။

ဟံဂံကျေးရွာသည်အိမ်ခြေ (၁၅၀၀) ကျော်ရှိသော်လည်း ကြံ့ဖွံ့ပါတီစည်းရုံးရေးဟောပြောပွဲတွင် လူဦးရေ (၅၀)ခန့်နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်တစ်ချို့နှင့် ကျေးရွာလူကြီးများသာ တက်ရောက်ကြောင်း ဒေသခံများမှပြောပါသည်။

အဆိုပါရေးတောင်ပိုင်းဒေသသည် မွန်လူမျိုးအများစုနေထိုင်လျက်ရှိပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအဖွဲ့အစည်းကိုသာ မဲပေးလိုကြကြောင်းသိရသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာမွန်အဖွဲ့အစည်းရှိနေတယ်။ ကောင်းသည်ဖြစ်စေ။ ဆိုးသည်ဖြစ်စေ ကိုယ့်မွန်လူမျိုးရဲ့ အဖွဲ့အစည်းကိုပဲမဲပေးချင်တယ်”ဟု ရွာသားတစ်ဦးမှပြောသည်။

ရေးမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့်ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကမူ ပြည်သူ့လွှတ်တော်အဖြစ် ဒေါတ်တာ မင်းကျော်စွာထွန်း။ အမျိုးသားလွှတ်တော်အဖြစ် ဦးထွန်းမြင့်(ရွှေတောင်ကြား) ပြည်နယ်လွှတ်တော်အဖြစ် ဦးဖေအောင် နှင့် ဦးမောင်မြင့်တို့က ပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။

ပြီးခဲ့သည့်အပတ်တွင်မူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ပါဝင်ယှဉ်ပြိုင်မည့် ဦးထွန်းမြင့်သည် ရေးမြို့နယ်တောင်ပိုင်း အစင်ကျေးရွာ၌ စည်းရုံးရေးဆင်းရာတွင် ရွာသားများမှ သူ၏ ကားကို ၀ိုင်းရိုက်နှက်ခဲ့ကြောင်း ရေးမြို့ ကြံ့ဖွံ့ပါတီဝင်တစ်ဦးကဆိုသည်။

No comments: