Tuesday, November 16, 2010

လက်တွေ့နိုင်ငံရေးကိုမျက်နှာမူကြပါစို

ရဲဘော်ဖိုးသံချောင်း

ရွေးကောက်ပွဲဆိုတာကြီးတော့ ပြီးသွားပါပြီ။ ကြက်ဥအရောင် တိမ်တောင်သဖွယ်ထင်ယောင်မှားတွေ၊ စိတ်ကူးယဉ် မျှော်လင့်ချက်တွေ၊ အကောင်းမြင်စိတ်လေးတွေ- သွားပြီ၊ ဆောင်းလေနဲ့အတူလွင့်ပြယ်သွားပါပြီ။ မြန်မာ့ခေတ်သစ်သမိုင်း မှာ အရုပ်ဆိုးဆုံး၊ အညစ်ပတ်ဆုံး၊ အကျင့်သိက္ခာအမဲ့ဆုံး၊ အရှက်အမဲ့ဆုံးရွေးကောက်ပွဲကြီးပြီးသွားပါပြီ။

နအဖစစ်အုပ်စုဟာ ဒါလောက်ကြီးတော့ ပြောင်မညစ်လောက်ပါဘူးလို့ တွက်ခဲ့တဲ့လူတွေအဖို့ ဘာပြောရမှန်းမသိ အောင်ဖြစ်သွားပြီ။ နအဖနဲ့ဒီရွေးကောက်ပွဲအတွက် တာဝန်သိသိရှေ့နေလိုက်နေသူများလဲ ပါးစပ်ပိတ်ကုန်ကြပါတယ်။

ရွေးကောက်ပွဲမှာ လှုပ်သာရှားသာမယ့် စပေ့စ်လေးတွေပေါ်လာမယ်ဆိုတာ လက်စသတ်တော့ “ကြိုတင်မဲ”တွေ ဆာလာအိတ်တွေနဲ့သယ်လာနိုင်တဲ့စပေ့စ်ပဲဖြစ်နေပါတယ်။ အမတ်လောင်းကိုယ်တိုင်က မဲပေးခွင့်မရတဲ့စပေ့စ်၊ ၀င်အရွေးခံသူတွေတောင်မှ မဲရေတွက်တဲ့နေရာကို ၀င်ကြည့်ခွင့်မရတဲ့စပေ့စ်မျိုးဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပါပြီ။ အဲဒီ စပေ့စ်ဟာ မဲရုံဂိတ်ဝလောက်အထိသာကျယ်ဝန်းပြီး လွှတ်တော်ထဲအထိမရောက်တာလဲ ရှင်းသွားပါပြီ။ နအဖ စစ်အုပ်စုဟာ မုန့်သာဆိုရင် တဖဲ့စီဝေစားမယ်၊ အာဏာကိုတော့ ဝေမစားဘူးဆိုတဲ့လူစားမျိုးဖြစ်ပါတယ်။ ရွေးကောက်ပွဲ အဆင့်မှာတင် ဒါလောက်ညစ်နေရင် လွှတ်တော်ထဲရောက်မှ စစ်အုပ်စုရဲ့လက်ခုပ်ထဲကနေ ဒီမိုကရေစီကို တဖြည်းဖြည်းချင်း တိုးချဲ့သွားမယ်ဆိုတာ လုံးဝမဖြစ်နိုင်ကြောင်း ပိုထင်ရှား သွားတယ်လို့လဲ အတိအကျ ဆိုနိုင်ပါတယ်။

ဘယ်ဝန်ကြီးဟောင်း၊ ၀န်ကြီးလောင်းမှမရှုံးစေရလို့ အာမခံထားတဲ့အလား ရှုံးရာကနိုင်၊ နိုင်ပြီးမှရှုံး၊ သမိုင်းဝင် မျက်လှည့်ပွဲကြီးပြီးသွားတော့ တရားသံဝေဂသံတွေ၊ မချိတင်ကဲသံတွေ၊ ဒေါသသံတွေ အသံမျိုးစုံကြားရပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဒီချုပ်ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး ပုတ်ခတ်အပြစ်တင်ခဲ့တဲ့ ၀င်အရွေးခံခဲ့သူတဦးကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောတာမှန်ပါတယ်၊ သူတို့ဒီလောက် ဆိုးမယ်မှန်း မသိလို့ ၀င်ပြိုင်မိတာပါ”လို့ ရေဒီယိုအင်တာဗျူးမှာ ပြောသွားတာဟာ မှတ်သားစရာကောင်းလှပါတယ်။

ဒိထက်ပိုပြီးထူးထူးခြားခြား မှတ်သားသင့်တာကတော့ နအဖဗိုလ်ချုပ်တွေဟာ သူတို့ရဲ့အထက်မျိုးဆက် တစညပါတီအပေါ်ကိုလဲ အပြတ်အသတ်ညစ်ပြလိုက်တာပါပဲ။ ဒါဟာ စစ်အုပ်စုတွေမှာ မျိုးဆက်တခုနဲ့တခုလက်မတွဲ နိုင်ကြောင်း၊ အကျိုးစီးပွားတွေ မတူညီကြောင်း၊ ချက်ကြိုးပြတ်ကြောင်း ကမ္ဘာသိ ကြေညာလိုက်သလိုရှိပါတယ်။ ကြံ့ဖွတ်ကလွဲရင် ကိုယ်စားလှယ်လောင်းဦးရေအများဆုံး ၀င်ပြိုင်ခဲ့တဲ့ တစညပါတီဟာ ကိုယ်စားလှယ်စာရင်းတင်ခချည်း သက်သက်က သိန်း၅,၀၀၀၊ တခြားကုန်ကျစရိတ်တွေပါ ပေါင်းထည့်လိုက်ရင် သိန်းသောင်းနဲ့ချီ ဆုံးရှုံးသွားမဲ့သဘော ရှိပါတယ်။ ဓားမပါ ဆုံးတာပါပဲ။

တကယ်ကျတော့ ဒီရွေးကောက်ပွဲဟာ နအဖစစ်အစိုးရအနေနဲ့သူတို့နိုင်စေချင်သူကို အနိုင်ပေး၊ ရှုံးစေချင်သူကို ရှုံးအောင်လုပ်လို့ရတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေထဲမှာကိုပဲ နအဖဟာ သူတို့သဘောကျတဲ့၊ သူတို့ ကြိုးဆွဲတိုင်းကမယ့် တိုင်းရင်းသားတချို့ကိုတော့ အလွယ်တကူဝင်အရွေးခံခွင့်ပေးတဲ့အပြင် သူတို့ရဲ့ကြံ့ဖွံ့ကိုတောင်မှ အဲဒီတိုင်းရင်းသားတွေနဲ့ ယှဉ်ပြိုင်အရွေးခံတာမလုပ်စေခဲ့ပါဘူး။ တိုင်းရင်းသားပါတီတိုင်း နအဖလက်ကိုင်ဒုတ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်သန်းရွှေတို့ဟာ သူတို့စစ်အုပ်စုအနေနဲ့ အခုအခါမှာ မဟာမိတ်မလိုကြောင်း၊ အထူးသဖြင့် တချိန်က အတိုက်အခံလုပ်ခဲ့တဲ့လူတွေကို ဘယ်လိုမှလက်တွဲမခေါ်နိုင်ကြောင်း ပြသလိုက်တာဖြစ်တယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲရဲ့ကောင်းတဲ့အကျိုးတခုကိုပြောပါဆိုရင် အားလုံးကို နအဖအပေါ်စိတ်ကူးယဉ်မှုတွေ စွန့်လွှတ်အောင် မီးမောင်းထိုးပြလိုက်တဲ့အချက်ပါပဲ။ ဒါကနေတဆက်ထဲ ရွေးကောက်ပွဲလွန်ဗမာပြည်နိုင်ငံရေးဇာတ်ခုံမှာ အင်အားစုစည်းမှုအပြောင်းအလဲတွေ ထပ်တွေ့လာရနိုင်ပါတယ်။

နအဖအဖို့တော့ ပြည်ပမှာပိုအရှက်ကွဲရုံမက နဂိုက ဒီရွေးကောက်ပွဲပြီးရင် ဘာကြီးဖြစ်နေနေ စစ်အစိုးရနဲ့ဝင်ပူးလိုက်ဖို့ စဉ်းစားထားတဲ့ နိုင်ငံတွေတောင်မှ လက်တွန့်သွားတာနဲ့ကြုံရပါတယ်။ ပြည်တွင်းမှာတော့ ကြံ့ဖွတ်အဖို့ ဒီရွေး ကောက်ပွဲမှာ မဟာမိတ်မရလိုက်ပဲ သူတို့ကိုမုန်းတီးသူတွေသာရလိုက်ပါတယ်၊ နဂိုက နိုင်ငံရေးနယ်ပယ်နဲ့ ကင်းကွာ နေရာကနေ ဒီရွေးကောက်ပွဲကျမှ နိုင်ငံရေးထဲဝင်ပါလာကြသူတွေဟာ ဘယ်လိုနိုင်ငံရေးမျိုးကိုဆက်လုပ်မလဲဆိုတာ စဉ်းစားရပါတော့မယ်။ ဒီရွေးကောက်ပွဲအဖြေထွက်တော့မှ တောင်ပို့မှန်းသိလာတဲ့ တခြားနိုင်ငံရေးအင်အားစုတွေလဲ ပိုမိုလက်တွေ့ကျတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် တက်လာကြလိမ့်မယ်လို့ယူဆရပါတယ်။ နအဖရဲ့ “စည်းကမ်းရှိပြီး စစ်မှန်တဲ့ဒီမိုကရေစီ”ဟာ မဲခိုး၊ မဲပိုး(တင်ကြိုမဲ၊ ပြည်ပရောက်မဲဆိုတာတွေနဲ့ ထပ်ပိုးတာ)၊ ထင်တိုင်း လုပ်နိုင်ခွင့်ရပြီး ပြည်သူတွေကျတော့ သူတို့လုပ်သမျှ လက်ပိုက်ကြည့်နေရတဲ့အနေအထားဖြစ်နေစေပါတယ်။ ဒီလိုဖြစ်နေတာတွေကို တရုတ်ရှေးဟောင်းစကားပုံတခုနဲ့ပဲ ခိုင်းနှိုင်းလိုက်ချင်ပါတယ်။ အဲဒါက “ရွာသူကြီးကျတော့ ရွာကိုမီးတိုက်ခွင့်ရှိပြီး ရွာသားတွေကျတော့ မီးခွက်လေးတောင် ထွန်းခွင့်မရှိဘူး” ဆိုတာပါပဲ။

No comments: