Wednesday, April 20, 2011

အမေရိကန် ကိုယ်စားလှယ်ကြောင့် မြန်မာ့နိုင်ငံရေး ပြေလည်ဖွယ်မရှိ

ဧရာဝတီ Wednesday, 20 April 2011

အမေရိကန်သမ္မတ မစ္စတာ ဘားရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် တဦး ခန့်အပ်ရန် စီစဉ်ထားမှုအပေါ် ကြိုဆိုသော်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည်ရန် မျှော်လင့်ချက် နည်းပါးမည်ဟု ရန်ကုန် အသိုင်းအဝန်းရှိ လူအများစုက ပြောဆိုကြသည်။

အမေရိကန်သမ္မတသည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုလက်ထောက် ၀န်ကြီး ဒဲရက် မစ်ချယ် (Mr. Derek Mitchell) ကို ခန့်အပ်ရန် ဧပြီလလယ်က အထက်လွှတ်တော်သို့ တရားဝင် အဆိုပြုခဲ့သည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ သတင်း မီဒီယာသမားများ၊ နိုင်ငံရေးလေ့လာသူများ၊
အငြိမ်းစား အစိုးရ၀န်ထမ်းတချို့၊ ဥပဒေပညာရှင်တချို့၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ စီးပွားရေးသမားတချို့ အပါအ၀င် စုစုပေါင်း လူ ၁၅၀ ခန့်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်မှုကြောင့် မြန်မာနိုင်ငံရေးအပေါ် တစုံတရာ အကျိုးသက်ရောက်နိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းခဲ့သည်။

ထိုစစစ်တမ်းငယ်တွင် အများစုက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အကောင်းမြင်သော လုပ်ဆောင်ချက် အဖြစ် ရှုမြင်သော်လည်း ရလဒ်ကောင်းရန် မလွယ်ကူဟု ဖြေဆိုကြသည်။

“အမေရိကန် ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး အားလုံးက စိတ်ဝင်တစား ရှိကြတယ်။ ကြိုလည်းကြိုဆိုတယ်။ ဒါပေမယ့်
အရင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီလိုမျိုး သံတမန်ရေး ကျရှုံးမှုတွေ ထပ်ဖြစ်လာနိုင်တယ်။

သမ္မတ ဦးသိန်းစိန်က ပြဿနာရှိရင် အခြေခံဥပဒေ ဘောင်ထဲက စကားပြောမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်ရင် လွှတ်တော်ထဲက ပြင်ပါနဲ့ တရားဝင်မိန့်ခွန်း ပြောထားပြီးသား ဆိုတော့ အမေရိကန် ကိုယ်စားလှယ် အနေနဲ့ ဒီက နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အတော် ကြိုးစားရပါလိမ့်မယ်” ဟု ရန်ကုန်အခြေစိုက် ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင်နေဆဲဖြစ်ပြီး ယခုပြောင်းလဲလိုက်သော အစိုးရမှာလည်း ယခင်စစ်အစိုးရ ဗိုလ်ချုပ်များနှင့် ဖွဲ့စည်းထားသော အစိုးရဖြစ် သည့်အပြင် မူဝါဒပိုင်းအရလည်း ပြောင်းလဲမှုတစုံတရာ မရှိသေးသဖြင့် အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့် ဆွေးနွေးလိုသည့် ဆန္ဒရှိပုံမရကြောင်း တချို့က ပြောဆိုသည်။

“တပ်ချုပ်ကြီးက နောက်ကွယ်မှာ ကြိုးကိုင်နေတယ်။ ဒီနေ့ဆိုရင် ဦးသိန်းစိန်အစိုးရ တက်လာတာ ရက်ပေါင်းများစွာ ကြာနေပြီ။ ဒါပေမယ့် သတင်းစာမှာ ပါနေကျ ညာနေသည်၊ လိမ်နေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းပေါ်က လူသတ်သမား ဆိုတဲ့ ဆောင်ပုဒ်တွေ၊ စာသားတွေ မပြောင်းလဲဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဓာတ်ပုံကလည်း နံရံတိုင်းမှာ ရှိနေသေးတယ်။ ဒါက သူတို့ အရင်မူဝါဒအတိုင်းပဲ ဆက်သွားမယ်ဆိုတာကိုပြတာပဲ။ ဘယ်သူပဲ ကြားဝင်ညှိနှိုင်းပါစေ အစိုးရဘက်က သဘောထား မပြောင်းဘူးဆိုတဲ့အတွက် ပြောင်းလဲမှုမရှိနိုင်ဘူး” ဟု ပုဂ္ဂလိက သတင်းဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ၎င်းအာဏာ စတင်ရယူချိန် ပြောကြားသော မိန့်ခွန်းများတွင် သဘောထား တင်းမာမှုများကို မတွေ့ရသော်လည်း လက်ရှိအခြေအနေတွင် သမ္မတသည် အလုံးစုံသော ကိစ္စများကို ကိုင်တွယ် ဆုံးဖြတ်နိုင်ခြင်းမရှိကြောင်း၊
အစိုးရ အတွင်းတွင် စစ်ဗိုလ်ချုပ် ဟောင်းကြီးများ ဦးဆောင်သော အုပ်စုကွဲများ ရှိနေခြင်းက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရန် အလားအလာ နည်းပါးကြောင်း တချို့က သုံးသပ်သည်။

“ဂျာနယ်တွေမှာ သမ္မတမိန့်ခွန်းကို ချီးကျူးတယ်၊ ဒါက အလားအလာ ကောင်းတယ်ဆိုပြီး ရေးကြ၊ သုံးသပ် ကြတယ်။ ဒါကလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်က အရာရာအားလုံး ဆုံးဖြတ်နိုင်တဲ့သူ မဟုတ်ဘူး။ သဘောထား တင်းမာတယ်လို့ နာမည်ကြီးတဲ့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလို ပုဂ္ဂိုလ်မျိုးတွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တခြားဗိုလ်ချုပ်ကြီးတွေကလည်း သူ့ဟာနဲ့ သူတော့ အာဏာ တန်ခိုး ကြီးကြတယ်။ သူတို့အားလုံးက သဘောမတူရင် ဦးသိန်းစိန်က သဘောထားပျော့ပြောင်းတယ် ထားဦး ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အစိုးရအတွင်းမှာကို အုပ်စုကွဲတွေ အများကြီးရှိတယ်။ ဒီအုပ်စုကွဲတွေက သမ္မတ ဦးသိန်းစိန်ကို ရာထူးကနေ ပြုတ်သွားအောင် လုပ်နိုင်တဲ့အထိ အင်အားကြီးပါတယ်” ဟု UMFCCI မှ စီးပွားရေး သမားကြီးတဦးက ပြောသည်။

အငြိမ်းစား အစိုးရဘဏ်ဝန်ထမ်းတဦးကမူ အမေရိကန်ကိုယ်စားလှယ် ခန့်အပ်မှုကြောင့် ကြီးမားသော နိုင်ငံရေး အပြောင်းအလဲ မဖြစ်ပေါ်သေးသည့်တိုင် နှစ်ဦးနှစ်ဘက် ပေါင်းကူးပေးသော တံတားတခု ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“မြစ်ကြီးခြားနေတဲ့ ရွာနှစ်ရွာကြားမှာ ဆက်သွယ်ပေးမယ့် ပေါင်းကူးတံတား ပေါ်လာသလိုပေါ့။ အဲဒီတံတားပေါ်ကို လျှောက်တာ မလျှောက်တာက တပိုင်း။ လောလောဆယ် ကျနော်တို့ အခွင့်အရေး တခုရတယ်။ စကားပြောဖို့ လမ်းစတခု မြင်တယ်။ ဘာမှမရှိတာထက် စာရင် တခုခုရှိနေတာ ပိုကောင်းတယ်” ဟု ၎င်းက ပြောသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်တွင်း နိုင်ငံရေးအသိုင်းအ၀န်းကလည်း အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းအပေါ် အကောင်းမြင်ကြသည်။

မြန်မာအစိုးရသည် တရုတ်နိုင်ငံနှင့် လွန်စွာ အဆင်ပြေသော ဆက်ဆံရေးရှိနေပြီး အမေရိကန်ပြည်ထောင်စု အပေါ် သံသယများ ရှိနေသောကြောင့် အမေရိကန် အထူးကိုယ်စားလှယ်နှင့်စကားပြောရန် ငြင်းပယ်မှုရှိနိုင်သည် ဆိုသော သုံးသပ်မှုများလည်း ရှိသည်။

“အမေရိကန် အထူးကိုယ်စားလှယ်အတွက်တော့ မြန်မာပြည်က စစ်မြေပြင်တခုပဲ။ သံတမန်စစ်မြေပြင် ဖြစ်ပါလိမ့်မယ်။ တရုတ် အရှိန်အ၀ါ ကြီးစိုးထားတဲ့ နယ်ပယ်မှာ လာပြီး ဖြန်ဖြေမှု လုပ်ပေးရမှာဖြစ်တဲ့အပြင်၊ ဒီဘက် အာဏာရ အစိုးရကလည်း ဘာပဲ လုပ်လုပ် တရုတ်မျက်နှာကို ကြည့်နေရတော့ အရင် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တွေလိုပဲ ခွင့်ပြုရင်လာ၊ ရက်ပြည့်ရင် ပြန်၊ ပြီးရင် နုတ်ထွက် ဆိုတဲ့ အဖြစ်မျိုး ပြန်ရောက်မှာကို စိုးရိမ်မိတယ်” ဟု သတင်းအယ်ဒီတာတဦးက ပြောသည်။

ဒဲရက် မစ်ချယ်အား အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မှုကို အမေရိကန်နိုင်ငံရှိ မြန်မာများက ကြိုဆိုခဲ့ကြသည်။

“ဒဲရက် မစ်ချယ် အခုလို ခန့်အပ်လိုက်တာဟာ သိပ်ကို ကောင်းတဲ့ ရွေးချယ်တာဝန်ပေးမှုပါ။ သူဟာ ဥာဏ်ရည်ဥာဏ်စွမ်း ရှိတဲ့အပြင် ပြည်ပရောက် မြန်မာအတိုက်အခံတွေက လေးစားသူတယောက်လည်း ဖြစ်ပါတယ်” ဟု အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ဆိုသည်။

၎င်းက ဆက်လက်၍ “မြန်မာပြည်အကြောင်းကို သူ ကောင်းကောင်းသိပါတယ်။ သူ့အနေနဲ့ မြန်မာ့အစိုးရအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည် ထောင်စုရဲ့ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ မူဝါဒကို ပိုအားကောင်းလာအောင် သူ့အစိုးရအဖွဲ့အတွင်းမှာရော ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းရှိတယ်လို့ ကျနော်ယုံပါတယ်။ အထက်လွှတ်တော် အနေနဲ့လည်း သူ့ခန့်အပ်မှု ကို မကြာခင် အတည်ပြုပေးလိမ့်မယ်လို့ ကျနော်ယူဆပါတယ်” ဟု ပြောသည်။

ဒဲရက် မစ်ချယ်သည် ၂၀၀၁ ခုနှစ် ဇန်နဝါရီလ၌ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုဌာန၏ အထက်တန်းအဖွဲ့ဝင်နှင့် နိုင်ငံတကာ လုံခြုံရေး အစီအစဉ် အာရှဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် ၂၀၀၉ ခုနှစ် ဧပြီလအထိ ဆောင်ရွက်ခဲ့သည်။ တချိန်တည်းမှာပင် ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှ စ၍ CSIS ၏ အရှေ့တောင်အာရှရေးရာအဖွဲ့ (Southeast Asia Initiative) တွင် ညွှန်ကြားရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ဒဲရက် မစ်ချယ်သည် ၁၉၉၇ မှ ၂၀၀၁ ခုနှစ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးရုံး၌ အာရှနှင့် ပစိဖိတ်ရေးရာ အထူး လက်ထောက်အဖြစ် တာဝန်ယူခဲ့သည်။ ထိုသို့ တာဝန်ယူနေစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးရုံး၏ လူမှုထူးချွန်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ၄င်းသည် ကာကွယ်ရေးဝန်ကြီးဌာန၏ ၁၉၉၈ အရှေ့အာရှမဟာဗျူဟာ အစီရင်ခံစာကိုလည်း အဓိက ရေးသားပြုစုခဲ့သူ ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၌ တာဝန်မထမ်းဆောင်မီ ဝါရှင်တန်ဒီစီရှိ နိုင်ငံတကာရေးရာ အမျိုးသားဒီမိုကရေစီ အင်စတီကျု (National Democratic Institute for International Affairs) ၌ အာရှနှင့် ယခင် ရုရှဆိုင်ရာ အထက်တန်း အစီအစဉ် အရာရှိအဖြစ်လည်း တာဝန်ယူခဲ့သေးသည်။

ဒဲရက် မစ်ချယ်သည် ၁၉၈၉ ခုနှစ်တွင် China Post (Taiwan) ၌ သတင်းထောက်နှင့် အယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၈၆ မှ ၁၉၈၈ အထိ အထက်လွှတ်တော်အမတ် အက်ဒဝပ် အမ် ကနေဒီ (Edward M. Kaneedy) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အထက်တန်းအကြံပေးပုဂ္ဂိုလ်၏ လက်ထောက်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၄င်းသည် ၁၉၈၆ ခုနှစ်တွင် ဗာဂျီးနီးယား တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ဖလက်ချာ ဥပဒေနှင့် သံတမန်ရေးရာကျောင်း (Fletcher School of Law and Diplomacy) မှ ဥပဒေနှင့် သံတမန်ရေးအထူးပြု မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။

ဒဲရက် မစ်ချယ်သည် တရုတ်ရေးရာ ကျွမ်းကျင်သူ တဦးလည်း ဖြစ်သည်။

No comments: