Tuesday, April 26, 2011

မြန်မာ့ရွှေ တရုတ်အဝယ်များ

ဧရာဝတီ

မြန်မာ့ရွှေဈေးမှာ စံချိန်တင်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့ရွှေဈေး ထက်နိမ့်ကျလျက် ရှိသောကြောင့် တရုတ်ဈေးကွက်သို့ မြန်မာ့ရွှေများ အလုံးအရင်းဖြင့် စီးဆင်းလျက်ရှိကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတအောင်စလျှင် အမေရိကန် ၁၅၀၃ ဒေါ်လာဈေးအထိ စံချိန်တင်မြင့်တက်လျက် ရှိသော်လည်း မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် တကျပ်သားလျှင် ကျပ် ၁ သောင်းကျော် နိမ့်ကျနေကြောင်း၊ ယင်းသို့ မြန်မာ့ရွှေဈေး နိမ့်ကျနေခြင်းကြောင့် တရုတ် - မြန်မာနယ်စပ် မူဆယ်ဒေသမှ ကုန်သည်များက ရန်ကုန်နှင့် မန္တလေးရွှေဈေးကွက်မှ ရွှေများဝယ်ယူပြီး တရုတ်ဈေးကွက်သို တင်ပို့ရောင်းချကြကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်သည့် မန္တလေးရွှေဆိုင်ပိုင်ရှင်တဦးက ရှင်းပြသည်။

“ကမ္ဘာ့ရွှေဈေးထက် မြန်မာ့ရွှေဈေးက နိမ့်နေတော့ ပြည်တွင်းရွှေက တရုတ်နဲ့ ထိုင်းဘက်ကို စီးတယ်။ တရုတ်ဘက်ကို မူဆယ်ဘက်ကစီးဝင်ပြီး ထိုင်းဘက်ကိုတော့ မော်လမြိုင်ဘက်က စီးဝင်တယ်။ အဓိက တရုတ်ဘက်ကို စီးဝင်တာ
အများဆုံးပဲ” ဟု မန္တလေး ရွှေသန့်စင်ရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်မှု မရှိခြင်းမှာ အမေရိကန် ဒေါ်လာဈေး ကျဆင်းနေခြင်းကြောင့်ဖြစ်ပြီး ပြည်တွင်း ရွှေဈေးသည် ဖြည်းဖြည်းနှင့် ပုံမှန်သာတက်နေကြောင်း သိရှိရသည်။

“ငွေမာ (အမေရိကန် ဒေါ်လာ) တဒေါ်လာကို ၈၅၇ ကျပ်ထိ ဈေးကျတယ်။ ၈၆၂ ကျပ်လောက်ကနေ ဈေးကျလာတာ” ဟု ရွှေနှင့်အမေရိကန်ဒေါ်လာ အရောင်းအ၀ယ်လုပ်နေသူ ရန်ကုန် စီးပွားရေးသမားတဦးက ဆိုသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၀၃ ဈေးနှုန်းရှိသောကြောင့် မြန်မာ့ရွှေ တကျပ်သား တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀၁.၆ ရှိရမည်ဖြစ်ရာ ငွေလဲနှုန်းအရဆိုလျှင် ရွှေတကျပ်သားကို ၆၈၆၉၇၁.၂ ကျပ်ဈေး ရှိရမည် ဖြစ်သည်။ သို့ရာတွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသောဈေးနှုန်းမှာ အကယ်ဒမီ အခေါက် ရွှေတကျပ်သားလျှင် ၆၇၆၄၀၀ ကျပ်သာ ရှိသောကြောင့် ကမ္ဘာ့ရွှေဈေးထက် ကျပ်တသောင်းကျော် နိမ့်ကျနေသည်ဟု မန္တလေးရွှေကုန်သည်များက ရှင်းပြသည်။

နယ်စပ် ဒေသများမှတဆင့် ရွှေများ အိမ်နီးချင်းနိုင်ငံများဆီသို့ စီးဆင်းနေသောကြောင့် ရွှေဈေးကွက်တွင် အရောင်းအ၀ယ် ကောင်းနေသည်ဟု သိရသည်။

“ဒီက လူတွေက ရွှေသိပ်မ၀ယ်နိုင်ပေမယ့် နယ်စပ်ဒေသကနေ ၀ယ်နေတော့ ရွှေဈေးကွက်က အရောင်းအ၀ယ် အတော်ကိုကောင်းတယ်။ ရောင်းသမျှ ကုန်တယ်။ ရောင်းအားထက် ၀ယ်အားကတောင် ပိုများတယ်” ဟု မန္တလေး ရွှေကုန်သည်က ပြောသည်။

ရွှေဈေးနှုန်းများ မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကွက်တွင် လေပတ်ကား အရောင်းအ၀ယ် မပြုလုပ်ကြရန် တားမြစ်ချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

No comments: