Sunday, April 24, 2011

ချိန်ကိုက်ဗုံးပေါ်က သမ္မတကြီးနှင့် တွေ့ဆုံခြင်း

ရန်ကုန်သားတာတေ

၂၀၁၀ နိုဝင်ဘာလက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲများ၊ ခိုးမဲများ အားပါးတရဖြင့် အနိုင်ရခဲ့သော ကြံ့ဖွံ့ပါတီ၏ ထိပ်သီးခေါင်းပြောင် ချိုကုပ်ကြီးဟောင်း ဦးသိန်းဂိန်သည် ချိုကုပ်ဒူးကြီး၏ ဇာတ်ညွှန်းအတိုင်း မကြာသေးခင်က သမ္မအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ အားလုံးသိထားပြီးဖြစ်သော အစိုးရဟောင်းကြီးကို မွမ်းမံပြင်ဆင် ဖာထေးကာ အစိုးရသစ်ဟု အမည်တပ် ကျန်းကျိန်ပြီးနောက် နိုင်ငံတော်သမ္မတကြီးအား ဒေဝါလီမဂ္ဂဇင်းက အင်တာဗျူးခွင့် ရရှိခဲ့သဖြင့် ဒေဝါလီ၏ ကိုယ်စားလှယ်များအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားကြသော ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့က စိတ်ကူးတည့်ရာ မေးခွန်းများဖြင့် ဤသို့ ဗျူးခဲ့ကြပါသည်။

ရုက္ခစိုး။ ။ ပထမဆုံး မေးခွန်းအနေနဲ့ မေးချင်တာကတော့ သမ္မတကြီး ဦးသိန်းဂိန်အနေနဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ပုံက နည်းနည်း မရွံ့မရဲ ဖြစ်နေသလိုပဲ … အောက်က ဘယ်သူက တုတ်နဲ့ ထိုးနေလို့လဲ ခင်ဗျ။

သိန်းဂိန်။ ။ ချိုကုပ်ဒူးကြီးပေါ့ ...။ သူက တုတ်နဲ့ ထိုးတာတော့ မဟုတ်ပါဘူး။ ထိုင်ခုံပေါ်မှာ ချိန်ကိုက်ဗုံးတလုံး တင်ထားတာပါ။ အဲဒါကြောင့် သတိနဲ့ ထိုင်နေရတာပါ။

ဖိုးရှုပ်က ဓာတ်ပုံ တဖြတ်ဖြတ်ရိုက်နေသဖြင့် ဦးရုက္ခစိုးက မေးခွန်းစမေးလိုက်ုခြင်း ဖြစ်သည်။

ကြွက်စုတ်ကတော့ တောင့်တောင့်ကြီး ရပ်နေသော ဒုသမ္မတ ဦး ၈ လုံးကို အရုပ်ကြီး ထင်ပြီး ဟိုကိုင် ဒီကိုင် လုပ်နေသည်။ ဦး ၈ လုံးက မလှုပ်ပေ။ နောက်ဆုံး ခါးကို ကလိသွားထိုးတော့မှ မျက်နှာတည်ကြီးနှင့် တချက် တွန့်သွားသဖြင့် လန့်ပြီး ဦးရုက္ခစိုးနား လာရပ်သည်။

ကြွက်စုတ်။ ။ အသက်ရှိတယ်ဗျ။ ကျနော်က အရုပ်မှတ်လို့ သွားကိုင်တာ။

ဓာတ်ပုံရိုက်နေသည့် ဖိုးရှုပ်က ဆိုင်းဘုတ်တခုကို ကြွက်စုတ်မြင်အောင် မျက်စပစ်ပြလိုက်သည်။ ဆိုင်းဘုတ်တွင် “မျောက်များကို မစရ” ဟု ရေးထားသည်။ ဦးသိန်းဂိန်က ထိုဆိုင်းဘုတ်ကို ဟိုဘက်ဒီဘက် သွားလှန်လိုက်ရာ “နိုင်ငံတော် သမ္မတ ဦးသိန်းဂိန်နှင့် ဒုတိယ သမ္မတများ” ဆိုသည့်စာသား ပေါ်လာသည်။

ဦးသိန်းဂိန်က အရှက်ပြေ ပုံစံဖြင့် “ရုတ်တရက် ဆိုင်းဘုတ်ပြား ရှာမရလို့ နေပူတော် ဆာဖာရီက ဆိုင်းဘုတ်တခုကို ဖြုတ်လာပြီး နောက်ကျောမှာ ရေးလိုက်ရလို့ပါ” ဟု ရှင်းပြသည်။

ရုက္ခစိုး။ ။ သမ္မတကြီးရဲ့ မိန့်ခွန်းက တော်တော်လေး ကောင်းတာပဲ။ ဘယ်သူ ရေးပေးတာလဲ။

သိန်းဂိန်။ ။ မိန့်ခွန်းက ကောင်းဆို ကောင်းတာတွေချည်းပဲ ရွေးထည့်ထားတာကိုး။ ဘယ်သူရေးလဲတော့ ကျနော်လည်း သေချာတော့ မသိပါဘူး။ ဖတ်ဆိုလို့သာ ဖတ်လိုက်တာ။ ဆော်ကြမ်းလက်ချက်လို့တော့ ပြောတာပဲ။ သူက တောင်ရေး မြောက်ရေး ရေးနေကျဆိုတော့ သူ့လက်ချက် ဖြစ်နိုင်ပါတယ်။

ကြွက်စုတ်။ ။ သမ္မတကြီးက သန့်ရှင်းသော အစိုးရဖြစ်အောင် ဖော်ဆောင်မယ်လို့ ပြောထားတယ်နော်။ ဘယ်လို ဖော်ဆောင်မှာလဲ။

သိန်းဂိန်။ ။ ဟုတ်ပါတယ် ဟုတ်ပါတယ်။ အဲဒါက သိပ်အရေးကြီးတယ်။ အရင် နအဖ အစိုးရက သိပ်ညစ်ပတ်တယ်လေ။ အခု အစိုးရကလည်း အရင် အဟောင်းကြီးကို နည်းနည်း ပြင်ဆင်ထားတာ မဟုတ်လား။ အဲဒီတော့ သန့်ရှင်းရေး လုပ်ရမှာပေါ့။ အခုတောင် ကျနော် တံမျက်စည်းလှဲနေတာ။ ခင်ဗျားတို့ အင်တာဗျူးလုပ်မယ်ဆိုလို့။

ရုက္ခစိုး။ ။ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

သိန်းဂိန်။ ။ ပထမ အဆင့်အနေနဲ့ တံမျက်စည်းတွေ တော်တော်များများ ဝယ်ထားပါတယ်။ ကြမ်းတိုက်တာနဲ့ ဖုန်သုတ်တာကတော့ လွှတ်တော်တက်လာတဲ့ အမတ်တွေ လုပ်သွားပြီးပါပြီ။ တော်တော်လေး ပြောင်သွားပြီ။ ပိုးအိမ်တွေ၊ ခြတွေ၊ ပိုးဟပ်တွေ ရှင်းရမယ်။ ကြွက်တွေကတော့ မနိုင်ဘူးဗျာ။ ကြွက်ချုပ်ကြီးကိုတော့ နည်းနည်း ဆူထားပါတယ်။ လောလောဆယ်တော့ ကြွက်ရောင်းရန်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ နေရာအနှံ့ ချိတ်ထားတယ်။

ဓာတ်ပုံရိုက်ပြီးသွားသည့် ဖိုးရှုပ် အနားရောက်လာပြီး “ဒါနဲ့ သမ္မတကြီး မိန့်ခွန်းမှာပါတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် ဆိုတာကကော ဘာလဲဗျ။ တခါမှ မကြားဘူးသလိုပဲ” ဟု မေးလိုက်သည်။

သိန်းဂိန်။ ။ ဒါကတော့ ရှင်းပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်မှုလို့ မပြောဘဲ မကောင်းတဲ့ အုပ်ချုပ်မှုလို့ ပြောလို့ ဖြစ်ပါ့မလားဗျ။

ရုက္ခစိုး။ ။ တော်တော်လေး ရှင်းသွားပါပြီ။ သမ္မတကြီးက သမ္မတကြီးဆိုတော့ အခု အစိုးရသစ် ကျမ်းကျိန်ပြီးချိန် လာမယ့် ၃ လအတွင်း ဘာတွေများ ကောင်းမွန်အောင် လုပ်မယ်လို့ စဉ်းစားထားပါသလဲ။

သိန်းဂိန်။ ။ လုပ်ရမှာပေါ့။ လုပ်ရမှာတွေက များလွန်းလို့ ဘယ်က စလုပ်ရမှန်းတောင် မသိဘူး။ ပထမဆုံး ထိုင်ခုံပေါ်မှာ ချိန်ကိုက်ဗုံး ထောင်ထားတဲ့ ချိုကုပ်ဒူးကြီးနဲ့ မိသားစု ကောင်းမွန်ဖို့ လုပ်ရမယ်။ ဒါမှ ကျနော်နဲ့ ကျနော့်မိသားစုအတွက် ကောင်းမှာ မဟုတ်လား။

ဦးသိန်းဂိန်စကားအဆုံးတွင် ဘေး၌ ရုပ်တည်ကြီးနှင့် ရပ်နေသည့် ဦး ၈ လုံးက ဦးသိန်းဂိန်ကို ဆွဲဆိတ်လိုက်သည်။

သိန်းဂိန်။ ။ အောင်မလေးဗျ။ ဟုတ်ကဲ့ … နောက်ထပ် ကောင်းမွန်အောင် လုပ်ပေးရမယ့်သူထဲမှာ ခုနက ဆွဲဆိတ်လိုက်တဲ့ အဲ … ဒုသမ္မတကြီး ဦး ၈ လုံးအပါအဝင် ချိုကုပ်တွေ၊ ချိုပြုတ်တွေ အတွက်လည်း ကောင်းမွန်အောင် လုပ်ရပါမယ်။

ဖိုးရှုပ်။ ။ ဟိုဒင်း … ပြည်သူလူထု အတွက်ကော ဘာတွေ ကောင်းမွန်အောင် လုပ်မှာလဲ။

သိန်းဂိန်။ ။ ဟာ … လုပ်ရမယ် လုပ်ရမယ်။ ဒီလိုလေ … အရေးကြီးတဲ့ အခြေခံ ကိစ္စရပ်တွေ ရှိတယ်မဟုတ်လား။ ပညာရေး အတွက် ကျောင်းတွေ … နောက်တော့ ကျန်းမာရေးအတွက် ဆေးရုံကြီးတွေ ...။

ဖိုးရှုပ်။ ။ သမ္မတကြီးက အဲဒါတွေ အရင်ဆုံး လုပ်ပေးမှာပေါ့ ဟုတ်လား … ဝမ်းသာလိုက် …. လိုက်။

သိန်းဂိန်။ ။ ဒါကတော့ ဟို သီချင်းလေး ထဲကလိုပဲပေါ့ဗျာ။ မည်သူမဆို ကူညီသည် ဖြစ်စေ … မည်သူမဆို မကူညီသည် ဖြစ်စေ … ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝသာလျင် … ဆိုတာလေ … ။ အဲလိုပေါ့ … အဲလိုပေါ့ ဟဲဟဲ ...။

ဖိုးရှုပ်။ ။ (သက်ပျင်းချ၍) တော်သေးတာပေါ့ … အပြည့်အဝ ဝမ်းမသာရသေးလို့။

ကြွက်စုတ်။ ။ ပြည်သူလူထုကတော့ ဘယ်အစိုးရတက်တက် ကိုယ့်အားကိုယ်ကိုးရမယ် ဆိုတဲ့ သဘောပေါ့နော်။

သိန်းဂိန်။ ။ ဒါပေါ့ … ဒါပေါ့ ...။ ဒါက လောကရဲ့ နိယာမ တရားပဲလေ။ ကျနော်တို့ ပြည်သူလူထုကလည်း ဒါနဲ့ အသားကျနေပါပြီ။

ကြွက်စုတ်။ ။ ဒါနဲ့များ အစိုးရက ပြည်သူကို အလုပ်အကျွေးပြုမယ် ဆို။

သိန်းဂိန်။ ။ ဟုတ်လား … ကျနော် အဲဒါ ပြောမိလို့လားဟင် ...။ သြော် သိပြီ … ပြောလိုက်တယ်၊ ပြောလိုက်တယ်။ ပြောတယ်ဆိုတာက ပြောတာပဲပေါ့ဗျာ။ ပြည်သူလူထုကလည်း ကျနော် ပြောရုံပဲ ပြောတယ်ဆိုတာ နားလည်ပါတယ်။ ကျနော်တို့ ပြည်သူလူထုက သူများ အားမကိုးဘူးဗျ၊ ကိုယ့်အားပဲ ကိုယ်ကိုးတာ ဟဲဟဲ။

နောက်ဆုံး “ဟဲဟဲ” မှာ ဘေးက တောင့်တောင့်ကြီး ဦး ၈ လုံးက မျက်လုံးတချက် စွေကြည့်လိုက်သဖြင့် ဦးသိန်းဂိန်က သွားဖြဲကာ ရယ်ပြလိုက်ခြင်း ဖြစ်သည်။

ရုက္ခစိုး။ ။ သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ စတုတ္ထမဏ္ဍိုင်အကြောင်း တကြောင်းတွေ့လိုက်ရတယ်။ စာနယ်ဇင်းတွေရဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုကို ကြိုဆိုရမယ်ဆိုတာ တကယ်ပြောတာလားဟင်။

သိန်းဂိန်။ ။ တကယ်ပြောပါ့မလားဗျာ … အဲ … တကယ်ပြောတာပါဗျာ။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုဆိုတာက သိတယ်မဟုတ်လား။ ကောင်းတာပြောရင် လက်ခံမယ်၊ မကောင်းတာ ပြောရင်တော့ … အင်း ဒါကျတော့ အပျက်သဘော ဆောင်သွားပြီလေ။ မြန်မာစာနယ်ဇင်းက လွတ်လပ်မှု အပြည့်ရှိပါတယ်။ အခုလည်း ကျနော့်မိန့်ခွန်းကို ဝိုင်းပြီး ဝေဖန်ရေးသားကြတာ အကုန် ဖော်ပြခွင့်ပေးတာပဲ။

ကြွက်စုတ်။ ။ ဒါကတော့ အားလုံးက သမ္မတကြီးမိန့်ခွန်းက ကောင်းတယ်ဆိုပြီး ဝိုင်းချီးကျူးကြတာပဲဟာ။

သိန်းဂိန်။ ။ ဒါအမှန်တရားပဲလေ ...။ တကယ်ကောင်းလို့ ကောင်းတယ်ဆိုပြီး ရေးတာ ကြိုဆိုရမှာပေါ့။

ရုက္ခစိုး။ ။ သမ္မတသစ်အနေနဲ့ အကျဉ်းသားတော်တော်များများကို လွှတ်ပေးလိမ့်မယ်လို့ လူတွေက မျှော်လင့်နေ ကြတယ်ဗျ။ အဲဒီ အစီအစဉ် ရှိလား။

သိန်းဂိန်။ ။ ဒါကတော့ သူတို့ လွတ်ရမယ့် ရက်ရောက်ရင် လွတ်ပါလိမ့်မယ်။ ကျနော်လည်း လွတ်ပါစေလို့ ဆုတောင်း နေပါတယ်။ ဆုတောင်းရင်းနဲ့ နှစ်ဆန်းတရက်နေ့ကတောင် ဖမ်းမိတဲ့ ပိုးဟပ် ၂ ကောင်ကို လွှတ်ပေးလိုက်ပါ သေးတယ်။

ဖိုးရှုပ်။ ။ သြော် ရှင်းပါပြီ ရှင်းပါပြီ။ အခုလို နိုင်ငံတော် သမ္မတကြီးက ကျနော်တို့ ဒေဝါလီ မဂ္ဂဇင်းကို အင်တာဗျူး အရင်ဆုံး ပေးတဲ့အတွက် ကျေးဇူး ကမ္ဘာလုံးလောက် တင်ပါတယ်။

သိန်းဂိန်။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။ ခဏနေဦးဗျ။ ခင်ဗျားတို့ ကျနော့် အင်တာဗျူးကို ရေးရင် တခု ထည့်ရေးဦး။ ကျနော်တို့ အစိုးရ အဖွဲ့ဟာ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ဖို့အတွက် တနေ့ကို ရေ ၅ ခါ ချိုးတယ်။ ချိုးတိုင်းမှာ ဆင်ချေးတုံးဆပ်ပြာနဲ့ သေချာ တိုက်တယ် ဆိုတာလေးပါ ထည့်ရေးနော်။

ဖိုးရှုပ်က “စိတ်ချ စိတ်ချ ထည့်ရေးလိုက်မယ်” ဟု ပြောနေစဉ် တံခါးပေါက်သို့ လျှောက်သွားသော ကြွက်စုတ်မှာ သမ္မတကြီး ဘေးတွင် တောင့်တောင့်ကြီး ရပ်နေသော ဒုသမ္မတ ဒေါက်ချာအောက်ယမ်းကို တိုက်မိသဖြင့် လဲကျသွားလေသည်။

ဦးရုက္ခစိုးက ဒေါက်ချာအောက်ယမ်းကို လက်လှမ်းပေးပြီး ထူမည်ပြုစဉ် သမ္မတကြီးက “နေ … နေ … မထူနဲ့တော့ … အဲဒါက အရုပ်ကြီးဗျ။ ဒေါက်ချာအောက်ယမ်းက အိမ်ပြန်ချင်တယ်ဆိုလို့ ဓာတ်ပုံရိုက်တဲ့အခါ ပါအောင် အရုပ် တရုပ် ထားခဲ့တာ” ဟု လှမ်းပြောလိုက်လေ၏။ ။

No comments: