Thursday, April 21, 2011

နိုင်ငံရေး မငြိမ်သက်မှု သတိရှိရန် တပ်တွင်းညွှန်ကြား

ရန်ပိုင်

နိုင်ငံရေး မတည်ငြိမ်မှုကို အကြောင်းပြုပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ၌ အနောက်အုပ်စုက စစ်ရေးအရ ၀င်ရောက် စွက်ဖက်နေမှုနှင့် ပတ်သက်၍ မျက်ခြည်မပြတ် စောင့်ကြည့်ပြီး သတိရှိစေရန် စစ်တပ်အတွင်း ညွန်ကြားချက် ထုတ်ပြန်ထားသည်ဟု ဧရာဝတီက သိရသည်။

အဆိုပါ ဧပြီလ ၅ ရက်နေ့က နိုင်ငံတ၀န်းရှိ တပ်မ၊ တပ်ရင်းများသို့ ထုတ်ပြန်သည့် ညွန်ကြားချက်တွင်အာဖရိကနှင့် အရှေ့အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အကြောင်းပြုပြီး ရုပ်သံ၊ အသံလွှင့်ဌာနများနှင့် Face Book စသည့် လူမှုရေးကွန်ရက် များမှ လှုံ့ဆော်မှုများ ပြုလုပ်လာကြောင်း၊ ထို့အပြင် အင်အားကြီး နိုင်ငံများက စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုများရှိသည့် အတွက် သင်ခန်းစာယူကာ စစ်ရေးအရ သတိရှိရေး၊ တိုက်ပွဲဝင်မှု အသင့်ဖြစ်စေရေး၊ အရေးကြုံလာပါက အမြန်ဆုံး ဖြေရှင်းနိုင်ရန် စီစဉ် ဆောင်ရွက်ထားရန် လိုကြောင်း ပါရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နိုင်ငံရေး ဖွဲ့စည်းမှု၊ လှုပ်ရှားမှုများ ပိုမိုများပြားလာသည့် အတွက် သတင်းလက် ဦးမှုရယူရေးနှင့် NLD နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများက တပ်တွင်း ဆက်သွယ်စည်းရုံးမှု မပြုနိုင်ရန် လုံခြုံရေး အမြင်ဖြင့် စီစဉ် ထားရေးတို့ကို ညွန်ကြားထားပြီး တပ်တွင်းရှိ အရာရှိ၊ စစ်သည်များ နိုင်ငံတော်က ပေးအပ်သည့် လစာအခွင့်အရေးနှင့် ပတ်သက် ၍ ပြင်ပအဖွဲ့ အစည်းများ၊ လူ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး တရားမ၀င်တောင်းဆို လုပ်ဆောင်မှုများကို သတိကြီးစွာ စောင့်ကြည့်ရန် လည်း ပါရှိသည်။

ယခုအခါ မြန်မာ့တပ်မတော်ရှိ အောက်ခြေအဆင့် အကြပ်တပ်သားများနှင့် မိသားစုများမှ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းကြီးမြင့် သည့်အတွက် စားဝတ်နေရေးကျပ်တည်းမှုကို ကြုံနေရသည်ဟု မကြာသေးမီက ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာသည့် သင်္ကန်းညီနောင်တပ်နယ်ရှိ(စကခ) ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းမှ ဒုတပ်ကြပ် မျိုးသူ ထံမှသိရသည်။

အဆိုပါ ညွန်ကြားချက်တွင် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ ညအချိန်မတော် တပ်ပြင်ပသို့ သွားရောက်ရာမှ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု မကြာခဏ ဖြစ်ပွားသည့် ဖြစ်စဉ်များ စိစစ်တွေ့ရှိရသည့်အတွက် ကွပ်ကဲ ကြပ်မတ်သွားရန်လည်းပါရှိသည်။

ယင်းညွန်ကြားချက်နှင့် ပတ်သက်၍ စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ကာကွယ်ရေး ဦးစီးချုပ်အသစ်အနေဖြင့် ယိုယွင်း လာနေသည့် စစ်တပ်အတွင်း စစ်ပြေး များပြားလာခြင်း၊ စည်းကမ်းများ ပျက်ယွင်းလာခြင်းကို ပြန်လည် ကိုင်တွယ်ခြင်းဖြစ်ပြီး၊ လစ်ဗျားနှင် အိုင်ဗရီကို့စ် အရေးအခင်းများကို အကြောင်းပြကာ စစ်တပ်အား အသင့်အနေအထားရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

မကြာသေးမီက အာဖရိကတိုက်ရှိ လစ်ဗျားနိုင်ငံတွင် အာဏာရှင် ဗိုလ်မှူးကြီး ဂဒါဖီ၏ တပ်များကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဖြင့် အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံဦးဆောင်သည့် လေတပ်က တိုက်ခိုက်နေခြင်းနှင့် အိုင်ဗရီကို့စ်နိုင်ငံတွင် ပြင်သစ်တပ်များက အာဏာရှင် သမ္မတ လော့ရင် ဘက်ဘို ကို ဖမ်းဆီး ဖြုတ်ချမှုများဖြစ်ပွားခဲ့သည်။

နအဖ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်း စိန် ခေါင်းဆောင်သည့် အစိုးရကို ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့တွင် အာဏာလွှဲပြောင်းပေးခဲ့သည်။

သို့သော် လေ့လာသူများအဆိုအရ ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒု
ကာကွယ်ရေး ဦးစီးချုပ်ရာထူးအား ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းတို့အား လွှဲအပ်ခဲ့သည် ဆိုသော်လည်း စစ်တပ်ကို ဆက်လက် ကြိုးကိုင်မှုများ ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့က မန္တလေးမြို့ မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးကိုယ်တိုင်လာ ရောက် ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့က တခမ်းတနားကြိုဆိုခဲ့သည်။

No comments: