Thursday, April 28, 2011

အာဏာပိုင်များ သာသနာ့နုဂ္ဂဟအသင်းဖွဲ့ပြီး ပြည်သူများကို အတင်းအဓမ္မအသင်းဝင်ခိုင်း

ရိုးမ ၃

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဧပြီလ (၉)ရက်နေ့က စတင်ပြီး ထေရဝါရ ဗုဒ္ဓသာသနာနုဂ္ဂဟအသင်းဝင်ဖို့ ကျေးရွာလူထုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် ဒေသအာဏာပိုင်များက ဖိအားပေး ခိုင်းစေနေသည်။

အာဏာပိုင်များက သာသနာ့နုဂ္ဂဟအသင်းဝင်ရန် အတင်းအကြပ်ခိုင်းစေသည့် မြို့နယ်များမှာ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်များဖြစ်ပြီး အဆိုပါ မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများကို အတင်းအကြပ် အသင်းဝင် ခိုင်းနေခြင်း ဖြစ်သည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါတယ်။ ကျေးရွာတွေမှာဆိုရင် ကျေးရွာအုပ်စု စားရေးတွေပေါ့ သူတို့က လုပ်နေတာ။ သာသနာ့ နုဂ္ဂဟအသင်းဝင်ရမယ်ပေါ့ဗျာ။ ရပ်ကွက်ဆိုရင် တရပ်ကွက်ကို (၁၅)ယောက် ကျေးရွာကြတော့ တအုပ်စုကို အယောက် (၃၀) အဲလိုမျိုး ဝင်ခိုင်းတာဗျ။ မဖြစ်မနေဝင်ရမယ်ပေါ့ဗျာ ခြိမ်းခြောက်ပြီးတော့ လုပ်နေတာ”ဟု ဒေသခံ ကျေးရွာသားတဦးက ပြောသည်။

အခုလို သာသနာ့ နုဂ္ဂဟအသင်းကိုခုတုန်းလုပ်ပြီး ဒေသအာဏာပိုင်များက အတင်းအကြပ်လူစုဆောင်းခြင်းမှာ နောင်မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးများ ရွေးသည့်အခါ အဆိုပါ သာသနာ့နုဂ္ဂဟအသင်းဝင်ထားသူများအနေဖြင့် အာဏာပိုင်များက အုပ်ချုပ်ရေးမှူး ဖြစ်စေချင်သည့်သူများကို မဲပေးရွေးချယ်နိုင်ဖို့ စီမံလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ အခုနှစ် ဖေဖေါ်ဝါရီနှင့် မတ်လအတွင်းကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဧ်။ ညွန်ကြားချက်နှင့်ဟုဆိုကာ ရန်ကုန်တိုင်းအတွင်း သက်ဆိုင်ရာမြို့နယ် ရပ်ကွက်များတွင် ရယကအဖွဲ့ဝင်များက မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်းကြီး ဖွဲ့စည်းရေးအတွက် ဝန်ထမ်းများကို အတင်းအဓမ္မအသင်းဝင်ခိုင်းခဲ့သည်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး အဆိုပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အထက်လွှတ်တော်အမတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေဖြစ်ပြီး မြန်မာနိုင်ငံထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်း ဥက္ကဋ္ဌလည်းဖြစ်သည်။

ယခုကြံ့ခိုင်ဖွံ့ဖြိုးရေပါတီသည် စစ်အစိုးရအာဏာပိုင်များ မူလဖွဲ့စည်းစဉ်က လူမှုရေးအသင်းပုံစံဖြစ်ပြီး ထိုစဉ်က ကျောင်းသားကျောင်းသူများနှင့် အရွယ်ရောက်ပြီးသူတိုင်းကို မတ်လုံးပေးပြီး အသင်းဝင်အဖြစ် သွတ်သွင်းခဲ့သည်။ ကြံ့ဖွံ့အသင်းဝင်ကဒ်ရရှိသူများသည် နိုင်ငံသားမှတ်ပုံတင်မပါဘဲ အစစ်အဆေးမရှိ နိုင်ငံတွင်း ခရီးသွားလာနိုင်သည်အထိ အခွင့်ထူးပေခဲ့ပြီး ထိုမှတဆင့် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

No comments: