ခင်ဦးသာ
လူဦးရေ ၂ သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့တာ အခုဆိုရင် ၆ လ ပြည့်မြောက်ပြီဖြစ်ပေမယ့် ဒုက္ခသည် အများစုဟာ အမိုးအကာမလုံလောက်မှု၊ စားဝတ်နေရေးခက်ခဲမှု၊ အလုပ်အကိုင် မရှိမှု စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စားတာတော့ ကြုံသလိုပဲ၊ တရက်ရှာ တရက်စားနေရတာပေါ့။ မိုးအားနဲ့ရွာရင်တော့ ကောင်းတဲ့အိမ်မှာ သွားပြီး စုနေကြပါတယ်။ အိမ်ခြေ ၂၃၀ ရှိတဲ့ ရွာမှာတောင် လုံးဝနီးပါးကောင်းတဲ့အိမ်က ၅ အိမ်လောက်ပဲ ရှိသေးတယ်” လို့ ဂီရိဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ မြေပုံမြို့နယ် ပြည့်ချောင်းရွာမှ အိမ်ရှင်မတဦးက ဆိုပါတယ်။
“ညဘက်တွေမှာ ရုတ်တရက်မိုးရွာချရင် ဘယ်နားကပ်နေလို့နေရမှန်းမသိ ဖြစ်နေကြတယ်။ နေ့ခင်းဆိုရင်တော့ အဆင်ပြေသလိုပဲ နေကြရတာပေါ့” လို့ အိမ်ရှင်မက ဆက်ပြောပါတယ်။
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှာ တနာရီမိုင် ၁၂၀ ၀န်းကျင်နဲ့ တိုက်ခတ်သွားခဲ့တဲ့ ဂီရိဆိုင်ကလုန်း မုန်တိုင်းကြီးဟာ ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်ရိုးတန်းဒေသကို ဖြတ်ကာ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေကို တိုက်ခတ်ခဲ့ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကွပ်ကဲမှုရုံး (UNOCHA) ရဲ့ ၂၀၁၁ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာအရ ဒုက္ခသည် ၂ သိန်း ၆ သောင်းကျော်အနက် ၁ သိန်း ၄ ထောင်ကျော်ဟာ အခုချိန်အထိ အိုးအိမ်မဲ့နေပြီး တခြားသူတွေရဲ့အိမ်တွေမှာ မီခိုနေရဆဲလို့ ဖော်ပြထားကာ အလုပ်လက်မဲ့ ပြဿနာကြောင့် အကြွေးတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်းပဲ အစီရင်ခံစာက ဆိုပါတယ်။
နေစရာမလုံလောက်တာ၊ စားသောက်စရာ မလုံလောက်တာ၊ အလုပ်မရှိတာတွေနဲ့ ကြုံနေတဲ့အချိန်မှာပဲ နောက်ထပ်စိုးရိမ်စရာ ကိစ္စတခု ပေါ်လာတာကတော့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ငါးဖမ်းလုပ်ငန်းကို ပြည်နယ်အစိုးရသစ်က လေလံ ပစ်တော့မယ်ဆိုတဲ့ကိစ္စလို့ ဒေသခံတွေက ပြောပြပါတယ်။
“လေလံပေးလိုက်ရင် လေလံရသွားတဲ့သူကပဲ ပင်လယ်ပြင်ကို လက်ဝါးကြီးအုပ်စိုးမိုးတော့မယ်။ တနိုင်တပိုင် အသက်မွေးသူတွေကို လုပ်ပိုင်ခွင့်မရှိတော့ဘူး” လို့ ပြောပြီး လက်ရှိမှာတော့ ငါးဖမ်းဖို့အတွက် ပိုက်တွေ၊ လှေတွေမပြည့် စုံပေမယ့် ကြုံသလိုပဲ ရှာဖွေစားသောက်နေကြတယ်လို့ ပေါက်တောမြို့ခံ တဦးက ပြောပါတယ်။
လေလံအောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပင်လယ်ပြင်ကို လက်ဝါးကြီးအုပ်ပြီး လူမိုက်တွေမွေးကာ တနိုင်တပိုင် ငါးဖမ်းဝမ်းစာရှာသူတွေကို နိုင်ထက်စီးနင်း ပြုလေ့ရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ၀န်ကြီးတဦးကတော့ “ကျနော်တို့ ပြည်နယ်အစိုးရသစ်က လေလံပစ်မယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် တနိုင်တပိုင် ဖမ်းဆီးတာ၊ ရှာဖွေတာတွေကို လုပ်ခွင့်ရအောင် ကွင်းဆင်းဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ အားလုံးကို မျှတအောင် ဥပဒေအတိုင်း လုပ်ဆောင်ပေးသွားမှာပါ” လို့ ပြောပါတယ်။
ပင်လယ်ငါးဖမ်းလုပ်ကိုင်တဲ့သူက ငါးဖမ်းပစ္စည်းတွေ လုံးဝမရှိတော့သလို လယ်လုပ်တဲ့သူမှာလဲ လယ်မြေဖြစ်တဲ့ တာတမံတွေ၊ စပါးခင်းတွေရေမြှုပ်၊ ကျိုးပျက်သွားခဲ့အတွက် စားစရာ ဆန်မရှိတဲ့အပြင် နောက်နှစ်အတွက် မျိုးစပါးဆိုတာလည်း ဘာမှမရှိကြတော့ပါဘူး။
UNOCHA ရဲ့ အစီရင်ခံစာမှာတော့ မြေပုံမြို့နယ်ထဲက လယ်မြေ ၉၀ ရာခိုင်နှုန်းဟာ လုံးဝပျက်စီးသွားပြီး ပြန်လည်ထူထောင်မှု မပြုနိုင်သေးဘူးလို့ဆိုထားပါတယ်။
ဂီရိဒေသတ၀ိုက်မှာ ကူညီမှုလုပ်ငန်းတွေလုပ်နေတဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ ၉ ဖွဲ့ဟာလည်း ယခုအခါ ပြန်လည်ရုပ်သိမ်းသွားပြီဖြစ်ပြီး အဲဒီအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေအတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း (ကျပ်သန်း ၅၃၀၀၀ ခန့်) လိုအပ်ပြီး လက်ရှိမှာ ဒေါ်လာ ၂၂ သန်း (ကျပ် သန်း ၂၂၀၀) သာ ရရှိသေးတယ်လို့လည်း UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြေပုံမြို့နယ် ပြင်ဝန်းရွာသား တဦးက “လုပ်လို့ရတဲ့လယ်ကွက်တချို့မှာ စပါးစိုက်မယ်ဆိုရင်တောင် မျိုးစပါးက လုံးဝမရှိတော့ဘူး။ ဒီနေရာတွေမှာက ဆားငန်ရေခံနိုင်တဲ့ မျိုးစပါးပဲ စိုက်လို့ရပါတယ်” လို့ ပြောပြပါတယ်။
ဂီရိဒုက္ခသည်တွေနဲ့ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုအပြည့်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ “မိုးမကျခင်မှာပဲ အမိုးအကာ အလုံအလောက်ရဖို့နဲ့ မျိုးစပါးတွေ ရဖို့အတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားပါတယ်။ ကျနော်တို့က အာဏာပိုင်အဖွဲ့မဟုတ်တော့ အာဏာပိုင်တွေလို လုပ်ပေးလို့မရဘူး” လို့ဆိုပါတယ်။
အဖွဲ့အစည်းတချို့ဟာ ကျပ် ၅ သိန်း၊ ၆ သိန်း လောက်တန်မယ့် နေအိမ်တွေ ဆောက်ပေးမယ်လို့ စာရင်းကောက်ပြီး အိမ်တွေ ဆောက်ပေးတဲ့အခါမှာတော့ ကျပ် ၅ သောင်းဝန်းကျင်သာ ကုန်ကျတဲ့ ရွက်ဖျင်တဲ၊ မာကြောမှုမရှိတဲ့ သစ်သားတိုင်လေးတွေနဲ့ လာဆောက်ပေးလို့ ဒေသခံတချို့က လက်မခံဘူးလို့ သိရပါတယ်။
အဲဒီအဖွဲ့အစည်းတွေ ဆောက်ပေးတဲ့ နေအိမ်တွေဟာ ၂၅ မိုင်နှုန်းလောက်ရှိတဲ့ လေတိုက်ရင်တောင် ပါသွားနိုင်ပြီး ခိုင်ခန့်မှု လုံးဝမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ငွေကြေး အဆင်ပြေတဲ့လူတချို့ကတော့ မိမိတို့ရဲ့ ရွှေထည်ပစ္စည်းတွေ၊ ကျွဲ၊ နွားတွေကို ရောင်းချပြီးတော့ နေအိမ်ကိုပဲ ဦးစားပေး တည်ဆောက်နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေကတော့ ဒုက္ခသည်တွေ အားလုံးနီးပါးကို အလုပ်အကိုင်တွေ၊ နေထိုင်စရာစရာတွေ စီစဉ်ပေးထားပြီးဖြစ်တယ်လို့ အစိုးရမီဒီယာတွေက ဖော်ပြရေးသားလေ့ရှိပါတယ်။
အချိန်တွေကြာလာတာနဲ့အမျှ လူတွေရဲ့အာရုံစိုက်မှု လျော့ကျလာသလို ကူညီထောက်ပံ့နေကြတဲ့ အဖွဲ့အစည်းတွေကလည်း အကြောင်းကြောင်းကြောင့် တဖြည်းဖြည်း ရုပ်သိမ်းသွားကြပါတယ်။
Save the Children, ယူနီဆက်ဖ်၊ ကြက်ခြေနီ စတဲ့အဖွဲ့တွေကတော့ တခါတလေ လာရောက်ပြီး စားသောက်စရာ တချို့၊ ဆေးဝါးတချို့ ကူညီပေးတယ်လို့ သိရပါတယ်။
ကူညီကယ်ရေးတွေ လုပ်ပေးခဲ့တဲ့ မင်္ဂလာမြန်မာအဖွဲ့ရဲ့ခေါင်းဆောင် ဒေါက်တာဖုန်းဝင်းက “ဆုံးရှုံးမှုတွေ၊ လိုအပ်ချက်တွေက တအားကြီးမားပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် အစိုးရရော နိုင်ငံတကာကပါ ပါဝင်မှ အဆင်ပြေမှာပါ” လို့ ပြောဆိုပြီး NGO အဖွဲ့တွေဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် ကူညီမှုတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။
မုန်းတိုင်းတိုက်ခတ်ခါစ အချိန်တုန်းက ပြည်တွင်း၊ ပြည်ပ INGO တွေ၊ NGO တွေ၊ စေတနာရှင်တွေ၊ လူမှုရေးအဖွဲ့တွေက တတ်နိုင်သလောက် ကူညီခဲ့ကြပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ထိရောက်အောင် လုပ်မပေးနိုင်ခဲ့ကြပါဘူး။
“ဂီရိစဖြစ်တုန်းကတော့ NGO တွေဟာ သူကူမယ်၊ ငါကူမယ် ဆိုပြီးတော့ နေရာရဖို့ လုနေခဲ့ကြတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှန်းသိတော့ အသံတွေအားလုံး တိတ်သွားပြီ” လို့ နာဂစ်မုန်တိုင်းနဲ့ ဂီရိမုန်တိုင်း ဒဏ်ခံဒေသတွေမှာ လယ်ယာလုပ်ငန်းတွေကို ပြန်လည်ထူထောင်ရေး ကူညီလုပ်ပေးနေတဲ့ ရန်ကုန်အခြေစိုက် NGO အဖွဲ့တခုက ဆိုပါတယ်။
No comments:
Post a Comment