Thursday, April 28, 2011

ပါးပေါ်က သနပ်ခါး အစစ်လား၊ အတုလား

ကြည်ဝေ

“ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ ယူ၊ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ” ဆိုသည့် နန်းတော်ရှေ့ ဆရာတင်၏ နာမည်ကြီး သီချင်းမှသည် ယနေ့ခေတ် Black Whole အဖွဲ့၏ “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ၊ သူများတွေထက် မထင်ရှားလည်းပဲ ကိုယ့်အတွက် လမင်းလေးပါ” ဆိုသည့် “သနပ်ခါးချစ်သူ” သီချင်းအထိ ခေတ်အလိုက် သနပ်ခါး သီချင်းများကို လူငယ်တို့ ဆိုညည်းကြသည်အထိ သနပ်ခါးက ရေပန်းစားလှသည်။

ယခုအခါတွင် မြန်မာအမျိုးသမီးများ၏ ပါးပြင်တွင်မူ သနပ်ခါးအစစ် ရနံ့ သင်းပျံ့ပျံ့အစား ကံ့ကော်ရနံ့၊ နှင်းဆီရနံ့၊ စံပယ်ရနံ့စသည့် ပန်းရနံ့အတုများဖြင့် အစားထိုး ဖန်တီးထားသော သနပ်ခါးဘူးများက တဖြည်းဖြည်း နေရာယူလာပြီဖြစ်ကြောင်း လှိုင်သာယာ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်သည့် မစန်းသော်တာဝင်းက ပြောပြသည်။

“သနပ်ခါးတုံး တတုံးဆိုရင် ကျပ် လေး၊ ငါးထောင်ပေးမှ ရတော့ ကျမတို့ ၀ယ်မလိမ်းနိုင်ကြဘူး။ သနပ်ခါး မလိမ်းရင်လည်း မနေနိုင်တော့ ဈေးသက်သာတဲ့ သနပ်ခါးဘူးတွေ ၀ယ်လိမ်းနေရတာပဲ။ အစစ်လို မဟုတ်ပေမယ့် အာသာပြေပေါ့” ဟု မျက်နှာပြင် အပြည့် ပါးကွက်ကျား နှစ်ဘက်ကွက်ထားသော မစန်းသော်တာဝင်းက ဆိုသည်။

သနပ်ခါးတုံး ဈေးကောင်းလာသည့်အတွက် သနပ်ခါးကြိုက်သော မြန်မာအမျိုးသမီးတို့မှာ သနပ်ခါးတုံးအနှစ်သားနှင့် တခြားသော ကြာရှည်ခံ ဓာတုပစ္စည်းများ၊ ရနံ့များ ရောနှော ပြုလုပ်ထားသည့် ဈေးသက်သာသော သနပ်ခါးခဲများ၊ သနပ်ခါးဘူးများကိုသာ ၀ယ်လိမ်း နေကြရသည်။

လက်ရှိ သနပ်ခါးဈေးကွက်တွင် ရှင်မတောင်သနပ်ခါး လူကြီး လက်ကောက်ဝတ်လုံးပတ်၊ အရှည် တထွာခန့်အရွယ် သနပ်ခါး တတုံးလျှင် အနည်းဆုံး ကျပ် ၃ ထောင်မှ ၈ ထောင်ဈေးအထိ ရှိပြီး လက်တ၀ါးစာအရွယ် သနပ်ခါးခြမ်း တတုံးလျှင် အနည်းဆုံး ကျပ် ၅ ထောင်မှ အမြင့်ဆုံး ၁ သောင်းခွဲ ဈေးအထိ ပေါက်လျက်ရှိကြောင်းသိရှိရသည်။ သနပ်ခါး ဈေးကွက်အတွင်း အပွေး သနပ်ခါး အနေဖြင့် ရှားပွေး၊ မာလကာပွေး၊ အ၀ါပွေး၊ ဖြူပွေးတို့မှာ လူကြိုက်များ အရောင်းသွက်ကြောင်း သနပ်ခါး ကုန်သည်များက ပြောသည်။

သနပ်ခါးတုံး စစ်စစ်သည် လိမ်းလိုက်လျှင် သနပ်ခါးရနံ့ သင်းပျံ့၍ ပါးပြင်ကို အေးမြစေပြီး ရာသီဥတု အပူဒဏ်ကို အံတု နိုင်သော်လည်း သနပ်ခါးဘူးများကမူ သနပ်ခါး အစစ်လောက် မအေးကြောင်း၊ ရနံ့မှာလည်း သဘာဝ ရနံ့မဟုတ်ဘဲ ဖန်တီး ထားသော ရနံ့ ဖြစ်သောကြောင့် ပြင်းလွန်းလှသည့်အတွက် မကြိုက်ကြောင်း ရန်ကုန် ညောင်ပင်လေးဈေးတွင် ကုန်ခြောက် ရောင်းနေသည့် မအေးမြကြည်က ပြောသည်။

“သနပ်ခါးတုံးက ဈေးကြီးပေမယ့် အသားအေးတယ်၊ အပူဒဏ်ကို ခံနိုင်တယ်၊ ဆေးဖက် ၀င်တယ်။ သနပ်ခါးဘူးတွေကတော့ တဘူးကို ကျပ် ၅၀၀ လောက်ပဲ ရှိပေမယ့် မြေကြီးတွေ ရောတယ်လို့လည်း ကြားတော့ မလိမ်းရဲဘူး။ မကြိုက် တာလည်းပါတယ်” ဟု မအေးမြကြည်က ပြောသည်။

သနပ်ခါးလိမ်းခြင်းနှင့် သနပ်ခါးစားခြင်း ဓလေ့ကို ငယ်စဉ် ကလေးဘ၀ကတည်းက ရရှိခဲ့ကြသော မြန်မာပြည်သူတို့မှာ သနပ်ခါးဖြင့် ကင်းကွာပြီး မနေနိုင်ကြကြောင်း၊ နိုင်ငံခြားဖြစ် နာမည်ကြီး မိတ်ကပ်များ၊ အသားလှရည်များကို မည်သို့ပင် ပြောင်းလဲကာ လိမ်းခဲ့သော်လည်း အိမ်၌ နေစဉ်တွင်မူ မျက်နှာအေးသော သနပ်ခါးကိုပင် လိမ်းကြကြောင်း ထို့ကြောင့်လည်း သနပ်ခါးတုံးဈေး မည်မျှပင် ကြီးစေကာမူ ၀ယ်လိမ်းနေရဦးမည် ဖြစ်ကြောင်း သူက ဆိုသည်။

“ကလေးတွေ ဆိုရင်လည်း သနပ်ခါးလူးပေးရင် လက်ညှိုးနဲ့တကော်လောက် ကျွေးလိုက်ရမှ၊ သနပ်ခါးစားရင် အညှော်ဒဏ် နိုင်တယ်၊ ၀မ်းအေးတယ်ဆိုပြီး ဓာတ်စာလိုလည်း စားခဲ့ကြတော့ သနပ်ခါးတုံးစစ်စစ်ကို ဘယ်လောက်ပဲ ပေးရပေးရရှာဝယ် ဖြစ်တာပါပဲ” ဟု မအေးမြကြည်က ပြောသည်။

မြန်မာ့ရိုးရာ သင်္ကြန်အခါတွင်လည်း ရိုးရာမပျက် သနပ်ခါးသွေး ပြိုင်ပွဲများ ကျင်းပကြဆဲ ဖြစ်သည်ကို သတင်းများအရ သိရသည်။

သနပ်ခါးတုံးများ ဈေးကောင်းလာသောကြောင့် သနပ်ခါးဈေးကွက်အတွင်းဝယ် သစ်ပလွေသား၊ သီးသား၊ ဥသျှစ်သား၊ ဆူးဖြူသား၊စသည့် သနပ်ခါးပွေးနှင့်တူသည့် အပင်၊ အခေါက်အတုံးတို့ကို လိမ်ညာရောင်းသူများလည်း ရှိလာကြောင်း၊ ထိုသနပ်ခါး အတုတုံးများပင် တတုံးလျှင် ကျပ် ၃ ထောင်ဈေး အနည်းဆုံး ရောင်းနေကြကြောင်း သိရသည်။

အလှကုန် ဈေးကွက်အတွင်း ပြည်တွင်းဖြစ် သနပ်ခါးဘူး အမှတ်တံဆိပ်ပေါင်း ၂၀ ခန့်အထိ ရှိပြီး ဈေးနှုန်းများမှာလည်း တဘူးလျှင် အနည်းဆုံး ကျပ် ၅၀၀ မှ ၁၀၀၀ ခန့်အထိ ဈေးရှိသည်။

ထို့အပြင် သနပ်ခါးအမြစ်တုံးများကို ကြိတ်ထားသည့် သနပ်ခါးခဲများလည်း ရှိကြောင်း၊ ထိုသနပ်ခါးခဲများမှာ အနံ့မမွှေးသည့်အတွက် လူကြိုက်နည်းသော်လည်း ဈေးနှုန်း သက်သာသောကြောင့် သုံးစွဲသူ များကြောင်း သိရှိရသည်။

“သနပ်ခါးခဲက အမြစ်တုံးကို ပြန်ကြိတ်ထားတာဆိုတော့ သနပ်ခါးစစ်တယ်။ ဈေးသက်သာတယ် ဆိုပေမယ့် တခဲကို ၂၀၀ ကျပ် လောက်နဲ့ရောင်းမှပဲ ကိုက်တော့တယ်။ အရင်တုန်းကတော့ တခဲကို ၁၀၊ ၁၅ ကျပ်လောက်ပဲ ဈေးရှိခဲ့တာ” ဟု သနပ်ခါး ကြိတ်စက် လုပ်ငန်းရှင်တဦးက ပြောသည်။

သနပ်ခါးတုံးများ ဈေးမြင့်တက်လာရခြင်းမှာ သဘာဝ သနပ်ခါးပေါက်ပင်များ ရှားပါးလာခြင်း၊ သနပ်ခါးပင် စိုက်စရိတ် မြင့်တက်လာခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာခြင်း တို့ကြောင့်ဖြစ်ကြောင်း သနပ်ခါးကုန်သည် ကိုသန်းဦးက ပြောသည်။

“ကျနော်က ရေစကြိုကနေ သနပ်ခါးပင်တွေကို ၀ယ်ပြီး ရန်ကုန်မှာ ရောင်းတယ်။ တတုံးကို အနည်းဆုံး ကျပ် ၃ ထောင်မှ မရရင် မရောင်းနိုင်ဘူး၊ မကိုက်ဘူး။ ပြန်ရောင်းတဲ့ လူတွေကလည်း တတုံးကို အနည်းဆုံး ကျပ် ၅ ထောင်လောက်မှ မရရင် မကိုက်တော့ ဘူး၊ ရှုံးတယ်။ ဆိုင်ခန်းခတွေ၊ သယ်ယူစရိတ်တွေက လည်းရှိသေးတော့ သူတို့ အရင်းကိုပဲ ၄ ထောင်လောက် ရှိနေပြီ” ဟု ကိုသန်းဦးက ဆိုသည်။

ယခုအခါ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရှင်မတောင် ပတ်လည် ကျေးရွာများတွင် သနပ်ခါး ပျိုးပင် ရောင်းချရေးလုပ်ငန်း၊ သနပ်ခါးပင် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေကြပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း ရောင်းချလာကြကြောင်း သိရှိရသည်။

“သနပ်ခါးက ဈေးကောင်းလာတယ်။ စိုက်စရိတ်က ၅ ဧကကို အနိမ့်ဆုံး ကျပ်သိန်း ၂၀၀ လောက် ရင်းရတယ်။ အဲဒီကနေ ၆ နှစ်၊ ၇ နှစ်လောက် ကြာရင် ကျပ်သိန်း ၂ ထောင်လောက် ပြန်ဝင်နိုင်ပါတယ်” ဟု ကိုသန်းဦးက ပြောသည်။

သနပ်ခါးပင်သည် နေရာဒေသမရွေး စိုက်ပျိုး ပေါက်ရောက်နိုင်သော်လည်း အပူခံနှစ်ရှည်ပင်မျိုး ဖြစ်သည့်အတွက် မိုးခေါင်ရေရှားသည့် ကုန်းခေါင်ခေါင် အညာဒေသတွင်သာ ဖြစ်ထွန်းအောင်မြင်ကြောင်း သိရှိရသည်။

သနပ်ခါးတွင် သဘာဝပေါက်ပင်နှင့် စိုက်ပျိုးပင်ဟု ရှိသော်လည်း ယခုအခါ သနပ်ခါးပင်များ ရှားပါးလာသည့်အတွက် ပိုမို စိုက်ပျိုးလာကြသည်။ သနပ်ခါးကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ပဲခူးတိုင်း ပြည်ခရိုင်၊ မကွေးတိုင်း ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ် စသည့် ဒေသတို့တွင် စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာပြီဖြစ်သည်။

“၇ နှစ် သက်တမ်းရှိတဲ့ သနပ်ခါးပင်တပင်ကို အနိမ့်ဆုံး ကျပ် ၅ သောင်းကနေ သိန်းဂဏန်းအထိ ပေါက်ဈေးရှိတယ်။ သနပ်ခါးပင် က တခါဖြတ်ရောင်းပြီးရင်လည်း အမြစ်ကနေ အပင်ပြန်ဖြစ်တယ်။ အဲဒီလို ပြန်ဖြစ်တဲ့ အပင်တွေက မူရင်း အပင်ထက်ကို ပိုကောင်းတယ်။ ပိုက်ဆံချမ်းသာတဲ့ သူတွေကတော့ စိုက်နိုင်ကြပါတယ်” ဟု ကိုသန်းဦးက ပြောသည်။

သနပ်ခါးပင်သည် နှစ်ရှည်ပင် ဖြစ်ပြီး အနည်းဆုံး ၃ နှစ်သားမှ ၇ နှစ်သားအရွယ်တွင် ခုတ်ရောင်းနိုင်ကြောင်း၊ သို့ရာတွင် သနပ်ခါး အပင် နုစဉ် မသေစေရန်နှင့် အပင်ပိုးမကျစေရန် စနစ်တကျ စိုက်ပျိုးရကြောင်း သိရှိရသည်။

သနပ်ခါး စိုက်ပျိုးသူများသည် တဧကလျှင် ပင်ရေ ၂၀၀ ခန့်အထိ စိုက်ပျိုးပြီး သနပ်ခါးပင်များ ကြားတွင် ပဲတီစိမ်း၊ နှမ်း စသည့် သီးနှံများကိုပါ စိုက်ပျိုးလေ့ရှိသည်။

ယခုအခါ သနပ်ခါးဈေးကွက် ကျယ်ပြန့်လာပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပရောက် မြန်မာများအတွက် ရောင်းချရာမှ ၂၀၀၆ ခုနှစ်ခန့်က စတင်ကာ ပြည်ပနိုင်ငံ တချို့ကိုပါ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“သနပ်ခါး အိတ်စ်ပို့လုပ်စတုန်းကတော့ ဒေါ်လာရမယ်ဆိုပြီး လွှတ်ပျော်ကြတာပဲ။ နောက်တော့ ပွဲစားတွေက မြန်မာငွေနဲ့ပဲ ၀ယ်တာ။ ပြီးမှ သူတို့က နိုင်ငံခြား ပို့တာလို့ ပြောတယ်။ သနပ်ခါးပင် ဈေးကောင်းလာတာတော့ အမှန်ပဲ။ ထင်ထားသလိုတော့ သနပ်ခါး စိုက်တဲ့သူတွေ သူဌေး မဖြစ်ပါဘူး။ ရရစားစားတွေပါပဲ” ဟု ရေစကြိုမြို့တွင် သနပ်ခါးစိုက်သည့် ကြီးတော်သန်းက ပြောသည်။

ယခုအခါ ပြည်ပသို့ ပို့ရသောကြောင့် သနပ်ခါး ဈေးကောင်းရလာသည်နှင့်အမျှ ပိုးမထိစေရန် ပိုးသတ်ဆေး၊ အပင်ကြီးထွားစေရန် မြေသြဇာ စသည်ဖြင့် ပံ့ပိုးရခြင်း၊ သယ်ယူပို့ဆောင်ခများ ကြီးမြင့်လာခြင်းတို့ကြောင်း သနပ်ခါးစိုက်သူများမှာ အကျိုးအမြတ် ပိုမို မရရှိကြောင်း ၎င်းက ရှင်းပြသည်။

“အရင်က သနပ်ခါး တပင်ကို အများဆုံးရရင် ကျပ် ၂ သောင်းပဲ။ အခုတော့ ၅ သောင်း၊ ၆ သောင်းပေါ့။ ဒါပေမယ့် ကုန်ကျစရိတ်တွေ များလာတော့ ဈေးကောင်းပေမယ့် ကျုပ်တို့တွေ ပိုမရဘူးလို့ မှတ်တာပဲ။ အရင်က သနပ်ခါးပင် တပင်ကို ကျပ် ၁၀၀ လောက်နဲ့ ရောင်းရရင်လည်း အဲဒီ ၁၀၀ က တန်ဖိုးရှိတယ်။ ဆန်ဖြစ်တယ်၊ ဆီဖြစ်တယ်။ ဒီခေတ်မှာ သနပ်ခါးပင် တပင်ကို ကျပ် ၅ သောင်းလောက် ရပေမယ့် ဆန်ပဲဖြစ်မယ်၊ ဆီမဖြစ်တော့ဘူး ဆိုတော့ စဉ်းစားသာ ကြည့်တော့၊ ကိုက်မကိုက်ကို” ဟု ကြီးတော်သန်းက ဆိုသည်။

သနပ်ခါးစိုက် တောင်သူများ ညည်းတွားနေသကဲ့သို့ သနပ်ခါးချစ်သူ အမျိုးသမီးများလည်း သနပ်ခါး ဈေးကြီးသောကြောင့် ညည်းညူနေကြသည်။

“ကျမတို့တော့ သနပ်ခါးတုံးတွေ ဈေးကြီးလွန်းလို့ အမြစ်တုံးတွေ သွေးလိမ်းရတာ။ အမေတို့၊ အဘွားတို့တုန်းကလိုပဲ သနပ်ခါးတုံးအစစ်နဲ့ သနပ်ခါးထူထူ လိမ်းချင်ပေမယ့် မလိမ်းနိုင်ဘူး။ လူကြီးတွေပြောသလို နေပူရင် သနပ်ခါးထူထူလိမ်းမှ အေးတယ်၊ ဆောင်းတွင်းမှာဆိုလည်း သနပ်ခါး ထူထူလိမ်းရင် နွေးတယ်ဆိုတဲ့စကားကို ကြားပဲ ကြားဖူးတော့တယ်။ မလိမ်းဘူးတာ ဆယ်စုနှစ် တခုလောက်ရှိပြီ” ဟု မစန်းသော်တာဝင်းက ပြောသည်။

၎င်းအနေဖြင့် သနပ်ခါး အစစ်တုံးဖိုး မတတ်နိုင်သောကြောင့် သနပ်ခါး အမြစ်တုံးများ၊ သနပ်ခါးဘူးများသာ လိမ်းနေရသဖြင့် သနပ်ခါး အစစ်နံ့ကိုပင် မမှတ်မိတော့ဟု ဆိုသည်။ ။

No comments: