Thursday, April 28, 2011

နယ်စပ်အခြေစိုက် အတိုက်အခံများ ထိုင်း နှိမ်နင်းဖွယ်ရှိ

ဧရာဝတီ Thursday, 28 April 2011

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ ရုံးများနှင့် လူနေအိမ်များကို ထိုင်း ရဲတပ်ဖွဲ့က မကြာမီ ၀င်ရောက် ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည်ဟု ကရင်ပြည်နယ် မြ၀တီခရိုင် ရဲ တပ်ဖွဲ့နှင့်နီးစပ်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တွင် ယမန်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲချုပ်ဦးဆောင်သည့်အဖွဲ့နှင့် မြ၀တီခရိုင် ရဲမှူး ဦးဆောင် သောအဖွဲ့တို့ ပြုလုပ်သည့် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲမှုခင်းတိုက်ဖျက်ရေး စည်းဝေးပွဲတွင် ယင်းသို့ မြန်မာ အတိုက် အခံများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကမြ၀တီမှာ ထိုင်းနဲ့မြန်မာရဲတွေ အထူးစည်းဝေးပွဲလုပ်ကြတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နယ်စပ်ရေးရာနဲ့ မဲဆောက်မှာရှိနေတဲ့ မြန်မာ အတိုက်အခံအဖွဲ့တွေကို ထိုင်းဘက်ကအရေးယူပေးဖို့ ကိစ္စတွေ ပါတယ်၊ မြန်မာရဲဘက်က ထိုင်းရဲကိုပေးတဲ့ သက်သေခံအထောက်အထားတွေထဲမှာ မြန်မာအတိုက်အခံတွေရဲ့ရုံး တွေနဲ့ လူနေအိမ်တွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ဓာတ်ပုံအထောက်အထားတွေနဲ့ ပေးလိုက်တယ်”ဟု အထက်ပါ အစိုးရ ၀န်ထမ်းက ပြောသည်။

မြန်မာဘက်က အဓိကဆွေးနွေးသည့်အချက်တွင် မြ၀တီခရိုင်အတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများသည် ထိုင်းဘက်တွင်အခြေစိုက်သည့် မြန်မာအတိုက်အခံအဖွဲ့များက ပြုလုပ်နေခြင်းဖြစ်သည့်အတွက် ထိုင်းဘက်မှအမြန်ဆုံး အရေးယူမှုများပြုလုပ်ပေးရန်ပါရှိသည်ဟု သိရသည်။

ယမန်နေ့ကပြုလုပ်သည့် ထိုအထူးစည်းဝေးပွဲသို့ ထိုင်းနိုင်ငံတာ့ခ်ခရိုင်ရဲမှူးကြီး Pol. Maj.Gen Chamlong Nomsian နှင့် အတူ ခရိုင်အဆင့် အကောက်ခွန်ဌာန၊ ထိုင်းလ၀က၊ ကာကွယ်ရေးဌာန၊ နယ်ခြားကော်မတီ စသည့်အဖွဲ့များမှ အဆင့်မြင့် အရာရှိများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာဘက်မှ မြ၀တီခရိုင် ရဲမှူး ဒုရဲမှူးကြီး ခင်ကျော်၊ ရဲမှူး လေးစိုး(ဦးစီး)၊ ရဲမှူး လင်းဦး(သတင်းတပ်ဖွဲ့)၊ ဒုရဲမှူး အောင်ငွေ၊ ဒုရဲမှူး ကြီးရွှေ(လူကုန်ကူး-အထူး)၊ ဒုရဲမှူး စောလေးဝါး(မူးယစ် အထူး)၊ ရဲအုပ်သိန်းလွင်(မူးယစ်အထူး-BLO)၊ ရဲအုပ် အောင် မျိုးလွင် နှင့် ဒုရဲအုပ် ဆွေလတ် တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးမှ နှစ်နိုင်ငံ တာဝန်ရှိသူများ သဘောတူညီချက်အရ မကြာမီ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ နှင့် မြ၀တီခရိုင်အတွင်း ရာဇ၀တ်မှုနှိမ်နှင်းရေးဆိုင်ရာ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လာနိုင်သည်ဟု မဲဆောက်ရှိဝါရင့် ထိုင်း သတင်းထောက် တဦးက ပြောဆိုသည်။

No comments: