Saturday, April 30, 2011

စီမံချက်ဖြင့် ဖမ်းဆီးမှုများကြောင့် မီဇိုရမ်နေ မြန်မာများပုန်းရှောင်

ဇာနည်မာန် Saturday, 30 April 2011

အိန္ဒိ ယ နိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ရှိ တရားမ၀င် နိုင်ငံခြားသားများကို လိုက်လံဖမ်းဆီးနေသည့် စီမံချက်ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းခွင် ရပ်နားကာ ပုန်းရှောင်နေကြရသည်။

“မနက်ကတင် ဒီက ၄ ယောက်ဖမ်းခံရတယ်။ နောက်ထပ်လာဖမ်းမယ်ဆိုတော့ အခု ရက်ကန်းယက်တာတွေလည်း ရပ်ထားပြီး ပုန်းနေကြရတယ်။ စနေနေ့တိုင်း တပတ်တခါ ဈေးဝယ်နေကျကိုတောင် ဈေးမ၀ယ်နိုင်ကြဘူး။ မြို့ထဲမှာ ရဲကားတွေနဲ့ လိုက်ဖမ်းနေတာ” ဟု ယက်ကန်းလုပ်ငန်း အများစုတည်ရှိရာ ဇောင်းတွီရပ်ကွက်မှ မြန်မာရွှေ့ပြောင်းလုပ်သားတဦးက ပြောသည်။

ယမန်နေ့ညက ကျော်မွှန်ရပ်ကွက်အတွင်း ရပ်ကွက်အာဏာပိုင်များက တအိမ်တက်ဆင်း လိုက်လံရှာဖွေစစ်ဆေးကာ ကလေးငယ်များအပါအ၀င် မြန်မာနိုင်ငံသား ၃၀ ဦးကို ဖမ်းဆီခဲ့သည်ဟု သိရသည်။

ယမန်နေ့က အိုက်ဇောမြို့အတွင်း ဖမ်းဆီးခဲ့သူ စုစုပေါင်း ၆၀ ဦးတွင် မြန်မာနိုင်ငံသား ၄၀ ကျော်ပါဝင်ကြောင်း၊ ကျန်သူများမှာ တခြားပြည်နယ်များမှ ပြည်နယ်ဖြတ်ကျော်ခွင့် ပါမစ်မရှိဘဲ လာရောက်သည့် အိန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း၊ ယနေ့ဖမ်းဆီမှုများနှင့်ဆိုလျှင် မြန်မာနိုင်ငံသား ၈၀ ရှိပြီဖြစ်ကြောင်း သိရသည်။

တခြားပြည်နယ်မှ အိန္ဒိယနိုင်ငံသားများကိုမူ ယနေ့နေ့လည်တွင် တရားရုံးတင်ပြီး နေရပ်ပြန်ပို့ဖွယ်ရှိသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် သင်္ကြန်တွင်းကာလကလည်း ပွဲတော်ကျင်းပနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးခဲ့ရာ ၁၃ ဦး ထိမ်းသိမ်းခံနေရဆဲဖြစ်ပြီး တရားရုံး ရုံးချိန်းများ သွားနေရကြောင်း၊ ၎င်းတို့ကို ဒဏ်ငွေနှင့် နေရပ်ပြန်ပို့ဖွယ်ရှိကြောင်း၊ ကျန် အဖမ်းခံရသူများကိုမူ အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် လူမူရေးအသင်းအမှုဆောင် တဦးဖြစ်သူ ကိုထွေးက ပြောသည်။

တရားမ၀င်နေထိုင်သူများကို လိုက်လံဖမ်းဆီးခြင်းသည် ယခုနှစ်အတွင်း ၄ ကြိမ်မြောက်ဖြစ်ပြီး၊ မီဇိုရမ်ပြည်နယ် အစိုးရ၏ တရားမ၀င်နေထိုင်သူများ ပပျောက်ရေးစီမံချက်ကြောင့်ဖြစ်ကြောင်း သိရသည်။

ကိုထွေးက “စီမံချက်နဲ့လုပ်တာဆိုတော့ အလုပ်ရှင်တွေကလည်း ဒီကိစ္စမှာ အခက်အခဲတွေဖြစ်နေတယ်။ အလုပ်သမားတွေ အလုပ်မလုပ်ရဲတော့ အလုပ်ရှင်တွေမှာ ထိခိုက်နစ်နာတာတွေ များတယ်လို့ ငြီးနေကြတယ်” ဟု ပြောသည်။

နိုင်ငံခြားသားဖြစ်ဖြစ်စေ၊ အိန္ဒိယနိုင်ငံသားဖြစ်စေ မီဇိုရမ်ပြည်နယ်သို့ လာရောက်နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် နေထိုင်ခွင့်လက်မှတ် တောင်းခံကြရသည်။ နေထိုင်ခွင့်လက်မှတ်တခု၏ သက်တမ်းမှာ နေထိုင်သူ၏ အလုပ်အကိုင်၊ လာရောက်သည့်အကြောင်းအရာအရ ၁ ပတ်မှ ၁ လအထိ ရှိသည်။

“မြန်မာနိုင်ငံသား အများစုက လက်မှတ်မရှိကြဘူး။ ရေရှည်နေဖို့ကိုလည်း သက်ဆိုင်ရာက ထုတ်ပေးတာ မရှိဘူး။ ဒီလိုပဲ သဘောတူညီမှုတခုနဲ့ နေခွင့်ပေးထားတာဆိုတော့ သူတို့ ဖမ်းချင်တဲ့အချိန် ဖမ်းလို့ရတယ်လေ။ အဲလိုဖြစ်နေတာ” ဟု ကိုထွေးက ရှင်းပြသည်။

မီဇိုရမ်ပြည်နယ်တွင်းနေ မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ ရက်ကန်းလုပ်ငန်း၊ ရွှေပန်းထိမ်လုပ်ငန်း၊ အိမ်ဖော်၊ ပန်းရံ၊ မြေတူး၊ လွှဆွဲ၊ လမ်းဖောက် စသည့် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သည့် တရားမ၀င်နိုင်ငံခြားသားများအနက် မြန်မာနိုင်ငံသားအများစုမှာ ပြည်နယ်တွင်း ဖြစ်ပွားသည့် ရာဇ၀တ်မှုများ၊ အထူးသဖြင့် မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းဝယ်ဖောက်ကားခြင်းတို့တွင် ပါဝင်ပတ်သက်နေရာ အဆိုပါ ပြစ်မှုများကို ထိန်းချုပ်လိုသောကြောင့် ယခုကဲ့သို့ စီမံချက်ချ ဖမ်းဆီးမှုများ ပြုလာခြင်းဖြစ်နိုင်သည်ဟု တချို့က သုံးသပ်သည်။

မီဇိုရမ် ဒေသခံတဦးက “ပြည်နယ်အစိုးရက တရားမ၀င် နိုင်ငံခြားသားကိစ္စတွေကို ဖြေရှင်းချင်တာကြာပြီ။ တဖက်မှာလည်း ဒီအလုပ်သမားတွေကို မှီခိုနေရတဲ့အပိုင်းကလည်း ရှိနေတယ်။ နေထိုင်ခွင့်ပေးထားပြန်တော့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်တာတွေ ဖြစ်လာ၊ ပြည်နယ် အေးချမ်းတည်ငြိမ်ရေးကို နှောင့်ယှက်တာတွေက ဖြစ်လာတော့ ပြည်နယ် လုံခြုံရေးအတွက်ကလည်း သူတို့အတွက် စဉ်းစားစရာတွေ ဖြစ်လာတာပေါ့” ဟု ပြောသည်။

ဖမ်းဆီးခံရသူများသည် အနည်းဆုံး ဒဏ်ငွေ ရူပီး ၅၀၀ ပေးဆောင်ရဖွယ် ရှိသည့်အပြင် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ပြန်ပို့ခံရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုများကြောင့် အိုက်ဇောမြို့သို့ ပြန်ရောက်လာကြဦးမည့် သံသရာဖြစ်စဉ်အား သက်ဆိုင်ရာမှ မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရဦးမည်ဟု ၎င်းက ဆိုသည်။

အိုက်ဇောမြို့တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သား ၅ သောင်းထက် မနည်း ရှိကြောင်း သိရသည်။

No comments: