Wednesday, April 27, 2011

ချင်းရေးရာဝန်ကြီးပူးနိုးထန်ကပ် ပထမဆုံးဝန်ကြီးခရီးစဉ်စတင်

KHONUMTHUNG NEWS

စစ်ကိုင်းတိုင်းဒေသကြီးမှ ချင်းရေးရာဝန်ကြီးအဖြစ် ရွေးကောက်တင် မြှောက်ခံရသည့် ချင်းတိုး တက်ရေးပါတီဥက္ကဋ္ဌ ၀န်ကြီး ပူးနိုးထန်ကပ်သည် ၄င်း၏ပထမဦးဆုံးဝန်ကြီးခရီးစဉ်အဖြစ် ကလေးမြို့ သို့ရောက်ရှိလာခဲ့ပြီး ဒေသတွင်းပါတီကော်မီတီဝင်များနှင့်တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ သည်ဟုသိရသည်။

ယခုလ ၂၃ ရက်နေ့က ကလေးမြို့ စတောမ်ရပ်ကွက် Youth Center တွင်အစည်း အဝေးတရပ်ပြုလုပ်ကာ ကျေးရွာ၊ ရပ် ကွက်အသီးသီးမှ ပါတီ စည်းရုံး ရေးမှူးများ၊ အကြံ ပေးပုဂ္ဂိုလ်များ၊ မြို့နယ်အလုပ်အမှုဆောင်ကော်မီတီများအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ခန့်နှင့် ပါတီ၏ရှေ့ရေးတို့ကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်ဟု ကလေးမြို့နယ် စီပီပီပါတီ ဥက္ကဋ္ဌ ပူး ဗန်ကိမ်းကပြောသည်။

” စီပီပီ ဒီ့ထက်ပိုပြီး ပိုမိုအားကောင်းလားအောင် ဘယ်လိုလုပ်ရင်ကောင်း မယ်ဆိုတဲ့ ကိစ္စကိုအဓိထားပြီး ဆွေးနွေးခဲ့ကြတယ်” ဟုပြောသည်။

ဦးနိုးထန်ကပ်သည် ချင်းရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့်နောက် ၄င်း၏မဲဆန္ဒနယ်မြေ ကလေးမြို့သို့ ပထမဦးဆုံး အကြိမ်အဖြစ်ရောက်ရှိလာခြင်းဖြစ်သလို ဒေသတွင်းပါတီ အဖွဲ့ဝင် များနှင့်လည်းပထမဦးဆုံးအကြိမ်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးသည် ယနေ့ ဧပြီ ၂၅ ရက်နေ့တွင် တမူးမြို့သို့သွားရောက်မည်ဟုသိရပြီး ဒေသတွင်း ပါတီအလုပ်အမှုဆောင် ကော်မီတီဝင်များ၊ ချင်းပြည်သူများနှင့်လည်းတွေ့ဆုံကြမည် ဟုသိရ သည်။

တမူးမြို့မှအပြန်တွင် တမူး-ကလေးကားလမ်းမပေါ်ရှိ ချင်းလူမျိုးအများစုနေထိုင်ကြသည့် ခမ်းပတ်၊ ဘုတ်ကန်၊ ခါနန် စသည့်ကျေးရွာများတွင်လည်း ၀င်ရောက်ကာ လူထုနှင့် တွေ့ ဆုံရန်စီစဉ်ထားကြောင်းသိရသည်။

ကလေးမြို့နယ်တွင် ချင်းတိုးတက်ရေးပါတီဝင်စုစုပေါင်း ၇၀၀၀ ကျော်ခန့်ရှိပြီး ကျေးရွာ၊ ရပ်ကွက် ကော်မီတီပေါင်း ၁၄၂ ခု ရှိသည်။

”စစ်ကိုင်းတိုင်းမှာ လူမျိုးပေါင်းစုံရှိတယ်၊ အဲဒီမှာ ချင်းရေးရာ ၀န်ကြီး တယောက်ရှိတာက ဂုဏ်ယူစရာပါ။ ချင်းပြည်သူတွေလိုအပ်ချက်က ၀န်ကြီးတွေအသိဆုံးဖြစ်မှာပါ” ဟု ဒေသခံတဦး က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးအရွေးခံရပြီး ၀န်ကြီး ပူးနိုးထန်ကပ်အပြင် ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ပလက်ဝ မဲဆန္ဒမှအရွေးခံရသည့် ဦးကျော်ငြိမ်း ၀န်ကြီးအဖြစ် အရွေးခံရ သည်။
စီပီပီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးအရွေးခံခဲ့ကြရသော်လည်း ၀န်ကြီးအဖြစ် ၂ ဦးသာ ခန့်အပ်ခြင်းခံရသည်။

No comments: