Saturday, April 23, 2011

သာသနာရေးဝန်ကြီးဌာန သတင်းပေါက်ကြားမှု ဝန်ထမ်းများကို စစ်ဆေး

ဧရာဝတီ

သာသနာရေး ၀န်ကြီးဌာန၏ ဌာနတွင်း သတင်းတချို့ ပြည်ပမီဒီယာများသို့ ပေါက်ကြားမှုဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သာသနာရေး ၀န်ထမ်းများ မကြာခဏ ခေါ်ယူစစ်ဆေး မေးမြန်းခံနေရကြောင်း သိရသည်။

ထိုသို့ စစ်ဆေး မေးမြန်းခဲ့သော်လည်း ၀န်ထမ်းများထံမှ တိကျသောအဖြေ မရရှိခြင်းကြောင့် သံသယရှိသူ ၀န်ထမ်းတချို့ နယ်ပြောင်း အရေးယူ ခံနေရသည်ဟု နေပြည်တော် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ၀န်ထမ်းတဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ဇန်န၀ါရီ ၁၄ ရက်က ကရင်ပြည်နယ် ဘားအံမြို့နယ် သာသနာရေး ဦးစီးဌာန၊ သာသနာရေး ဒုတိယ ဦးစီးမှူး မမြတ်လေးမော် (ခ) ကွန်းပီး၏ လက်ဝယ်မှ ၁၀၀၀ ကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိခဲ့ခြင်းကြောင့် မွန်ပြည်သစ်ပါတီက ၎င်းအား ဖမ်းဆီးခဲ့ရသည်ဟု ပြည်ပအခြေစိုက် မွန်သတင်းဌာန တခုဖြစ်သော ကောင်းဝါ (Kaowao.org) တွင် ဇန်န၀ါရီ ၁၈ ရက် နေ့စွဲဖြင့် ဖော်ပြခဲ့သည်။

ငွေအတုနှင့် ရော်ဘာဝယ်သူ အစိုးရ အရာရှိတဦးကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိသည် ဆိုသည့် သတင်းအရ ငွေစက္ကူ အတု လက်ဝယ်ရှိသူ မမြတ်လေးမော် (ခ) ကွန်းပီးသည် ဇန်န၀ါရီ ၁၄ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက် ကျေးရွာနေ မိရင်လေးထံမှ ရော်ဘာ ကျပ် ၂ သိန်းဖိုး ၀ယ်ယူခဲ့သည်ဟု သိရသည်။

မိရင်လေးက အဆိုပါငွေဖြင့် မုဒုံမြို့တွင် ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူရာ ငွေစက္ကူအတုများ ဖြစ်နေကြောင်း သိရသဖြင့် ကြာအင်း ဆိပ်ကြီးမြို့နယ်၊ အင်းခွကျေးရွာ အခြေချ၊ မော်လမြိုင်ခရိုင်၊ မွန်ပြည်သစ်ပါတီပါတီ အရာရှိများထံ တိုင်ကြားခဲ့သည်။

မွန်ပြည်သစ်ပါတီက မမြတ်လေးမော် (ခ) ကွန်းပီးအား ဖမ်းဆီးလိုက်ပြီး ၎င်းတည်းခိုနေသည့်အိမ်တွင် ဆက်လက်ရှာဖွေရာ ငွေစက္ကူအတု ကျပ် ၄ သိန်း တွေ့ခဲ့ရသည်ဟု ကောင်းဝါသတင်းတွင် ဖော်ပြထားသည်။

တရားခံအား မွန်ပြည်သစ်ပါတီနှင့် မုဒုံရဲစခန်းတို့က အဆင့်ဆင့် စစ်ဆေးကာ နေပြည်တော် သာသနာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းခဲ့သည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်းအ၀န်းက ဆိုသည်။ နေပြည်တော် သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက မမြတ်လေးမော် (ခ) ကွန်းပီးအား ရှမ်းပြည်နယ် သာသနာရေး ဦးစီးမှူးရုံးသို့ နယ်ပြောင်း အပြစ်ပေးခဲ့သည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ နှစ်ဆန်းကလည်း ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏ လိုဏ်ဂူနံရံထက်ရှိ ပြာသာဒ် ကြေးပြားများ ပျောက်ဆုံးခြင်း၊ သံဃာ့ရေးဖြေ စာမေးပွဲ မေးခွန်းလွှာများ ပြင်ပတွင် ပေါက်ကြားခြင်း၊ ပုဂံမြို့ သာသနာ့ ဗိမာန်တော် တည်ဆောက်ရေးလုပ်ငန်း၌ ၀န်ကြီး၏ ညွှန်ကြားမှုဖြင့် သာသနာရေးဝန်ထမ်းများကို အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ သာသနာရေး ၀န်ကြီးဌာနပိုင် ဂိုဒေါင်၊ မြေနေရာ၊ ပုံနှိပ်စက်၊ ဓားစက်များကို ဌာနတွင်း ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ခြင်း မပြုဘဲ ပုဂ္ဂလိက လုပ်ငန်းတခုအား ငှားရမ်းလိုက်ခြင်း စသည့် သာသနာရေး ဝန်ကြီးဌာန သတင်းများကို ပြည်ပအခြေစိုက် မီဒီယာများတွင် ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ သတင်းများ ပြည်ပ မီဒီယာများသို့ ပေါက်ကြားမှုနှင့် ပတ်သက်၍ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သာသနာရေး ဦးစီးဌာန အသီးသီး၏ ၀န်ထမ်းများစွာအား ခေါ်ယူစစ်ဆေး မေးမြန်းခြင်း၊ နယ်ပြောင်း အပြစ်ပေးခြင်းများကြောင့် တာဝန် ထမ်းဆောင် ရသည်မှာ စိတ်ကျဉ်းကျပ်ဖွယ် ဖြစ်နေသည်ဟု သာသနာရေး ၀န်ထမ်းအများစုက ပြောနေကြသည်။

အတည် မပြုနိုင်သော သတင်းများ၏ အဆိုအရ ယခုနှစ် သင်္ကြန်ရက် မတိုင်မီက သာသနာရေး ၀န်ထမ်း ၂၀ ခန့်ကို နယ်စပ်ဒေသ သာသနာရေး ဦးစီးရုံးများသို့ ရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။

“ဒီသတင်းတွေ ဘယ်ဝန်ထမ်းတွေဆီက ထွက်သလဲ ဆိုတာ ပြဿနာရဲ့ အဖြေ မဟုတ်ဘူး။ ဖြစ်စဉ်မှန်၊ မမှန် သုံးသပ်၊ မှန်ရင် တာဝန်ရှိသူတွေကို အရေးယူ၊ မှားနေရင် ဌာနတွင်း ၀န်ထမ်းတွေကို အမြင် မစောင်းအောင် ရှင်းလင်း၊ ၀န်ကြီး အဆင့်ကနေ ၀န်ထမ်းငယ်အထိ ဌာနတွင်း အရေးယူမှု တတန်း တစားတည်း ဖြစ်သင့်တယ်” ဟု ပြည်တွင်း နိုင်ငံရေးလေ့လာသူ တဦးကပြောသည်။

အလားတူ သတင်းစာ ဆရာကြီး တဦးကလည်း ပြည်သူများ၏ တုံ့ပြန်မှု၊ မီဒီယာများ၏ အပြုသဘောဆောင်သည့် အကြံပြုချက်၊ ဝေဖန်ထောက်ပြချက်များကို အလေးထားသင့်ကြောင်း၊ ဌာနတွင်း လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို လျစ်လျူရှုခြင်း၊ ကုန်ကျစရိတ်နှင့် အလေအလွင့်များကို အလေးမထားခြင်း၊ နိုင်ငံတော်က အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို တလွဲ
အသုံးချနေခြင်းနှင့် အဂတိ လိုက်စားခြင်းများကို မီဒီယာများက ဝေဖန်ထောက်ပြနေရမည် ဟု ဆိုသည်။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်သည် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ကျမ်းကျိန်ခဲ့သည့် အစိုးရသစ်တွင် မူလဌာန ၀န်ကြီးအဖြစ် ပြန်လည်နေရာ ရခဲ့သည်။

၎င်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလက “ဓမ္မစက်နှင့် တားမြစ်၍ မရပါက အာဏာစက် ကျင့်သုံးရပါလိမ့်မည်” ဟု နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အား လျှောက်တင်ခဲ့သူဖြစ်ပြီး လက်တွေ့ အကောင်အထည် ဖော်ခဲ့သူလည်း ဖြစ်သည်ဟု သာသနာရေး ၀န်ထမ်းများအကြား ဝေဖန်ပြောဆို နေကြသည်။

No comments: