Saturday, April 30, 2011

နိုင်ငံရေးအရ ပူးပေါင်းမှုမရှိဟု ရွေးကောက်ပွဲဝင် ပါတီများကို ဝေဖန်

လင်းသန့် Saturday, 30 April 2011

ရွေးကောက်ပွဲဝင် အတိုက်အခံနိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်ပိုင်းများသည် လွှတ်တော်ပြင်ပ ဒီမိုကရေစီ အင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောကြားလိုက်သည်။

တရားမ၀င်အသင်းများနှင့် မဆက်သွယ်ရဟူသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိပေးကြေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်း အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း မရှိမှု ပိုများလာကြောင်း သိရသည်။

တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၅ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေးခဲ့သည်။

“အခုဟာက အစိုးရသစ်အပေါ် သဘောထားတွေ၊ တောင်းဆိုချက် လက်မှတ်ထိုး လှုပ်ရှားမှုတွေ၊ စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာတွေအပေါ်မှာ မတူကွဲပြားနေကြတာ ပိုထင်ရှားလာတယ်” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက ပြောသည်။

ယခုတပတ်အတွင်း ဦးသုဝေ ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ ဌာနချုပ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲဝင် အတိုက်အခံ နိုင်ငံရေးပါတီ ၁၁ ပါတီ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ရုပ်သိမ်းပေးရေး စာရေးတောင်းဆိုမှုကိုလည်း ကျန်အတိုက်အခံအဖွဲ့များက ဝေဖန်ပြောကြားကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ အမည်မဖော်လိုသူ သံဃာတော်တပါးကလည်း ဦးသုဝေတို့ကဲ့သို့ လွှတ်တော်တွင်းမှ နိုင်ငံရေးပါတီများအနေနှင့် တိုင်းပြည်အတွက် လက်ငင်းလိုအပ်ချက်များကို တောင်းဆိုနေသော တခြားသော အင်အားစု အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ယင်း အစီအစဉ်ကို အစိုးရသစ်က ဖော်ဆောင်ပေးလိုက်ပါက သက်ဆိုင်ရာနိုင်ငံများကို ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းပေးရန် စာရေးတောင်းဆိုနေရန် မလိုကြောင်း မိန့်ကြားသည်။

၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ကိုတိုးကျော်လှိုင်က “အန်ကယ် ဦးသုဝေတို့က အစိုးရနဲ့အဆင်ပြေရေး အရမ်းရှေ့တန်းတင် လုပ်နေတော့ အစိုးရအကြိုက်လုပ်တဲ့သဘော သက်ရောက်နေတယ်” ဟု ပြောသည်။

ကိုတိုးကျော်လှိုင် ဆက်လက်၍ “ကျနော်တို့အနေနဲ့ကတော့ အတိုက်အခံအားလုံး ပူးပေါင်းပါဝင်ဖို့ အခုလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအ၀င် ပြည်သူ့အသံ လှုပ်ရှားမှုအတွက် သူတို့ဆီကိုသွားတယ်။ ပါတီခေါင်းဆောင်တွေက လောလောဆယ် မပါဝင်လိုဘူးတဲ့၊ ဒါပေမယ့် ကျန်ပါတီဝင်တွေက ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးကြတယ်” ဟု ပြောသည်။

ဦးသုဝေကမူ “ကျနော်တို့က လွှတ်တော်ထဲမှာရော ၊ အစိုးရအဖွဲ့သစ်ကိုရော နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ မေတ္တာရပ်ခံတင်ပြတယ်။ အလားတူ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်လည်း တိုက်တွန်းတဲ့ပုံစံနဲ့ ချဉ်းကပ်တယ်။ လုပ်နည်းလုပ်ဟန် မတူလို့ ပူးပေါင်း မလုပ်ဆောင်တာပါ။ သူတို့က တိုက်ပွဲပုံစံဖြစ်နေလို့” ဟု ရှင်းပြသည်။

နိုင်ငံရေးလှုပ်ရှားသူ ကိုဖြိုးမင်းသိန်းက “နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အပါအ၀င် ပြည်သူလူထုအသံ လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်မှတ်ရေးထိုးထားပြီး ပူးပေါင်းဆောင်ရွက်ကာ ပြည်သူနဲ့တသားတည်းရှိကြောင်း ပြသခဲ့ပါတယ်” ဟု ပြောသည်။

အစိုးရသစ်အပေါ် ပြည်တွင်းအတိုက်အခံ အင်အားစုများဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အပါအ၀င် အဖွဲ့ပေါင်း ၁၁ ဖွဲ့မှ ဧပြီလ ၂၉ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။

အဆိုပါအသိပေးချက်တွင် အစိုးရသစ်ဆိုသည်မှာ စစ်အာဏာရှင်စနစ် ရေရှည်ရေးအတွက် ဖွဲ့စည်းပုံနှင့် အကာအကွယ်ယူ၍ ရွေးကောက်ပွဲအမည်ခံကာ ပါတီစုံအဖြစ် ပုံဖော်ထားပြီး ယခင်အစိုးရနှင့် မည်သို့မျှ မပြောင်းလဲကြောင်း ထောက်ပြထားသည်။

ထို့အပြင်အစိုးရသစ်၏ အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍လည်း အစိုးရအဖွဲ့တွင် စုစုပေါင်းနေရာ ၃၅ နေရာရှိသည့်အနက် စစ်တပ်မှ စစ်ဗိုလ်များက ၂၆ နေရာ ယူထားသည်သာမက ကျန်သူများမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှသာ ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

သံဃာ့တပ်ပေါင်းစုမှ အမည်မဖော်လိုသူ သံဃာတော်က “လွှတ်တော်တွင်း အတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့ အခု အစိုးရသစ် ပေါ်ထွန်းလာတာကို အပြောင်းအလဲအဖြစ် လက်ခံနေကြပြီး စီးပွားရေးဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးရေးပဲ သူတို့ အစဉ်တစိုက်ကြိုးစားလာတာ” ဟု မိန့်ကြားသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုသည် ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြန့်ကြာနေရမှုများအပေါ် သက်ဆိုင်ရာနိုင်ငံများက လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး အဆိုပါအရေးယူမှုသည် မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ် ပေါ်ပေါက်စေရေး ဖိအားပေးယန္တရားအဖြစ် ကျင့်သုံးနေခြင်းသာဖြစ်ကြောင်း လေ့လာသူများက ထောက်ပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တခြား ဒီမိုကရေစီရေးထောက်ခံသော နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ဖိအားပေးခြင်းအပေါ် ထောက်ခံကြိုဆိုကြောင်း ကြေညာခဲ့ပြီး ဆက်လက်ထားရှိသင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာနှင့် မေးမြန်းခန်းများတွင် ပြောဆိုထားသည်။

No comments: