Tuesday, April 26, 2011

တရားဥပဒေ စိုးမိုးရေးအတွက် သမ္မတသစ်ကို NLD တိုက်တွန်း

လင်းသန့် Tuesday, 26 April 2011

သမ္မတသစ်၏ မူဝါဒရေးရာ မိန့်ခွန်းပါအတိုင်း တရားဥပဒေ စိုးမိုးရေး အမှန်တကယ် ဖော်ဆောင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုက်တွန်း တောင်းဆို လိုက်သည်။

သမ္မတ ဦးသိန်းစိန်ထံသို့ ဧပြီလ ၅ ရက်နေ့တွင် NLD က စာတစောင် ပေးပို့၍ တိုက်တွန်း တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါပေးစာသည် ဧပြီလ ၄ ရက်နေ့က ကျင်းပခဲ့သော NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

“အဲဒီစာက NLD ဥပဒေ အကျိုးဆောင်အဖွဲ့ရဲ့တာဝန်ခံ ဦးတင်ဦးကနေ သမ္မတဆီကို ပို့ခဲ့တာ။ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိဖြစ်နေတာကို ရှိလာအောင် နိုင်ငံတော်သမ္မတအနေနဲ့လိုအပ်သလို လမ်းညွှန်မှုပြုနိုင်ဖို့ အလေးအနက် ထောက်ပြ တဲ့စာပို့ခဲ့တာပေါ့။ စာပါအကြောင်းအရာကို မနေ့က အများပြည်သူသိအောင် ကြေညာချက်ထုတ်လိုက်တာ”ဟု ၄င်းကပြော ဆိုသည်။

ဧပြီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သော NLDပါတီ၏ ကြေညာချက်တွင် “သမ္မတသစ် ဦးသိန်းစိန်သည် တိုင်းပြည် ဖွံ့ဖြိုး တိုး တက် ရန်နှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် တရားဥပဒေစိုးမိုးရေးသည် မဖြစ်မနေ လိုအပ်ပါသည်”ဟု မတ်လ ၃၁ ရက် နေ့က သမ္မတ ၏ မိန့်ခွန်းတွင် ပြောဆိုမှုအတိုင်း အမှန်တကယ် အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ထောက်ပြ ထားသည်။

“စစ်အစိုးရ လက်ထက် တရားစွဲတင်တဲ့ အမှုတွေမှာ အကျဉ်းထောင် ၀င်းတွေထဲမှာ အများသူငါ ရှေ့မှောက်မဟုတ်ဘဲ အကျဉ်း ရုံး တရားစီရင်ခဲ့တာတွေ ရှိခဲ့တယ်လေ၊ အခုလည်း ရှိနေဆဲဖြစ်တယ်။ ဒီမိုကရေစီ ဖော်ဆောင်မယ် ဆိုရင် ဒါတွေ နောက်ထပ် မဖြစ်ပေါ်အောင်လို့ တိုက်တွန်းထားတာပါ”ဟု ဦးဝင်းတင်က ဆက်လက်ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကလည်း“ဒီမိုကရေစီ နိုင်ငံ တည် ဆောက် မယ် ဆိုရင် တရားဥပဒေစိုးမိုးမှုဟာ အရေးအကြီးဆုံးဖြစ်တယ်၊ ဒီမိုကရေစီစနစ်မှာ လူနဲ့အုပ်ချုပ်တာ မဟုတ်ဘူး။ ဥပဒေရဲ့ကြီး စိုးမှု၊ ဥပဒေ က အုပ်ချုပ်မှု ပဲဖြစ်ရမှာ။ သမ္မတရဲ့ မူဝါဒ မိန့်ခွန်းအတိုင်း အကောင်အထည် ဖော်ဆောင်မှုကိုတော့ သေချာစောင့်ကြည့်သွားမှာ ဖြစ်တယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး ဧပြီလ၂၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှရေးရာ ထိပ်တန်းသံတမန်တဦးဖြစ်သူ မစ္စတာ ကာ့တ် ကမ်းဘဲလ် က မြန်မာ အစိုးရနှင့် ထိတွေ့ ဆက်ဆံသည့် ၀ါရှင်တန်၏ ၁၈ လတာ ကြိုးစားမှုသည် အောင်မြင်မှုမရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလူနည်းစုများအပေါ် မတရားပြုကျင့်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီး ထောင်ချခံနေရသော နိုင်ငံရေးအကျဉ်း သားများပြန်လွှတ်ပေးရန်လည်း ၄င်းက ဆက်လက်ပြောကြားသည်။

“တရားဥပဒေ စိုးမိုးမှု အမှန်တကယ် အကောင်အထည်ဖော်ဆောင်ဖို့ဆိုတာမှာ ပထမဆုံး အဆင့်အနေနဲ့ အစိုးရကိုယ်တိုင် က တရားဥပဒေကို လေးစားလိုက်နာရမှာဖြစ်တယ်။ ပြီးရင်တော့ နိုင်ငံသားတဦးချင်းစီကလည်း တရားဥပဒေစိုးမိုးမှုကို ခိုင်မာစေဖို့ တရားဥပဒေကို လေးစားလိုက်နာဖို့လိုတယ်”ဟု ရန်ကုန်မြို့နေ ဥပဒေ အကျိုးဆောင်တဦးက ပြောသည်။

NLD ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် ဥပဒေအကျိုးဆောင်အဖွဲ့၏ တာဝန်ခံလည်းဖြစ်ရာ ဥပဒေရေးရာ ကိစ္စ များနှင့်ပတ်သက်ပြီး ယခုကဲ့သို့ လက်မှတ်ရေးထိုးထောက်ပြကာ တိုင်းပြည်၏ အရေးအကြီးဆုံး တရား ဥပဒေစိုးမိုးမှု အမှန် တကယ်ရှိရေးအတွက် အစိုးရသစ်ကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

No comments: