Wednesday, June 20, 2012

ရခိုင်၌ ဒုက္ခသည် ၉၀၀၀၀ ခန့် အကူအညီများ လိုအပ်နေ

ခင်ဦးသာ

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အခက်အခဲ ဒုက္ခ ကြုံရသူပေါင်း ၉၀၀၀၀ ခန့်ရှိပြီး အကူအညီ များ လိုအပ်နေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)က ပြောသည်။

အရေးပေါ် အကူအညီ လိုအပ်နေသည့် ဒုက္ခသည်ပေါင်း ၆၆၀၀၀ ခန့်အတွက် အစားအသောက် အကူအညီများကို ပြီးခဲ့သည့် သီတင်း ပတ် အတွင်း ဖြန့်ဝေပေးခဲ့ကြောင်းလည်း WFP ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Elisabeth Byrs က ယမန်နေ့တွင် ပြော ကြားသည်ဟု AP သတင်း က ဆိုသည်။

စစ်တွေမြို့နှင့်ဒေသတ၀ိုက်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက် WFP အပါအ၀င် အစိုးရ အာဏာ ပိုင်များ၊ လူမှု ကူညီရေးအဖွဲ့ အစည်းများ၊ ပရဟိတ အဖွဲ့များ၊ ရပ်မိရပ်ဘများ၊ စေတနာရှင်များက ကူညီလှူဒါန်းနေသည့်တိုင်လုံလောက်မှု မရှိ သေးကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးနေသူများကလည်း ဧရာဝတီ ကို ပြောသည်။

“နေအိမ် မီးထဲပါသွားတဲ့ မိသားစုတွေဆိုရင် အ၀တ်တထည် ကိုယ်တခုပဲ ရှိတော့တယ်၊ မီးထဲ မပါ တဲ့ မိသားစုတွေကျပြန်တော့ လည်း အကုန် ဖရိုဖရဲတွေ ဖြစ်ကုန်ကြတာ တွေ့ရတယ်၊ အိမ်ထောင်စု တခုကို အစကပြန်တည် ဆောက် ပေးရမယ့် အခြေအနေ ဖြစ်ကုန်ကြတယ်”ဟု နာရေး ကူညီမှု အသင်း(ရန်ကုန်) မှ ဒေါ်သန်းမြင့်အောင် က ပြောပြသည်။

စစ်တွေဒေသနှင့် ပုဏ္ဏားကျွန်းဒေသတို့ရှိ ဒုက္ခသည်များ အတွက် အရေးပေါ်ဆေးဝါးနှင့်အစားအစာများ၊ အ၀တ်အထည်များ၊ အိုးအိမ်မဲ့ ဖြစ် သွားသည့် မိသားစုများ အတွက် အိုးခွက်ပန်းကန်မှ အစကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ဒုက္ခသည် အရေး ကူညီဆောင် ရွက် ပေးနေသူများ က ပြောဆိုသည်။

“ဒုက္ခသည် အရေးနဲ့ပတ်သက်ပြီးတော့ အစိုးရရဲ့လုပ်ဆောင်မှုကိုအားရ ကျေနပ်မှု မရှိပါဘူး၊ ထိ ရောက်တဲ့ ကူညီမှုမျိုး မရှိသေး ဘူး၊ လူမှု ရေးအဖွဲ့တွေနဲ့စေတနာရှင်တွေကပဲ အဓိကကူညီထောက်ပံ့မှုတွေ ပေးနေတာ တွေ့ရ တယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြောသည်။

ဒုက္ခသည်များအား အစိုးရအနေဖြင့် လက်ရှိတွင်ထိထိရောက်ရောက် ကူညီမှုမပေးသေးသော်လည်း ရေရှည်စီမံကိန်းများ ချမှတ် ဆောင် ရွက် ပေးသွားမည်ဟု မျှော်လင့်ထားကြောင်း၊ ဒုက္ခသည်များ၏ မူလဘ၀ အနေအထား မဟုတ်သည့်တိုင် ကောင်းမွန်သည့် အခြေအနေ တရပ်ကို အစိုးရကသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဦးခိုင်ပြည်စိုး က ဆက်ပြောသည်။

ရခိုင်ဒေသတွင်း ဒုက္ခသည်များ အတွက် လိုအပ်သည့် အစားအသောက်များ၊ ဆေးဝါးများကို ထောက်ပံ့ ပေးနေကြောင်း နှင့် အလှူရှင် အများ အပြားက အာဏာပိုင်များထံ လှူဒါန်းနေကြသည့် သတင်းများကို အစိုးရ သတင်းစာများ၌ နေ့စဉ်ဖော်ပြလျက် ရှိသည်။

“ပြည်နယ်အစိုးရက ဆန်အိတ်တချို့ပေးပါတယ်၊ ကျန်းမာရေးအတွက် ဆရာဝန်တချို့ ထားပေး တာလည်းတွေ့ရပါတယ်၊ ဒါပေ မယ့် ရှိတဲ့ ဒုက္ခ သည် အရေအတွက်နဲ့ မမျှပါဘူး၊ ဈေးတွေ ပိတ်ထားတာ၊ လက်လုပ် လက်စားတွေ အ လုပ်မလုပ်ရတော့ ပြည်သူ တွေရဲ့ စားဝတ် နေရေး အခက်အခဲ ပိုမိုကြီးထွားလာနိုင်ပါတယ်”ဟု ဦးခိုင်ပြည်စိုး က ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲဖြစ်သည့်အပြင် ဈေးတချို့မှာလည်း ပိတ်ထားဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံ ပြည်သူ များသည် နေ့စဉ် စားဝတ်နေရေးအတွက် အလုပ် လုပ်ကိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

ဒုက္ခသည် စခန်းများ၌ ဆန်လုံလောက်မှု ရှိသော်လည်း အသီးအနှံ၊ အသား ငါး ရှားပါးပြတ်လပ်နေကြောင်း၊ မိုးရာရာသီ ဖြစ် သည့် အ တွက် ကလေးငယ်တချို့ဝမ်းပျက် ၀မ်းလျှောခြင်း၊ ဖျားနာခြင်း စသည့်တို့ ဖြစ်လျှက်ရှိကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် ရက္ခ အလင်း တန်း အဖွဲ့မှ မမာမာကျော်ဇော က ပြောသည်။

စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း စသည့် ဒုက္ခသည် စခန်းပေါင်း ၆၀ ၀န်းကျင်၌ ခိုလှုံနေသည့် ဒုက္ခ သည်များ သည် အခင်းမရှိသည့် တမံသလင်းပေါ်တွင် ညအိပ်နေကြရကြောင်း၊ မိုးရွာပါက အအေးဓာတ် ပိုမိုသည့်အတွက် ကလေးများ၊ သက်ကြီး ရွယ်အို များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ ၏ ကျန်းမာရေး ကို ထိခိုက်နိုင်ကြောင်းလည်း ၎င်းက ဆို သည်။

ပုဏ္ဏားကျွန်းဒေသရှိ ဒုက္ခသည်စခန်းများတွင် မိသားစုနှင့်ကင်းကွာနေသည့် ဒုက္ခသည်များကို တွေ့ခဲ့ရကြောင်း၊ ကိုယ်ဝန်ဆောင် မိခင် လောင်း တချို့လည်း တွေ့ ခဲ့ရကြောင်း ဒေါ်သန်းမြင့်အောင် က ပြောပြသည်။

“စစ်တွေဘက်က ထွက်ပြေးလာသူ တချို့ဆိုရင် မိသားစုတွေ ဘယ်ရောက်နေမှန်း မသိသေးဘူး၊ ဒုက္ခသည်တွေရဲ့ စိတ်ထဲမှာစိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြတုန်းပဲ၊ ကျန်းမာရေးစောင့်ရှောက်မှုတော့ တတ်နိုင်သလောက် ဆောင်ရွက် ပေး နေကြပါတယ်” ဟု ဒေါ်သန်းမြင့်အောင် က ဆိုသည်။

စစ်တွေဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိုပက္ခများကြောင့် ပုဏ္ဏားကျွန်းသို့ ထွက်ပြေးလာကြသည့် ဒုက္ခသည်များကိုလည်း ဒေသခံ ရပ်မိ ရပ်ဘ များ၊ ပရဟိတအဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများတွင် ကူညီစောင့်ရှောက်ထားကြောင်း၊ ပုဏ္ဏားကျွန်းဒေသတွင် ဒုက္ခသည်စခန်း ၁၀ ခု ၀န်းကျင် ရှိကြောင်း၊ မောင်တောနှင့် ဘူးသီးတောင် တွင်လည်း ဒုက္ခသည် စခန်းများ ရှိကြောင်း သိရ သည်။

“ဒုက္ခသည်တွေ အတွက် အများပြည်သူဆီက ကျမတို့ အလှူခံတာတွေ ဆက်လက်လုပ်နေပါသေးတယ်၊ သူတို့ရဲ့အခြေခံ လို အပ်ချက်တွေ ပြည့်စုံဖို့ အများကြီး လုပ်ရဦးမှာပါ”ဟု ဒေါ်သန်းမြင့်အောင် က ပြောဆိုသည်။

No comments: