Wednesday, June 27, 2012

KIO နှင့်အစိုးရ စစ်တပ်ကိစ္စ ဦးစားပေးဆွေးနွေး

KNG

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား နိုင်ငံရေးဆွေးနွေးသောအဆင့်သို့ ခြေလှမ်းသွားနိုင်ရန် နှစ်ဖက် စစ်တပ်နှင့် ပတ် သက်၍ ဦးစွာဆွေးနွေး နေကြောင်း အစိုးရနှင့် KIO ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့က ဦးခပရာခွန်းအောင် ပြောသည်။

KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင် သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် စစ်တပ်ရေးရာနှင့်ပတ်သက်၍ တရုတ်- မြန်မာနယ်စပ် မိုင်ဂျာယန်မြို့ရှိ ဟိုတယ်တွင် ဇွန်လ ၂၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယခုဆွေးနွေးပွဲသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ ဆွေးနွေးပွဲတွင် KIO ဘက်မှ တောင်းဆိုချက်ကို ဦးအောင်မင်းမှ ဒုတိယ ကာကွယ်ရေး ဦး စီး ချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် သမ္မတ ဦးသိန်းစိန်ထံ ဆွေးနွေးတင်ပြပြီး ၎င်းတို့ တုံ့ပြန်ခဲ့သည့်အပေါ် KIO ထံ ပြန်လည် တင်ပြ ဆွေး နွေး ခြင်းလည်းဖြစ်ကြောင်း ဦးခပရာခွန်းအောင်ပြောသည်။

“သမတ္တပြောတာက ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေးရဖို့အတွက် ပြင်းပြတဲ့ ဆန္ဒရှိတယ်။ ဒါပေမဲ့ ကချင်ပြည် နယ်မှာရှိတဲ့ စစ်တပ်အချို့ကို အရင်ရုပ်မယ် ပြီးမှ နောက်အဆင့်တော့ အပစ်ခတ်ရပ်ပြီး စစ်တပ်အချို့ကို ဆက်ပြီးရုပ်မယ်။ ပြီးမှ ထိုးစစ်မလုပ်ပဲနဲ့ နှစ်ဖက် စလုံး ယုံကြည်မှု ရှိအောင် လုပ်မယ်။ တစ်ကယ်လို့ဖြစ်လာ လို့ရရှိရင်တော့ ခံစစ်သဘောလုပ်ခွင့်ပြုမယ်။ အဲလိုမျိုးနဲ့နှစ်ဖက်ယုံကြည်မှုရှိ အောင်လုပ်မယ်” ဟု ဝန်ကြီးဦးအောင်မင်းတင်ပြပြောဆိုခဲ့ကြောင်း ဦးခွန်းအောင်ကပြောသည်။

အစိုးရဘက်မှ အချို့ကို သဘောတူပြီး တချို့လည်း ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သေးကြောင်း ဦးအောင်မင်းက ပြောဆိုခဲ့ သည်ဟု KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်ဆက် ပြောသည်။

“ဟိုတစ်ခေါက်တွေ့ဆုံတုန်းက စစ်တပ်နဲ့ပတ်သက်ပြီး ဦးအောင်မင်းကိုပြောပြလိုက်တယ်။ အဲဒါအချို့ကိုတော့ ရုပ်ပေးမယ်။ တစ်ချို့က ညှိ ယူ ရအုံးမယ်။ ပြီးတော့ တခြားအပေးအယူလည်းရှိသေးတယ်။ အဲဒါကြောင့် နောက်တစ်ကြိမ်တွေ့ရင်တော့ စစ်တပ်မှ မြေပုံတွေကို ဘယ်လို system နဲ့ ဘယ်လိုမျိုးဆိုတာကို လာဆွေးနွေးတာ” ဟု ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

လာမည့် ဇူလိုင်လ အတွင်း ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး အစိုးရဘက်မှ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဗန်းမော်မြို့နယ် သို့မဟုတ် မူဆယ်မြို့နယ်တွင် တွေ့ဆုံရန်စီစဉ်ထားကြောင်း ဦးလပရာခွန်းအောင်ကပြောသည်။

ယခုဆွေးနွေးပွဲတွင် အစိုးရဘက်မှ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များ ဦးစိုးမိုးအောင်၊ ဦးလှမောင်ရွှေ၊ ဒေါက် တာကျော်ယဉ်လှိုင်၊ ဦးဆန်နီညွန့်သိန်း ပါဝင်ခဲ့ပြီး KIO ဘက်မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော KIO ကိုယ်စား လှယ်များ ဆရာကြီး ဆွမ်လွတ်ဂမ်၊ ဆရာကြီး နော်ထွယ်၊ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်၊ ဗိုလ်ကြီး မရန်ဇော်ရော်၊ ဗိုလ်ကြီး ဇော်တောင် တို့ပါဝင် ခဲ့သည်ဟု သိရသည်။

အစိုးရကိုယ်စားလှယ်တို့နှင့် KIO ကိုယ်စားလှယ်များ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးနေစဉ်ပင် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာ ဌာန ဘက်သို့ (၁၀၅ မမ)လက်နက်ကြီးဖြင့် ၅ ကြိမ်ပစ်ခတ်ခဲ့ကြောင်း ဒုဗိုလ်မှူးကြီး ဂျီးနောင် ကပြောသည်။

အစိုးရနှင့် KIO ကြား နှစ်ဖက်ယုံကြည်မှုတည်ဆောက်ခြင်းအားဖြင့် နှစ်ဖက်တပ်များ တပ်ဆုတ်သွားနိုင်ပြီး ထိုးစစ်တာတွေမရှိတော့သည့် နောက် မှာတော့ သေနတ်သံတွေ ရပ်သွားမယ်လို့ ယုံကြည်ကြောင်း ဦးခွန်းအောင်ကပြောသည်။

No comments: