Friday, June 29, 2012

‘Burma’ ဟု မသုံးရန် ကော်မရှင်က NLD ကို ထပ်မံ သတိပေး

ဖနိဒါ | သောကြာနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ် အတွင်း အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းများ ပြောဆို ရာ တွင် မြန်မာနိုင်ငံ၏ အမည် ‘Myanmar’ ကို ‘Burma’ ဟု ခေါ်ဝေါ် သုံးစွဲခဲ့သဖြင့် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံ သတိ ပေးလိုက်သည်ဟုသောကြာနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂ တွင် နိုင်ငံတော်ကိုပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော် ဟု ခေါ်တွင်စေရမည် (The state shall be known as The Republic of the Union of Myanmar) ဟု သုံးစွဲရန် ပြဋ္ဌာန်းထား သဖြင့် Burma ဟု သုံးနှုန်းပြောဆိုခွင့် မရှိကြောင်း NLD ကို ဇွန် ၂၈ ရက်နေ့က သတိပေးလိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဇွန်လ ၁ ရက်နေ့က ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည့် NLD ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် နိုင်ငံအမည် ကို ‘Burma’ ဟု သုံးစွဲပြောဆိုခဲ့သဖြင့် ကော်မရှင်က ဇွန်လ ၁ ရက်နေ့တွင်ပင် NLD သို့ ကန့်ကွက်စာ ပေးပို့ထားခဲ့ဖူးသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည့် နိုင်ငံရေးပါတီတရပ် အနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါအတိုင်း သုံးနှုန်းရေးသား/ပြောဆိုရန် ထပ်မံသတိပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက် ရှိလာမည်ဖြစ်သည်။

No comments: