Tuesday, June 26, 2012

မွန်လက်နက်ကိုင်အဖွဲ့ တဖွဲ့ ရွာသားများကို ရိုက်နှက်ပြီး ဓားပြတိုက်

ကောင်းဝါ

မွန်လက်နက်ကိုင်အဖွဲ့တဖွဲ့က ရွာသားများကို ရိုက်နှက်ကာ ဓားပြတိုက်သည့် ဖြစ်ရပ်တခု ဇွန်လ ၂၂ ရက် ညပိုင်းက တနင်္သာရီတိုင်း ရေ ဖြူမြို့ နယ် ကလိန်အောင်မြို့နယ်ခွဲ ရေငန်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

ကြိုးတုတ် ရိုက်နှက်ခံရသူ ဆယ်ဦးကျော်တွင် ခြောက်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး၊ ရွာသားများထံမှ ရွှေ ၁၂ ကျပ်သားနှင့် ကျပ်ငွေ အချို့လည်း ရယူသွားခဲ့ကြောင်း ရေငန်ကြီးကျေးရွာမှ ရွာသားတဦးက ပြောသည်။

“အဲဒီခြောက်ယောက်က ထမင်းစားလို့တောင် မရဘူး” ဟု အထက်ပါ ရွာသားက ပြော သည်။ ဒဏ်ရာ ပြင်းထန်သူများမှာ အသက် ၄၀ နှင့် ၆၀ ဝန်းကျင်အတွင်းရှိ နိုင်ပီး - မိရှီး၊ နိုင်ဆန်း - မိပု၊ နိုင်လန်ဘား - မိကွန်းစိုးတို့ ဖြစ် ကြသည်။

အိမ်ခြေ ၅၀ ခန့် ရှိသည့် ရေငန်ကြီးရွာသည် ရေး - ထားဝယ် မီးရထားလမ်းပေါ်တွင် ရှိပြီး၊ ရေး - ထားဝယ် မော်တော်ကားလမ်းပေါ်ရှိ ရားဖူးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်တွင် ရှိသည်။ ဓားပြတိုက် လက်နက်ကိုင်များက တအိမ် ရွှေတကျပ်သား တောင်းခံထားရာမှ ကျေး ရွာဥက္ကဌ က အသနားခံ ဝင်ရောက် ညှိနှိုင်းမှုကြောင့် ရွှေ ၁၂ ကျပ်သားနှင့် ပြေလည်ခဲ့သည်။

တနင်္သာရီတိုင်း မြောက်ပိုင်းနှင့် မွန်ပြည်နယ် တောင်ပိုင်းတွင် နိုင်ချမ်းဒိန်း ဦးဆောင်သည့်အဖွဲ့နှင့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အရှေ့တောင် တိုင်း စစ်ဌာနချုပ်၌ လက်နက်ချခဲ့သည့် နိုင်ဗင် ဦးဆောင်သည့် မွန်လက်နက်ကိုင်နှစ်ဖွဲ့တို့က လှုပ်ရှားနေပြီး၊ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ် သည်ကို မသိရှိကြကြောင်း ရွာသားများက ပြောသည်။


“သူတို့အဖွဲ့မှာ ခြောက်ယောက် လောက်ပဲ ပါတယ်၊ ကျနော်တို့လည်း သူတို့ကို မကြည့်ရဲလို့ ဘယ်အဖွဲ့ကလည်း ဆိုတာ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး” ဟု ရိုက်နှက်ခံရသည့် ရွာသားတဦးက ပြောသည်။

အထက်ပါ အဖွဲ့၏ ဓားပြတိုက် ငွေကြေးတောင်းခံမှုကြောင့် မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့သည်ဟု ဆိုပြီး၊ ဇွန်လ ၂၃ ရက်နေ့တွင် ရေငန် ကြီးရွာ၏ တောင်ဘက် ၅ မိုင်ခန့် ကွာဝေးသည့် မင်းသားရွာရှိ ခမရ ၂၈၂ မှ နယ်လှည့် ကင်းတပ်ဖွဲ့က ရေငန်ကြီး ရွာသားများကို ခေါ်ယူ ကာ မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ခဲ့သည့်အတိုင်း မိမိတို့ကို ပေးဆောင်ရန် ငွေကြေးတောင်းခံထားသည်ဟုလည်း ရွာသား များက ပြောသည်။

“ကျနော်တို့မှာ ပေးစရာကို မရှိတော့ဘူး၊ အခုက ပေးနိုင်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သားသမီး တွေဆီကနေ ပိုက်ဆံတွေ လိုက်တောင်း နေ ရတယ်၊ ရွာကနေ ရှောင်ပြေးတဲ့ လူတွေလည်း ရှောင်ပြေးနေကြပြီ” ဟု ရေငန် ကြီးရွာမှ ရွာသူတဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဓားပြတိုက် လက်နက်ကိုင်အဖွဲ့မှာ လက်နက်ချ နိုင်ဗင်အဖွဲ့မှ လက်ကျန်များ ဖြစ်သည့် ချမ်းသာနှင့် အ လွန် အုပ်စုတို့ ဖြစ်ပြီး၊ မကြာမီ နိုင်ဗင်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ဓားပြတိုက်ကာ ငွေကြေးစုဆောင်းနေခြင်း ဖြစ်သည်။

မွန်ပြည်နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းဒေသသည် ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီ အပစ်အခတ် မရပ်စဲမီက ၎င်းတို့၏ လှုပ် ရှားရာ နယ်မြေ ဖြစ်ပြီး အပစ်အခတ် ရပ်စဲခြင်း သဘောတူချက်အရ လှုပ်ရှားခွင့် မရရှိခဲ့ပေ။

၎င်းသဘောတူချက်ကို လက်မခံနိုင်ခြင်း၊ အစိုးရတပ်၏ မြေယာသိမ်းဆည်းခြင်းနှင့် ဖိနှိပ်မှူဒဏ်ကို မခံရပ်နိုင်ခြင်းကြောင့် ဒေသခံ နိုင်ဗင် ဦး ဆောင်သည့်အဖွဲ့က ၁၉၉၇ ခုနှစ်ခန့်တွင် ကျောင်းသား တပ်မတော် (ABSDF) တပ်ဖွဲ့ဝင်အချို့ထံမှ လက်နက်သိမ်းကာ မွန်အမျိုးသား စောင့် ရှောက် ရေးတပ် Mon National Watch Army ကို စတင်ဖွဲ့စည်းခဲ့သည်။

၂၀၀၃ ခုနှစ်မှ စပြီး ယခင်နအဖ စစ်တပ်၏ အောင်မိုးကြိုး စစ်ဆင်ရေး အမှတ် (၃) ကြောင့် ၎င်းလက်နက်ကိုင်အဖွဲ့သည် အင်အားချိနဲ့ကာ၊ ဒေ သခံ ရွာသား အများအပြားမှာလည်း ၎င်းတို့နှင့် ပတ်သက်သည်ဟူသည့် စွပ်စွဲချက်ဖြင့် အစိုးရတပ်က ဖမ်းဆီးထောင်ချခြင်းနှင့် သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။

၎င်းတပ်ဖွဲ့ လှုပ်ရှားစဉ်ကာလ တလျှောက်တွင် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိ ဒေသခံများမှာ အ စိုးရ တပ်များနှင့် ၎င်းတို့တပ်ဖွဲ့ကြောင့် ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရသည်။

No comments: