Monday, June 25, 2012

လျှပ်တစ်ပြက် အယ်ဒီတာချုပ်ကို အာမခံပေးလိုက်ပြီ

အောင်သက်ဝိုင်း

ရန်ကုန်တိုင်း ဒေသကြီးအစိုးရက လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား နိုင်ငံတော်ဆူပူမှုဖြစ်စေရန် လှုံ့ဆော်ရေးသားမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုသော အမှုကို ယနေ့ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးပြီး ဦးမြတ်ခိုင်ကို တရားရုံးက အာမခံ ပေးလိုက် သည်။

ဦးမြတ်ခိုင်အတွက် အာမခံပေးသူများဖြစ်သည့် အလင်္ကာဝတ်ရည် စာပေမှ ဦးမောင်မောင်အေးနှင့် စာရေးဆရာ မောင်ဆွေသက်တို့က စုစု ပေါင်း ကျပ် သိန်း ၄ ထောင်တန်သော အိမ်စာချုပ်များအား တရားရုံးတွင် အပေါင်အဖြစ် ထားခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရ ဒေသကြီး၏ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်စွဲဆိုသော အမှုတွင် တရားလို၏ ရှေ့နေ များ က ပုဒ်မ ၅၀၅ (ခ) သည် အာမခံမပေးသင့်သော အမှုဖြစ်ကြောင်း၊ ပြည်သူလူထု၏ အေးချမ်းတည်ငြိမ်မှုကို ထိခိုက်စေသော ပုဒ်မ ဖြစ် သဖြင့် အာမခံမပေးရန် မြို့နယ်တရားသူကြီးထံ လျှောက်လဲချက် ပေးခဲ့သည်။

သို့သော် ဦးမြတ်ခိုင်၏ ရှေ့နေဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တရားစွဲဆိုသော ပုဒ်မသည် အာမခံမပေးသင့် သော ပုဒ်မဖြစ်သော်လည်း ထောင်ဒဏ် ၂ နှစ်သာ ချမှတ်နိုင်ကြောင်း၊ ဥပဒေကျင့်ထုံးများအရလည်း ကလေးသူငယ်များ၊ အမျိုးသမီး များနှင့် ကျန်း မာရေး မကောင်းမွန်သူများကို အာမခံ ပေးရမည်ဖြစ်ကြောင်း၊ လျှပ်တပြက် ဂျာနယ်၏ ရေးသားချက်ကြောင့်လည်း အေး ချမ်း တည်ငြိမ် မှုကို ပျက်ပြားစေခဲ့မှု မရှိကြောင်း၊ ထို့အပြင် ဦးမြတ်ခိုင်သည် အသက် ၅၇ နှစ်ရှိနေပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါများ ခံစားနေရကြောင်း၊ ထို့ကြောင့် အာမခံ ပေးသင့်ကြောင်း လျှောက်ထားခဲ့ရာ ပုဇွန်တောင်မြို့နယ် တရားသူကြီးက အာမခံပေးရန် အမိန့်ချပြီး အမှုကို ဇွန်လ ၂၉ ရက် နေ့တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း သိရသည်။

“ဒီအမှုမှာ တရားရုံးရဲ့ ဆုံးဖြတ်မှုက ပြည်သူ့ တရားသူကြီး ကျင့်ထုံးတွေနဲ့အညီ ဆုံးဖြတ်တာတွေ တွေ့ရတယ်။ ဒါက အလား အလာ ကောင်း တယ်၊ အားတက် ပါတယ်။ ဒါပေမယ့်လည်း ကိုလိုနီခေတ်က ဥပဒေ တွေမှာ ရှေ့နောက် မ ညီတာတွေ ရှိနေတာကိုလည်း ကျနော် သွားတွေ့တယ်။ အဲဒါတွေကို ကျနော်က လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ တင်ပြသွားဖို့ရှိတယ်” ဟု ဦးသိန်းညွန့်က ပြော သည်။

လျှပ်တစ်ပြက်ဂျာနယ်တွင် နိုင်ငံပိုင် သတင်းစာများ၏ မွတ်ဆင်ကုလားဟု သုံးနှုန်းဖော်ပြမှုအပေါ် “မည်သူ့တွင် တာဝန်ရှိသလဲ” ဆိုသည့် မျက် နှာဖုံးသတင်းနှင့် ကျောက်နီမော်ကျေးရွာတွင် သတ်ဖြတ်ခံရသော မသီတာထွေး၏ ဓာတ်ပုံ ထည့်သွင်းခဲ့သဖြင့် ဆူပူမှုဖြစ်စေရန် လှုံ့ဆော် သည်ဟုဆိုကာ ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်ပြီး အယ်ဒီတာချုပ် ဦးမြတ်ခိုင် တရားစွဲဆို ခံရခြင်း ဖြစ်သည်။ The Voice ဂျာနယ် သည် လည်း သတ္ထုတွင်းဝန်ကြီးဌာန၏ တရားစွဲမှုကို ခံနေရပြီး ဇွန်လ ၂၈ ရက်နေ့တွင် တရားရုံးချိန်း ရှိကြောင်း သိရှိရသည်။

ယနေ့ ဦးမြတ်ခိုင်၏ အမှုရုံးချိန်းသို့ ပြည်တွင်းပြည်ပ သတင်းသမား တရာနီးပါး တက်ရောက် သတင်းယူခဲ့ကြသည်။

No comments: