Wednesday, June 27, 2012

မြစ်ကြီးနားမြို့တွင် မြစ်ရေကြီးလာ

KNG

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပေါ်နေသည်။

ဇွန်လ (၂၄) ရက်ည (၉) နာရီမှ မြစ်ရေတက်လာခြင်းဖြစ်ပြီး ယနေ့ ဇွန်လ (၂၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မြစ်ကမ်း တစ် လျှောက်နှင့် မနောကွင်းတွင်းသို့ ရေတိုးတက်လာနေသည်။

ဇွန်လ (၂၅)ရက်နေ့ (၁၅) နာရီ စိုးရိမ်အမှတ်ခန့်မှန်းချက် ၁၁၂၉ စီတီမီတာ ရောက်ရှိနေကြောင်း ကချင်ပြည်နယ် လေကြောင်း မိုးလေ ဝသ ထုတ်ပြန်ချက်မှ သိရှိရသည်။

ဇီးလွန် အောက်ချိုင့် ရပ်ကွက်တွင်လည်း ရေတိုးဝင်လာသဖြင့် ကျောင်းဆင်းချိန် ကျောင်းသားများ အိမ်ပြန်နိုင်ရန် ၎င်း ရပ်ကွက် ဘုန်း ကြီး များမှ လှေပြင်ဆင်နေပြီ ဖြစ်ကြောင်းသိရသည်။

အောင်မြင်သာရပ်ကွက်သို့ သွားသည့် အာလမ်၊ ဒုံဂမ် ဘက်ရှိ တံတား ရေထိရန် တစ်ထွာသာ လိုတော့ကြောင်း ဒေသခံများက ပြော သည်။

စီတာပူ- တပ်ကုန်းရပ်ကွက် ရှိ အင်ဂျန်းခမြစ် ထဲ ဧရာဝတီမြစ်ရေ ဝင်ရောက်လာခြင်းကြောင့် ဂျပန် တံတားတွင်လည်း ရေလွှမ်းမိုး နေသ ဖြင့် လူသွားလာ၍ မရတော့ပေ။

“ခု ပစ္စည်းတွေ အကုန်ရွှေ့နေကြပြီ။ ဝဘော်လမ်းဘက်မှာလည်း ရေတွေ ဝင်နေပြီ။” ဟု မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ရေ တဖြည်းဖြည်းတိုးလာခြင်းကြောင့် မြစ်ကြီးနားနေဒေသခံများ စိုးရိမ်နေကြသည်။

မြစ်ကြီးနားမြို့တွင် ၂၀၀၄ခုနှစ်တွင် ဧရာဝတီမြစ်ရေကြီးမှုဖြစ်ပွားပြီးနောက်ပိုင်း ယခုနှစ်တွင် ထပ်မံရေကြီးလာခြင်းဖြစ်သည်။

ဇွန်လ (၂၃) ရက် မိုးရေချိန် ၂.၆၈ လက်မ၊ ဇွန် (၂၄) ရက် မိုးရေချိန် ၀.၉၁ လက်မ၊ ဇွန် (၂၅) ရက် မိုးရေချိန် ၀.၁၂ လက်မ ရွာသွန်းခဲ့ ကြောင်း လေကြောင်း မိုလေဝသခန့်မှန်းချက်မှ သိရှိရသည်။

No comments: