Wednesday, June 27, 2012

၆၇ နှစ်ပြည့် မွေးနေ့ရှင်သို့ ညီညွတ်ရေးလက်ဆောင်

နှင်းပန်းအိမ်

ဇွန်ပန်း၊ ခရေပန်းဆိုတာ တပွင့်ချင်း ပန်လို့ရတာ မဟုတ်ပါဘူး။ ပန်းပွင့်တွေကို စုပေါင်း သီကုံးပြီးမှ ပန်လို့ရပါတယ်။

လူဆိုတာ တဦးချင်း နေလို့မရပါဘူး။ လူအဖွဲ့အစည်းကြီးနဲ့ နေရပါတယ်။ နေအိမ် အကျယ် ချုပ်နဲ့ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့တဲ့ လူ ထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ကို လူအဖွဲ့အစည်းကြီးနဲ့ အတူ လွတ်မြောက်သူအဖြစ် ကျင်းပခွင့် ရတာ ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တင်းမာမှုနဲ့ စိတ်မချမ်းမြေ့မှုတွေလျော့ပါးသွားတယ်လို့လည်း ခံစားမိပါတယ်။

ထိုင်းနိုင်ငံ ပြည်ပခရီးစဉ်အဖြစ် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ ထွက်ခွာလာရတဲ့ လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မဟာ ချိုင် ရောက် မြန်မာအလုပ်သမားတွေ ကြိုဆိုပုံကို မြင်ရတာ TV သတင်းကြည့်နေသူ ကျမပါ မျက်ရည်စို့ရပါတယ်။ ထိုင်းနိုင်ငံရောက် မြန် မာအ လုပ် သမားတွေရဲ့ နိုင်ငံရေးနိုးကြားမှုလည်း အသိအမှတ်ပြုရပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ဒေါ်အောင်ဆန်း စု ကြည် မိန့်ခွန်း ပြောရာမှာ “အပြောင်းအလဲကို ကြိုဆိုပါတယ်။ သတိကြီးစွာစောင့်ကြည့်နေပါတယ်။ ဦး သိန်းစိန်နဲ့အတူ စစ်တပ်ကပါ အတူလက်တွဲပါဝင်ဖို့လိုတယ်။ ဒီကလူတွေကို မြင်ရတာ ကျမ မြန်မာနိုင်ငံ ရောက်နေသလိုပါပဲ။ မြန်မာ နိုင် ငံပြန်လာချင် သူတွေအတွက် နေသင့်နေထိုက်တဲ့ အိမ် ဖြစ်အောင် ကျမကြိုးစားသွားပါ့မယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့တဲ့အချိန်မှာ ပြောကြားခဲ့တဲ့ စကားကတော့ ကျမတို့ လူ့အဖွဲ့အစည်းတွင်း လူတ ဦး ချင်းစီရဲ့ ဘဝတလျှောက် အင်မတန် အသုံးဝင်တဲ့ အဖိုးတန်စကားပဲ ဖြစ်ပါတယ်။

“သံရုံးဝန်ထမ်းမှ သံတမန်မဟုတ်ပါဘူး။ ကျမတို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ သံတမန်တွေ ဖြစ်ပါ တယ်။ ကိုယ့်ရဲ့ကိုယ်နုတ်အမူ အ ယာ ပြုမူပြောဆိုမှုဟာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုနေတယ်ဆိုတာ သတိထားပါ။ တဦးကို တဦး လေး စားကူညီပါ”.....တဲ့။

စီးပွားရေးဖိုရမ် အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ စကားကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အ တွက် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ စကား ဖြစ်ပါတယ်။ အစည်းအဝေး ခန်းမထဲကို အာဆီယံဥက္ကဋ္ဌ ဝင်သွားတဲ့အချိန်မှာ သတင်းသ မား ၆ဝဝ လောက်ကို သူ မြင်တော့ “ကျနော့်ကို ကြိုဆိုတာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့ အမျိုးသမီးကို လာကြိုတယ်ဆိုတာ ကျနော်သိတယ်” တဲ့။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်အရေးကိုလည်း ဒေါ်အောင်ဆန်းစုကြည် မေ့မထားခဲ့ပါဘူး။ မယ်လဒုက္ခ သည်စခန်းထဲကို ဒေါ် အောင်ဆန်းစုကြည် ဝင်သွားတဲ့ အချိန်မှာ ဒုက္ခသည်တွေ တဲလုံးကျွတ် ကြိုဆိုခဲ့ပါတယ်။ လူအများ စောင့်ကြို မျှော်လင့်နေတဲ့ ဒုက္ခ သည် တွေရှိရာ မယ်လဒုက္ခသည်စခန်း ဘောလုံးကွင်းထဲကိုတော့ ဒေါ်စု မရောက်ခဲ့ပါဘူး။ ထိုင်း တာဝန်ရှိသူများ စီစဉ်ပေးတဲ့ ဒုက္ခသည် ဆေးရုံထဲပဲ ဝင်ရောက် လေ့လာခွင့် ရခဲ့ပါတယ်။

ဆေးရုံကိုရောက်ရှိလာတဲ့ ဒုက္ခသည်တချို့ကိုပဲ အမှာစကား ပြောနိုင်ခဲ့ပါတယ်။ ခရီး ပင်ပန်းမှုရောစိတ်ခံစားမှုအရပါ ဒေါ်စုရဲ့မျက်နှာ ညှိုးနွမ်း နေပါတယ်။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို စိတ်နှလုံးညှိုးနွမ်းရတဲ့ ဒုက္ခသည်စခန်းထဲမှာ မြင်ရတာ စိတ် ထိခိုက်နေပါလိမ့်မယ်။ ကိုယ် ဘဝကို ကိုယ့်အနာဂတ်ကိုယ်မပိုင်တဲ့ ဒုက္ခသည်တွေဘဝကို ဒေါ်စု ကိုယ်တိုင် သိရှိသွားရတာကတော့ ဒုက္ခသည်တွေကို စကား ပြောဖို့ မိုက်ကရိုဖုန်း တောင် ဒေါ်စုမရရှိခဲ့ပါဘူး။

“တနေ့ အိမ်ပြန်နိုင်အောင် လုပ်ပေးပါမယ်လို့ နောက်လူတွေပါ ကြားရအောင် လက်ဆင့်ကမ်း ပြော လိုက်ကြပါ။ သူတို့က မိုက်မှ မပေးတာ သား ရဲ့။ အမေ အော်ပြောမှ ရမယ်။ ကိုယ်က ဒုက္ခသည်မို့ အိမ်ရှင်စိတ်ချမ်းသာအောင် အိမ်ရှင် ကျေနပ်အောင် နေထိုင်ကြပါ။ အားလုံး ကျန်း မာချမ်းသာကြပါစေ”..။

ပိန်သွယ်နေတဲ့ ခန္ဓာကိုယ်ကိုမြှင့်ပြီး ဒုက္ခသည်တွေ ကြားအောင် ပြောခဲ့တဲ့စကားအဆုံး ဆုပေးတဲ့အသံများမှာ တိုးတိမ်သွားပြီး ဝမ်းနည်း သံ စွက်နေပါတယ်။ မိဝေး ဖဝေး ဆွေဝေးမျိုးဝေးနေရာမှာ နွေးထွေးတဲ့ မေတ္တာတရားပါတဲ့ ဒေါ်စုရဲ့အမှတ် တရ စကားနဲ့ ဆုတောင်ပေး သံက ဒုက္ခသည်တွေရင်ကို ထိခိုက်စေသလို စိတ်ခွန်းအားကိုလည်းဖြစ်စေပါတယ်။

ဒေါ်ခင်ကြည်နဲ့ မိတ်ဆွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးမှာ ချစ်ခင်ရင်းနှီးသူ ဖြစ်တဲ့ “ဘိလပ်ပြန်သန်း” လို့ လူသိများ တဲ့ ဒေါ်သန်းအေးရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအစိတ်အပိုင်းအချို့ကို ထင်ဟပ်စေတဲ့ “စုနဲ့မိတ်ဆက်ခြင်း” မှာ ရေးထား တာကို ဖတ်ရတာ အင်မတန်မှစိတ် ဝင်စားဖို့ကောင်းလှပါတယ်။ အဲဒီ အမှာစာထဲက  တချို့ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

“ဒေါ်ခင်ကြည်သည် မိမိ၏သားသမီးများအား မြန်မာ့လူမှုရေးနှင့် ကိုယ်ကျင့်သီလ၏ တန်ဖိုးကို အလေး ထားပြီး ဗုဒ္ဓဘာသာတရားကို ယုံကြည် ကိုင်းရှိုင်းရန် သွန်သင်ဆုံးမခဲ့၏။ ကျမ၏ အမြင်အရ ဝတ်စား၊ သွားလာ၊ နေထိုင်မှု အရပ်ရပ်နှင့် စပ်လျဉ်း၍ လူအများ မြင်ကွင်း တွင်လည်း ကောင်း၊ အိမ်တွင်းအသိုင်းအဝိုင်းတွင် လည်းကောင်း “စု” သည် မြန်မာ့ယဉ်ကျေးမှုအရ စံ တင်လောက်ပါသည်။ ဥပမာတခု ပေးရ မည်ဆို လျှင်မိမိထက် တနှစ်၊ တရက်၊ တမနက် ကြီးသူ မှန်သမျှကို ကိုယ်အမူအယာ၊ နှုတ်အမူ အယာအရ ရိုသေ လေးစားသမှု ပြသခြင်း ဖြစ်သော လူကြီးများရှေ့မှ ဖြတ်သန်းသွားသောအခါ ခါးညွှတ်ခြင်း၊ လူကြီးများထံပါးတွင် ကျုံ့ကျုံ့ယုံ့ယုံ့ နေထိုင်ခြင်း၊ ယဉ်ကျေ လေးစားသော အသံနေ အသံထား စကားလုံးများကို ရွေးချယ်သုံးခြင်း စသည်တို့မှာ “စု” အတွက် အရိုးစွဲနေသော အမူ အကျင့် များဖြစ်ပါသည်။ နိုင်ငံ ရပ်ခြားတွင်နှစ် ပေါင်းများစွာ နေထိုင်သော်လည်း “စု” မြန်မာပီပသမှု မှေးမှိန် ယိမ်းယိုင်သွားသည်ဟူ၍ မရှိခဲ့ပါ။

“စု” အထူးနှစ်သက်မက်မောသော ဝါသနာမှာ စာဖတ်ခြင်းပင်။ သူမ၏ စာပေမြတ်နိုးမှုကို အား ပေးခဲ့သော ဦးအုန်းကို “စု” အစဉ်ချစ်ခင် ကျေး ဇူးတင်စွာ သတိရလေ့ရှိပါသည်။

“စု” ၏ အသိပညာအတွေးအခေါ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ပို၍သတိပြုမိပြီး စိတ်ဝင်စားခဲ့သူမှာ အလွန်နာမည်ကြီးခဲ့သော ရန်ကုန် တက္က သိုလ် အိုးဝေမဂ္ဂဇင်း၏ တချိန်က အယ်ဒီတာဖြစ်ခဲ့ပြီး “စု” ၏ ဖခင်နှင့်အတူ တက္ကသိုလ်တွင်ရှိခဲ့သော ဦးညိုမြ ပင် ဖြစ်ပါသည်။ သူက တခြားသူများ ထက်ပင်ပိုပြီး “စု” ဖတ်ရန် အင်္ဂလိပ်နှင့် မြန်မာ စာအုပ်ပေါင်း များစွာကို လမ်းညွှန်ပေးခဲ့ပါသည်။ ဦးညိုမြ လက်ဆောင်ပေး ခဲ့သော အလွန် အ ဖိုးတန်သည့် ဟားဗက် ကန္တဝင်စာအုပ်တွဲ တစုံလုံး (Harvard Classics) ကို အလွန် တန် ဖိုးထားပြီး မကြာခဏ ဖတ်ခဲ့ ကြောင်းလည်း “စု” က ယခုထိ သတိရနေပါသည်။ ဤစာအုပ်များက “စု” ကို စာပေလောကတံခါး ဖွင့်ပေးခဲ့ပါသည်။

ဘဝကိုရင် မဆိုင်နိုင်တော့ဘဲ ကိုယ်စိတ်နှစ်ဖြာ ပြိုလဲလုမတက် ဖြစ်နေသူများကို စာဖတ်ပြပေးရန်၊ အဖော်ပြုရန် အစီအစဉ်များတွင် ပါ ဝင်ရန် အမျိုးသမီးအမျိုးသားများ အမြဲ အလိုရှိနေပါသည်။ ထိုအစီအစဉ်တွင် “စု” ပါဝင်၍ အပတ်စဉ် နာရီပေါင်းများစွာ လုပ်အား ပေးပါ သည်။ ဤကား သူမမိခင်၏ ပရဟိတလုပ်ငန်းအစဉ် အလာအရဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ကျမအထင်မှာတော့ “စု” သည် သွေးသားအရထက် စိတ်ဓါတ်အရ သူ့မိဘနှစ်ပါး၏ သမီး ပီ ပါပေသည်။

“စု” ၏ သဘောသဘာဝနှင့် ကြံ့ခိုင်သောစိတ်ဓါတ်တို့၏ ဇစ်မြစ်ကို လေ့လာစူးစမ်းရာတွင် ကျမ၏ ရည် ရွယ်ချက်မှာ ဥပမာအားဖြင့် မြေကြီးကို အမှီပြုကာ အလွန်ထူးဆန်းရှားပါးသော အဖူးအပွင့်လေးတခု ဖြစ်ပေါ်လာရသကဲ့သို့ပင် မိဘနှစ် ဦးကို အရင်းခံပြီး ထူးခြား ပြောင်မြောက်သော ရင်သွေးတဦး ဖြစ်ထွန်းလာရပုံကို ဆက်သွယ်ကြည့်ရန် ဖြစ်ပါ သည်”......တဲ့။

၆၇ နှစ်ပြည့် လွတ်လပ်တဲ့ မွေးနေ့ရှင်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပ နိုင်ငံခရီးစဉ်မှာ ကမ္ဘာကျော် အဆို တော် ဘိုနိုက နော်ဝေနိုင်ငံအထိ သွားရောက် ကြိုဆိုခဲ့ပါတယ်။

“အရင်က နေအိမ်အကျယ်ချုပ်ကျခံရပေမယ့် ခုတော့တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် သဖွယ် ကြိုဆို နေပါပြီ” လို့ အဆို တော် ဘိုနိုက ပြောခဲ့ပါသေးတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခုလိုကြိုဆိုဧည့်ခံကြတာ မြန်မာပြည် ပြည်သူလူထုကိုပါ ကြိုဆိုတာလို့ ကျမခံစားမိပါတယ်။

ကျမတို့ဒုက္ခသည်စခန်းထဲမှာ အဖွဲ့ချုပ်ပါတီဝင် အမျိုးသမီးတွေက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ကျင်းပခဲ့တာ ယနေ့ ၆၇ နှစ်ပြည့် မွေးနေ့အထိပါပဲ။ “ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဘယ်လိုအခက်အခဲပဲရှိရှိ ဒို့ခေါင်းဆောင် မွေးနေ့ ကျင်းပခြင်း အားဖြင့် ဂုဏ်ပြုရာရောက်တယ်” လို့ ယုံကြည်ပြီး ကျင်းပခဲ့ကြတာပါ။ဒေါ်အောင်ဆန်း စု ကြည် ရဲ့ မွေးနေ့ပွဲအမှတ်တရစကား ပြောကြားခဲ့တဲ့ ကိုမိုး ကျော်စကားနဲ့ ၆၇ နှစ်မြောက် မွေးနေ့ ရှင် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ဂုဏ်ပြုလိုက်ပါတယ်။

“ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် ပြောကြားခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဘယ်နေရာ ရောက်ရောက် ညီညွှတ်ဖို့ အရေးကြီးပါတယ်။

ဒီညီညွှတ်ရေးကို တောတောင်အထပ်ထပ်ကို ကျော်ပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်း စုကြည်ကို အကောင်းဆုံး မွေးနေ့ လက်ဆောင် အ ဖြစ် ပို့လိုက်ရင် ဒေါ်စု ဝမ်းသာမယ်လို့ ကျနော် ယုံကြည်ပါတယ်”.......တဲ့။ ။

No comments: