Sunday, July 15, 2012

မောင်းထုတ်ခံရသည့် ဒုက္ခသည် တရုတ်က ပြန်လက်ခံ

ဇော်ကြီး

တရုတ်မြန်မာနယ်စပ် တ ရုတ်ပြည်ဖက်ခြမ်းရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်း (၂) ခု အတွင်း ကူးစက်ရောဂါ ဖြစ်ပွားသည်ဟု ယူဆ၍ နေရပ်ပြန်ခိုင်းခဲ့ သူများအား တရုတ် အာဏာပိုင်က ပြန်လည် နေထိုင်ခွင့် ပြုလိုက်သည်။

တရုတ် လူနေရပ်ကွက်များနှင့် နီးကပ်စွာ ရှိသည့် ယန်လုနှင့် လော့ဖိုင့် စခန်းများအား ယခုလ (၅) ရက်နေ့က စတင်၍ တရုတ် အာဏာ ပိုင်တို့က နေရပ်ပြန်ရန် ဖိအားပေး ပြောဆိုခဲ့သည်။ သို့သော် ယခုလ (၁၁) ရက်နေ့က ပြန်လည် နေထိုင်ခွင့် ပြုလိုက် သည်ဟု စခန်း တာဝန်ရှိသူ အမျိုးသမီး မရန်လုလုက အခုလို ပြောသည်။

“သူတို့ကိုယ်တိုင် စခန်းထဲကို လာပြီးမှ ပတ်ဝန်းကျင် သန့်ရှင်းဖို့၊ တကိုယ်ရည် သန့်ရှင်းဖို့၊ ကျန်းမာ ရေးနဲ့ ညီညွတ်အောင်နေဖို့၊ သူတို့ ချ မှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း လိုက်နေဖို့ ပြောသွားတယ်။”

လွန်ခဲ့သည့် အပတ်က ယင်းစခန်း (၂) ခု အတွင်း ၀မ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားခဲ့ပြီး ကလေးတဦး သေဆုံးခဲ့သလို အခြားစခန်း တ ခုဖြစ် သည့် ငါနောင်ပါ စခန်းအတွင်း လူ(၆) ဦးခန့် အသည်းရောင် အသားဝါ ရောဂါဖြစ်ပွားခဲ့ရာ (၁) ဦး သေဆုံးခဲ့သည့်အတွက် တရုတ် အစိုးရ အာ ဏာပိုင်တို့က စိုးရိမ် မကင်းဖြစ်ခဲ့သည်။

အဓိက မသန့်ရှင်းသည့် ရေ သောက်သုံးမိ၍ အဆိုပါ ရောဂါများ ဖြစ်ပွားသည်ကို တွေ့ရှိရ သည့်နောက် ကျန်းမာရေးနှင့်အညီ စည်းကမ်း တ ကျနေထိုင် ကြရန်၊ မူးယစ်ဆေးဝါးကိစ္စ ကင်းရှင်းကြရန် ပြောဆိုခဲ့ပြီး ပြန်လည် နေထိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ဒုက္ခသည်များအား ဘာသာရေး အသင်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ကူညီမှုများ ရှိသော်လည်း ကျဉ်းကျပ်သည့် အ ခန်း တွင်း နေထိုင်ရသလို ကလေးငယ်များ အတွက် မူကြိုနှင့် မူလတန်းအဆင့် စာသင်ကျောင်းများတွင်သင်ထောက်ကူပစ္စည်း မလုံ လောက်ခြင်း၊ နေရာထိုင်ခင်း ကျပ်တည်းခြင်း စသည့် အခက်အခဲများ ဖြစ်ပေါ်နေဆဲဟု သိရသည်။

နယ်စပ် နောင်တောင်းမြို့အနီး ယန်လု၊ လော့ဖိုင့်၊ နားကောင်းကောင့်၊ ငါနောင်ပါ၊ လုံကောက်၊ ခါ့ဒေါင်းပါ စသည့်စခန်း (၆) ခု အပါအ၀င် ဆွေ မျိုးနီးစပ်သူများနှင့် နေသည့် ဒုက္ခသည် စုစုပေါင်း ၄၅၀၀ ခန့် ရှိသည်။

အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တို့ တနှစ်ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် စ သည့် မြို့ပေါ် ဒေသများအပါအ၀င် KIO ဌာနချုပ်နှင့် တရုတ်နယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် ဒုက္ခသည်ပေါင်း ခုနှစ်သောင်းခွဲ ခန့် ရှိပြီ ဟု အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW အစီရင်ခံစာက ဆိုသည်။

No comments: