Monday, July 9, 2012

ပင်လုံကဲ့သို့သော ညီလာခံကို မွန်ပြည်သစ် သံသယ ရှိ

အဇံ၊ ကောင်းဝါသတင်းဌာန

တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်သည့် ပင်လုံကဲ့သို့သော အစည်းအဝေးကြီးတရပ်ကို ၂၀၁၅ မတိုင်မီ နေပြည်တော်တွင် ကျင်းပပေးမည့် အ ပေါ်မွန်ပြည်သစ်ပါတီအနေနှင့် စိုးရိမ်မိကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“ကျနော်တို့ စိုးရိမ်တာက ဒီအစည်းအဝေးကြီးကို သူတို့ကပဲ ဦးစီးပြီးတော့ လုပ်မယ်၊ ပြီးတော့ သူတို့ ကြိုက်တဲ့ ကိုယ်စားလှယ်ကိုပဲ ဖိတ် ခေါ်ရင် တိုင်းရင်းသားတွေအတွက် အကျိုးမရှိနိုင်ဘူး” ဟု နိုင်ဟံသာက ပြောသည်။

“ကျနော်တို့နဲ့ တွေ့တုန်းကလည်း ဒီကိစ္စ ပြောသေးတယ်၊ ကျနော် သူ့ကို ပြောလိုက်တယ်၊ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ လိုတယ်၊ အ စည်းအဝေးမှာ တက်ရောက်တဲ့ ကိုယ်စားလှယ် အရေအတွက် တူညီမူ ရှိဖို့ လိုတယ်၊ ဒီလိုမ ဟုတ်ပဲ ကိုယ်က ဦးဆောင်လုပ်ပြီး ကိုယ့်သဘော အတိုင်း ကိုယ်နှစ်သက်တဲ့ လူကိုပဲ ကိုယ်စားလှယ် ရွေးရင် တိုင်းရင်းသား ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု သူက ဆက်ပြော သည်။

အစည်းအဝေးကြီး ကျင်းပပေးမည်ကို ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မူဝန် ကြီး ဌာန အစည်းအဝေးခန်းမတွင် သတင်းထောက်များအား ပြောကြားခဲ့ သည်။ ၎င်းပြင် ဝန်ကြီးဦးအောင်မင်းက လက်ရှိ နိုင်ငံတော် သမ္မတ ဦး သိန်းစိန်၏ လမ်းပြမြေပုံ လုပ်ငန်း စဉ်များ ကိုလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။

သမ္မတ၏ လမ်းပြမြေပုံတွင် အစိုးရက ပထမအဆင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး၊ ဒုတိယအဆင့် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရေး၊ တတိယ အဆင့် ပင်လုံ ကဲ့သို့သော ညီလာခံကို လုပ်ဆောင်ရေးတို့ ပါဝင်သည်။

ထိုသို့အစည်းအဝေး လုပ်ဆောင်သည့်အခါ တိုင်းရင်းသားဘက်မှ မိမိတို့၏ လိုအပ်ချက်များ ဖြစ်သည့် အခွင့်အရေးများ၊ တန်းတူညီတူ အခွင့် အရေး၊ ယဉ်ကျေးမူ ဓလေ့ထုံးစံ၊ အုပ်ချုပ်ရေး စသည်တို့ကို တောင်းဆိုလာပါက အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်းသာလုပ် ပေးနိုင်လိမ့် မည်ဟု ဦးအောင်မင်းက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးစီးသည့် ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီကို မေလက ပြန်လည်ဖွဲ့စည်းပြီး နောက်ပိုင်း တွင် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များက ၎င်းကော်မတီ၏ လမ်းစဉ်အပေါ် သံသယ ရှိမိကြောင်း ပြောသည်။

“သူတို့ ကော်မတီ ပြန်လည် ဖွဲ့စည်းပြီးနောက်ပိုင်းမှာ ကျနော်တို့ သတိထားမိတာတော့ ကျနော်တို့ပါတီကို နိုင်ငံရေးပါတီ ဖွဲ့ခိုင်းတယ်၊ ရွေးကောက်ပွဲ ဝင်ခိုင်းတယ်၊ ပြီးတော့ သူတို့ရဲ့ ပါလီမာန်ကို ဝင်ခိုင်းတယ်၊ ကျနော်တို့ ပါတီက ဒါ ကို လက်မခံပါဘူး၊ တိုင်းရင်းသား အခွင့်အ ရေးရဖို့အတွက် ပါလီမာန်ကို ဝင်ရမယ် ဆိုတဲ့ဟာကို ကျနော်တို့ ပါတီအနေနဲ့ ထည့်မစဉ်း စားထားပါဘူး၊ သူတို့က လူအများစု ဖြစ်တော့ လွှတ် တော်မှာ တိုင်းရင်းသား အခွင့်အရေးရအောင် ကျနော်တို့ လုပ်ဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး” ဟု နိုင်ဟံသာက ပြောသည်။

မွန်ပြည်သစ်ပါတီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပြည်ထောင်စုအစိုးရနှင့်အပစ်အခတ်ရပ်စဲရေးစာချုပ် ပြန်လည် ချုပ်ဆို ခဲ့ပြီး ဧပြီလ တွင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

မွန်ပြည်သစ်ပါတီကပြည်ထောင်စုအစိုးရအားဒီဇင်ဘာလနောက်ဆုံးထားပြီး လက်နက်ကိုင် တိုင်းရင်းသား အာလုံးပါဝင်နိုင်သည့် နိုင်ငံ ရေး ဆွေး နွေးပွဲတစ်ခုပြုလုပ်ပေးရန်တောင်းဆိုထားသည်။ ထိုသို့ပြုလုပ်ခြင်းမ ရှိပါကမွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိချုပ်ဆိုထား သော အပစ် အခတ်ရပ်စဲရေးစာချုပ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်းကြေငြာထားသည်။

No comments: