Tuesday, August 14, 2012

အာဆီယံ၏ ပြဿနာ ထွက်ပေါက် မဟာဗျူဟာများ

ကာဝီ ချွန်ကစ်တာဝန်

အာဆီယံ အသင်းကြီးက မီးခွက်စောင့်ဘီလူးကို ပုလင်းအတွင်း ပြန်သွင်း ရန်အတွက် နည်းလမ်း တခုခု တော့ ရှာမှဖြစ်တော့မည်။ သို့မဟုတ်ပါက ကြွယ်ဝချမ်းသာသည့် တောင်တရုတ် ပင်လယ် ရေလမ်း ကြောင်းတွင် တင်းမာမှုများ ထပ်တိုး လာ တော့မည်။ နောက်ဆုံး ထိပ်တိုက်ရင်ဆိုင် မှုများပင် ကြုံလာဖွယ်ရှိပြီး ဒေသတွင်း နိုင်ငံများက မလိုလားကြ သည့် အားလုံး အပျက် ပျက်နှင့် နှာခေါင်းသွေး ထွက်ရကိန်း ကြုံရချေတော့မည်။

ပြီးခဲ့သည့် ရက်သတ္တ သုံးပတ်တွင် အာဆီယံအသင်းကြီး၏ အားနည်းချက် ပျော့ကွက်များ ထင်းထင်းကြီး ပေါ်နေခဲ့ သည်။ ဤအကျပ်အ တည်းကို ထိန်းချုပ်ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း အားလုံး က နိုင်ငံရေးအရ ဆန္ဒပြင်းပြကြောင်း ပြသကြရတော့ မည် ဖြစ်သည်။

လိုအပ်သည့် အဆင့်များ

ပထမအဆင့် အနေဖြင့် အာဆီယံ ဥက္ကဋ္ဌက ဖြစ်နိုင်သမျှ ဆောလျှင်စွာ လက်မှတ်ရေးထိုးမဖြစ်ဘဲ ပျက်ခဲ့ရသည့် ပူးတွဲကြေညာချက် ထုတ်ပြန် နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရေးကြီးသည့် ဆုံးဖြတ်ချက်များစွာမှာ လိပ်ခဲ တည်းတည်း ရှိနေ ကြသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်… အာဆီယံ အသင်းကြီး ၏ နောက်ထပ်လာမည့် အထွေထွေအတွင်းရေး မှူး Le Luong Minh ၏ အမည်တင်သွင်းမှုအတွက် နိုဝင်ဘာ လလယ်ပိုင်းခန့်တွင် အတည်ပြုချက် ရယူနိုင်ရန် အာဆီယံခေါင်းဆောင် များထံ တင်သွင်း ရဦးမည် ဖြစ် သည်။

အကယ်၍ အချိန်မီ မဆောင်ရွက်နိုင်ပါက အာဆီယံအနေဖြင့် ခေါင်းဆောင်မှုအသစ်အကျပ်အတည်းနှင့်ကြုံရခြိမ့်မည်ဖြစ်သည်။တောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍ ပြဿနာရှိနေသည့် စာပိုဒ်ကို အရေးအသားအရ အဖွဲ့ဝင်နိုင်ငံ အားလုံးကလက်ခံနိုင်အောင်သေ ချာပြန်လည် ချိန်ညှိပြင်ဆင်ရေးသားဖို့ လိုအပ်ပါလိမ့်မည်။ယင်းကိစ္စတွင် အာဆီယံ အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင် ငံတို့ မျက်နှာချင်း ဆိုင်တွေ့ဆုံ၍ ကျေလည် သဘောတူညီမှု ရရှိအောင် စာသားကို စိစစ်ပြင်ဆင်ဖို့ လိုပါသည်။ တောင်တရုတ် ပင်လယ် အရေးနှင့် ပတ်သက် ၍ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုခဲ့သည့် မူဝါဒ ၆ ချက် ကြေညာချက်မှာ အသုံးဝင်နိုင်ပါ သည်။ ဤအချက်ကိုလည်း ပင်မမှတ်တမ်းတွင်ထည့်သွင်း ၍ဖြစ်စေ သို့မဟုတ် နောက်ဆက်တွဲအနေဖြင့် တွဲ၍ဖြစ်စေ ဖော်ပြနိုင်ပါသေးသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကလည်း သူတို့၏ မှတ်စုများကို သေချာပြန်ကြည့်၍ အရေးကြီးသည့် ဆွေးနွေးချက် များကို အဖြူ-အမဲ သဲ ကွဲစေရန် ပြန်၍ သုံးသပ်သင့်သည်။ အာဆီယံ၏ အကျိုးစီးပွားကို ရှေ့တန်းတင် စဉ်းစားသင့်ပါ သည်။ အာဆီယံအသင်းကြီးအဖို့ စာ သားများ ဖြင့် အကျပ်အတည်း တွေ့ခဲ့ရသည်မှာ ယခုအကြိမ်သည် ပထမဦးဆုံး မဟုတ်ပါ။

အတိတ်ကာလတွင်လည်း စာသားများနှင့် ပတ်သက်၍ ပြဿနာများကို ကောင်းစွာ ဖြတ်ကျော်ခဲ့ကြပြီး ဖြစ်ပါသည်။ ဥပမာ… အရှေ့အ လယ် ပိုင်းကိစ္စနှင့် ပတ်သက်၍ ပါလက်စတိုင်းနှင့် အစ္စရေးပြဿနာ၊ ကက်ရှမီးယားအရေးနှင့် ပတ်သက်၍ အိန္ဒိယနှင့် ပါကစ္စတန်အကြား ပြဿနာ၊ တောင်နှင့် မြောက် ကိုရီးယားအကြား ပြဿနာ၊ နောက်ဆုံး ပြီးခဲ့သည့်နှစ်တွက် ဖြစ်ပျက်ခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယားအ ကြား ရှေးဟောင်း ဟိန္ဒူကျောင်းတော် ပြဿနာနှင့် ပတ်သက်၍ ဖြေရှင်း ကျော်လွှားနိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ နောက်ဆုံး ထုတ်ပြန်ကြေ ညာချက်တွင် အာဆီယံ အသင်းကြီး က မည်သို့ဆုံးဖြတ်သည် ဖြစ်စေ အင်အားကြီး နိုင်ငံများက လက်ခံကြမည်သာ ဖြစ်ပြီး ၎င်းအတိုင်း သူတို့၏ ရပ်တည်ချက် ကို လည်း လိုအပ်သလို ချိန်ညှိမှု ပြုကြမည် ဖြစ်ပါသည်။

ဒုတိယအချက်မှာ ၎င်းအရေးတွင် ပါဝင်အဆိုပြုသည့်နိုင်ငံ မဟုတ်သူ အာဆီယံအဖွဲ့ဝင်များက ပို၍ တက်ကြွစွာ ဦးဆောင်သင့်ကြပါသည်။ ယခု အချိန်တွင် အင်ဒိုနီးရှားနိုင်ငံ တခုတည်းကသာ အာဆီယံအတွင်း ဖြစ်သည့် ပြဿနာ များတွင် ဖြန်ဖြေပေးသူအဖြစ် ရပ်တည်ပေး နေပါသည်။ ဤသို့ ဖြစ်နေသည်မှာလည်း နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ၏ ရှေ့ဆောင်ကြိုးပမ်းမှုဖြစ်ပြီးသူ၏လွန်းထိုးသံတ မန်ရေးလုပ်ဆောင် မှုများကြောင့် ဖြစ်သည်။ ဆူဟာတို အစိုးရ လက်အောက်တွင် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ဤသို့ ဆောင်ရွက်ရန် ခက် ခဲပါလိမ့်မည်။ သူဆက်ခံ ခဲ့ရသူများ ဖြစ်ကြသည့် ဥပမာ… ပါမောက္ခ မော့က်တာ ကုဆုမ်မာဒ်ဂျာ (Prof. Mochtar Kusumaadja)၊ နောက်ပိုင်းတွင် အလီအလာတာ့စ် (Ali Alatas)နှင့် ဟာဆန် ဝီရာဝုဒ (Hassan Wirayuda)တို့က ဝါရင့်လာသည်နှင့်အမျှ သံတမန်ရေး ကျွမ်းကျင်မှုလည်းရှိကြသည်။ သို့သော် လည်း ယနေ့ တည်ရှိနေသည့် အခြေအနေတွင် အပြိုင်အဆိုင်၊ အကျပ်အတည်း ပြင်းထန်သော ကြောင့် အခြေအနေပေါ်မှ အခွင့်အလမ်း ကောင်း ရှာနိုင်ရန် မဖြစ်နိုင်ပေ။

အသင်းကြီး၏ လူကြိုက်များသည့် အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံက မလွဲမရှောင်သာ အာဆီယံအဖွဲ့၏ ဂုဏ်ကို ဆယ်နေရပြီး ၎င်း၏ ပညာ ဉာဏ် မြင့် သည့် ခေါင်းဆောင်မှုကြောင့် အဖွဲ့တွင်း နိုင်ငံရေးကို သြဇာလွှမ်းမိုး သက်ရောက်စေမည်မှာ မလွဲဖြစ်သည်။

ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ကလည်း အလားတူ အဆင့်နေရာမှာ ရှိကြသည်။ သူတို့၏ အခန်းကဏ္ဍအလိုက် တက်ကြွစွာ တာဝန်ယူနေ ကြပါ သည်။ သို့သော်လည်း ၎င်းတို့ကိုယ်၌က ပြည်တွင်း ပြဿနာများနှင့် လုံးပမ်းရင်ဆိုင်နေကြရသည်။ ထိုင်းနိုင်ငံဆိုလျှင် အာဆီယံနှင့် တရုတ်နိုင် ငံအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် တာဝန်ယူထားရသည့် နိုင်ငံဖြစ်သည့်အလျှောက် အာဆီယံ လုပ်ဖော်ကိုင်ဖက် များကိုထိုင်းအစိုးရ က သံတမန်နည်းဖြင့် အားလုံး ကျေလည် သဘောတူညီမှု ရအောင် ဆောင်ရွက်နိုင်ကြောင်း၊ အထူးသဖြင့်အရေး ကြီးသည့်ယခုလို လမ်းဆုံ လမ်းခွ အကျပ်အတည်း အခြေအနေများတွင် ပြသရန် ပိုမိုလိုအပ်နေပါသည်။

ယခုအချိန်တွင် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများကို တနိုင်ငံလုံး၏ အကျိုးစီးပွားအတွက် မဟုတ်ဘဲ သက်ဆင် ရှီနာဝပ်၏ ကိုယ်ကျိုးစီး ပွား များကို ကာကွယ်ပေးနိုင်ရေး အတွက်သာ ပုံစံချ၊ လှည့်ပြောင်း လုပ်နေကြပါသည်။

စင်္ကာပူနိုင်ငံတွင် အကြံဉာဏ်ကောင်းများစွာ ရှိနေသည်။ သို့သော်လည်း ၁၉၉၈ ခုနှစ်မှစ၍ အင်ဒိုနီးရှား သြဇာထွားလာ သလို သူတို့၏ နိုင်ငံ ရေးသြဇာ ပမာဏနှင့် ပိုင်ဆိုင်မှုက တိုးတက်၍ မလာခဲ့ပေ။

တတိယအချက်မှာ ဤအရေးအတွက် တောင်းဆိုသူ နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်တခု အပေါ်တွင် အလုပ် လုပ်ရန် သဘောတူညီမှု လိုအပ်ခြင်းပင် ဖြစ်သည်။ အကြောင်းမှာ အငြင်းပွားနေသည့် ကျွန်းများ အပေါ် သူ၏ အချုပ်အခြာအာဏာ၊ ကိုယ်၏အချုပ်အ ခြာအာဏာ ငြင်းနေကြသည့်ကိစ္စမှာ လာမည့် ရေတိုကာလ အတွင်း၌ ပြေလည်နိုင်ဖွယ် မရှိသည်ကို ကောင်းစွာ သိ ထား ကြသည့် အတွက် ကြောင့်လည်း ဖြစ်သည်။ ၁၉၇၉ ခုနှစ်တုန်းက ထိုင်းပင်လယ်ကွေ့ အတွင်းရှိ အငြင်းပွား နယ်မြေများနှင့် ပတ် သက်၍ ထိုင်းနှင့်မလေးရှားနိုင် ငံတို့ ပူးတွဲဖြေရှင်းနိုင်ခဲ့ကြပုံ၊ အောင်မြင်ခဲ့သည့်ပုံစံကို အာဆီယံအဖွဲ့အတွင်းရှိ ယခု တောင်းဆိုနေကြသူ နိုင်ငံများက သဘောတူ ညီနိုင်ကြ လျှင်ဖြင့် များစွာကောင်းမည် ဖြစ်ပါသည်။ ၎င်းပုံစံအရ အကျိုးအမြတ်အပေါ်တွင် ၅ဝ-၅ဝ စီ ခွဲဝေရန် သဘောတူညီနိုင်ခဲ့ကြသည်။

၂ဝဝ၈ ခုနှစ်တွင် ခေါင်းဆောင်ကြီး တိန့်ရှောင်ပင်း၏ မိန့်မှာချက်အတိုင်း “အတူတကွ ဖွံ့ဖြိုးရေးကို ပထမဦးစားပေး၊ အချုပ်အခြာအာဏာ ပြ ဿနာကို ဘေးထား” ဟူသည့် အဆိုနှင့်အညီ တရုတ်နှင့် ဖိလစ်ပိုင် နိုင်ငံတို့က အငြင်းပွားနေ သည့် ရေပြင်တွင် နိုင်ငံပိုင် ရေနံကုမ္ပ ဏီများ က မြေလွှာတိုင်းထွာ စစ်ဆေးမှုများ ပူးတွဲပြုလုပ်ရန် သဘောတူညီခဲ့ကြ သည်။

ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ထောက်ခံချက်နှင့်အတူ ဗီယက်နမ်နိုင်ငံက နောက်ပိုင်း လအနည်းငယ်ကြာမှနှစ်နိုင်ငံကြား သဘော တူ ညီချက်တွင် ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော်လည်း သုံးပွင့်ဆိုင် သဘောတူညီ ချက်များမှ နေ၍ စံထားရမည့် နည်းလမ်း တခု အဖြစ် ရလဒ်ထွက်ပေါ် မလာခဲ့ပါ။ အကယ်၍ ဖိလစ်ပိုင်-တရုတ် ပူးပေါင်းဆောင်ရွက်မှုက စီစဉ်ထားသည့်အတိုင်း အလုပ်ဖြစ်ခဲ့လျှင် လက်ရှိ ပဋိ ပက္ခ၏ အခြေအနေတစုံလုံး ပြောင်းသွားနိုင်သည်။ ပို၍ နှစ်လိုဖွယ်၊ ငြိမ်းချမ်းစွာ ဖြေရှင်းမှုမျိုး ပေါ်ပေါက်လာနိုင်ပါသည်။

ယခုမူ နှိုင်းယှဉ်ရန် သင့်လျော်သည့် ပုံစံမိုဒယ်တခုမျှ ရှိမနေသည့်အတွက်ကြောင့် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေကြ သည့် နိုင်ငံများက သူတို့လိုလားချက်ကိုသာ နင်း၍ တောင်းဆိုနေကြပါသည်။ သူတို့၏အချုပ်အခြာအာဏာကိုကျင့်သုံးနိုင်ရန်ဒေသန္တရအစိုးရများ ဖွဲ့စည်း ဆောင်ရွက် နေကြသည်။ ရှည်ကြာလှပြီဖြစ်သည့် မြေပုံများကဲ့သို့သော သမိုင်းများ၊ ရှေးဟောင်း မှတ်တမ်းများကို ပြန်၍ ကောက်ကိုင် သည်။ ကုလသမဂ္ဂ ၏ ပင်လယ်ပြင်ဥပဒေ အပိုဒ်များ ကိုလည်း ကိုးကားပြောဆို၍ နေကြပေသည်။

ပို၍ ရှုပ်ထွေးစေသည့်အချက်မှာ ဗီယက်နမ်နိုင်ငံတွင် ယခုအငြင်းပွားနေသည့်နေရာကို 'အရှေ့ပင်လယ်' ဟုခေါ်၍ ဖိလစ်ပိုင်နိုင်ငံ တွင် မူ 'အ နောက် ဖိလစ်ပိုင် ပင်လယ်' ဟု ခေါ်သည်။ စိတ်ထဲတွင်မူ သူတို့အားလုံးက ယခုအကျပ် အတည်း နောက်ဆုံးတွင်သူတို့၏ ရပ် တည်ချက်များ ကိုပျော့ပြောင်းပေးရမည်ကို သဘောပေါက် နားလည်ပါသည်။ သို့သော်လည်းအားလုံးမျက်နှာမပျက်စေရအောင်သိက္ခာ ရှိရှိ ထွက်ပေါက်ပေး ပြီး ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့သော်လည်း ဝမ်းနည်းဖွယ်ကိစ္စမှာ ဖနွမ်းပင် အစည်းအဝေးတွင် ဥက္ကဋ္ဌနှင့် အဓိကကျသည့် တောင်းဆို နေသောနိုင်ငံများမှာ သူတို့၏ အငြင်းထွက် ဆွေးနွေးချက်များနှင့် အမျိုးသားရေးဆန်ဆန် ရပ်တည်မှုများ ကြောင့် ကိုယ့်ဘာသာ ထောင့် အတွင်းသို့ ကျရောက်နေကြရခြင်း ဖြစ်ပါသည်။

စတုတ္ထအချက်မှာ အာဆီယံအသင်းအနေနှင့် ယခင်ကာလများက အာဆီယံ-အပေါင်း တစ် ဖော်နည်းကား (Asean-plus-one formula) ဖြင့် တရုတ်နိုင်ငံနှင့် ၎င်းတို့ ဆွေးနွေး သဘောတူနိုင်ခဲ့ကြသလို တောင်တရုတ်ပင်လယ်အရေးကို ဆက်လက် ဆွေးနွေးသင့်ပါသည်။ အာဆီယံ၏ အ ခြားသော အစည်းအဝေး ဖိုရမ်များဖြစ်သည့် ဥပမာ… အာဆီယံဒေသဆိုင်ရာ ဖိုရမ် (Asean Regional Forum)၊ အရှေ့အာရှ ထိပ်သီးအ စည်း အဝေး (East Asia Summit)၊ အာဆီယံ ကာကွယ်ရေးဝန် ကြီးများ အစည်းအဝေးနှင့် အပေါင်း (Asean Defense Ministerial Meeting Plus) ..စသည်တို့မှာ ဝန်ကြီးများအစည်းအဝေးပြီးလျှင် နောက်ထပ်ဖြည့်စွက် ဆွေးနွေးနိုင်ကြသည့် နေရာများ ဖြစ်သည်။ အကယ်၍ အာဆီယံ အသင်းကြီးက ယခု ပြဿနာကို တရုတ်၏ ဒေါသကို ကြောက်ရွံ့၍ ချိုးနှိမ်ထားလိုက်ရပါက အဖွဲ့၏ ဂုဏ်သိက္ခာလည်း ထပ်၍ထိခိုက် ရခြိမ့်မည် ဖြစ်သည်။လာမည့်အရှေ အာရှထိပ်သီး အစည်းအဝေးတွင် ခေါင်းဆောင်များက မည် သည့် ပြ ဿနာကိုမဆို အာဆီယံ အဖွဲ့၏ သ ဘောတူညီချက်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ တင်၍ ဆွေးနွေးနိုင်ကြပါသေး သည်။

တရုတ်နိုင်ငံနှင့် အာဆီယံအသင်းတို့က ၁၉၉၅ ခုနှစ်၊ ဧပြီလတွင် Mischief Reef သန္တာကျွန်းတန်းများနှင့် ပတ်သက်၍ သူတို့အကြား ဆက်ဆံ ရေး အနိမ့်ဆုံးအခြေအနေ၊ လိပ်ခဲတည်းလည်း အကျပ်အတည်းမှ မည်သို့ ဖြတ်ကျော်နိုင်ခဲ့ကြ သည်ကို ပြန်ပြောင်း ကြည့်သင့်ပါသည်။

တောင်တရုတ်ပင်လယ် အရေးအပေါ် တောင်းဆိုနေကြသည့် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက် နိုင်ငံများက လုပ်ဆောင်မှု ကျင့်ထုံး ဆိုင်ရာ ဒေသတွင်သဘောတူညီချက် [Regional codes of conduct (COCs)] ပေါ်ထွန်းလာစေရေးကြိုးပမ်းမှုအပေါ်အခိုင်အမာ ထောက်ခံနေ သည့် အတွက်ကြောင့်လည်း သူတို့က အာဆီယံနှင့် တရုတ်နိုင်ငံတို့ ၏ အဆင့်မြင့် အရာရှိများက ကျင့်ထုံး (COC) ပေါ် ထွန်းလာစေရေးဆောင်ရွက် ရန် အနှောင့်အယှက်မရှိ ခွင့်ပြုပေးသင့် ပါသည်။ ဘေဂျင်းရှိ အစိုးရက အာဆီယံအသင်းနှင့် (COC) ပေါ် ထွန်းလာစေရေး ကနဦးက စိတ်အား ထက်သန်နေ သည်ကိုလည်း ဆက်လက် ကြိုးပမ်းသင့်ပါသည်။ မိမိတို့ဖက်မှ သဘောထား ဆန္ဒမွန် ကို ပြသသည့်အနေဖြင့်တရုတ်နိုင်ငံကပင် လယ်ပြင်ပူးပေါင်း ဆောင်ရွက်ရေးအတွက် ယမန်နှစ်က လျာထားသည့် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ရန်ပုံငွေကိုလည်း အာဆီယံ လမ်း ညွှန်မူ ပေါ်ပေါက်လာစေရေးအတွက် သေချာ အသုံးချစေသင့်ပါသည်။ အထူးသဖြင့် ပူးတွဲ ပြုစုရေးသားမည့် ကိစ္စများ၊ သုတေသန စီမံချက် များအတွက် အသုံးချသင့်ပါသည်။

နောက်ဆုံးအနေဖြင့် အဖွဲ့အသင်းကြီး တခုအနေဖြင့် ဝင်ရောက်ကစားလိုပါကအာဆီယံအနေနှင့်ပြင်ဆင်မှုရှိရန်လိုအပ်ပါသည်။၎င်းတို့အ နက် မဟာဗျူဟာတခုမှာ အာဆီယံအဖွဲ့၊ အထွေထွေ အတွင်းရေးမှူး၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်ပင် ဖြစ်ပါသည်။ လက်ရှိကာလ တွင် ရန်ပုံငွေ လည်း မလောက်မငှသာ ထောက်ပံ့ထားပြီးအင်အားချိနဲ့နေပါ သည်။အထူးသဖြင့်နိုင်ငံရေး/ လုံခြုံရေးနှင့် လူမှုရေး/ယဉ် ကျေး မှုကဏ္ဍထောက် တိုင်များတွင် ပို၍ ချိနဲ့နေပါသည်။ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုများ ဖြစ်ပေါ်လာမှသာ အာဆီ ယံအသင်းကြီးက ကောင်းစွာ စွမ်းဆောင်နိုင်ခြိမ့်မည် ဖြစ်ပါသည်။

အမှန်အတိုင်းဆိုရလျှင် လက်ရှိ အာဆီယံအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝန်၏ အာဆီယံ အထွေထွေ အတွင်း ရေးမှူး ချုပ်နှင့် ၎င်း၏ ရုံးယန္တယားများ သန်စွမ်းလာစေရေး ကြိုးပမ်းချက်များကို ခေါင်းဆောင်များ က ထောက်ခံပံ့ပိုးနေကြသည်ဟု ဆို သော်လည်း တာဝန်ပေးထားသည့်အတိုင်း အတွင်းရေးမှူးချုပ်က မည်မျှမည်မျှ အားကောင်းခိုင်မာစွာ လုပ်ဆောင်နိုင်မည်ဆိုသည့် အ တိုင်းအ တာအပေါ် မည်သည့်အခါမျှ သဘောတူညီမှု မရှိခဲ့ကြပါ။ အဆင့်မြင့် အရာရှိများနှင့် ဂျာကာတာ အခြေစိုက် အာဆီယံနိုင်ငံများ၏ သံအဖွဲ့အစည်းများက သူတို့နိုင်ငံ၏ ကိုယ်စားပြု၍သာ ပြောဆိုပြုမူနေကြပါသည်။ ဆူရင်နှင့် သူ၏ဝန်ထမ်းများက များစွာ ကိုယ်စားပြု လုပ်ပိုင်ခွင့် မရှိကြပါ။ လာမည့် ဒီဇင်ဘာလတွင် သူ၏ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ပြီး လီလောင်မင်း (Le Luong Minh) က ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် အစားထိုး တာဝန်ယူတော့မည် ဖြစ်ပါသည်။

အကယ်၍ ရှင်းလင်းပြတ်သားသည့် ဦးတည်ချက် ရှိမနေပါက အာဆီယံအသင်းကြီး၏ များစွာ လွှမ်းခြုံထားသည့် ဗဟိုပြုနိုင်မှု အခြေအ နေနှင့် သမာသမတ်ကျမှုတို့မှာ များစွာ စိန်ခေါ်ခံရဖွယ် ရှိနေသလို နောက်ပိုင်းတွင် သံတမာန်ရေးအရ ချိုသာစွာ ဆက်ဆံခံရရုံမျှလွဲ၍ ဆုတ်ယုတ်ကျ ဆင်းဖွယ် ရှိနေပါသည်။ တွေ့ဆုံဆွေးနွေးဖက် နိုင်ငံများကလည်းနောက်ပိုင်း ဆွေးနွေးပွဲ ဖိုရမ်အားလုံးတွင် တန်းတူညီမျှ မိတ်ဖက်ပြုမှု (equal partnership)ကို တောင်းဆိုလာကြဖွယ် ရှိနေပါသည်။ အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းစင်ရေး ဇုန်နှင့် ပတ်သက်၍ သဘော တူညီချက်ကို လက်မှတ်ရေးထိုးရန် နောက်ဆုံးအချိန်ကျမှ ပြင်သစ်၊ အမေရိကန်နှင့် ဗြိတိန်တို့က ဆိုင်းငံ့ ထားရန် ဆုံးဖြတ်ခဲ့ကြခြင်း သည် အာဆီယံနှင့် အင်အားကြီးနိုင်ငံများအကြား အပြန်အလှန် တိုး၍ ချိတ်ဆက်နေမှုကို ထင်ဟပ် ဖော်ပြနေ ပါသည်။ ထို့အပြင် ၎င်းနိုင်ငံ များက အာဆီယံအသင်းကြီး၏ လုပ်ငန်းစဉ်များအပေါ် သြဇာလွှမ်းမိုးသက်ရောက်မှုကိုလည်း ဖော်ပြ နေပါ သည်။

နောက်ဆုံး တရုတ်နှင့် ရုရှားတို့ကသာ လက်မှတ်ထိုးရန် အသင့်ရှိနေကြပါသည်။ အာဆီယံအသင်း၏ ပဋိဉာဉ်ကြေညာ စာတမ်း ပုဒ်မ ၁၁၊ အ ကြောင်းအရာ ၉ (Article 11, item 9) အရ အကျဉ်း ဖော်ပြထားသည်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် “အာဆီယံအသင်းကြီး၏ ရွေးချယ် တာဝန် ပေးထားသည့် အထွေထွေအတွင်းရေးမှူးနှင့် ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများအပေါ် လေးစားလိုက်နာ လုပ်ဆောင် ရန် လိုအပ် သည်” ဟု ဖော်ပြထားပါသည်။ ထို့အပြင် “တာဝန်ပေးအပ်သည့် အပေါ်တွင်လည်း မိမိတို့၏သြဇာ လွှမ်းမိုးသက်ရောက်စေ ရေး မကြိုး ပမ်းရန် လိုအပ် သည်” ဟု ဖော်ပြထားသည်။

ဆူရင် နောက်ပိုင်းတွင် ရာထူးဆက်ခံမည့်သူ အွန်ကင်ယောင်း (Ong Keng Yong) က အာဆီယံ အသင်းကြီး၏ စိတ်ဓာတ်နှင့် ကျောရိုးကို ကောင်းကောင်း သဘောပေါက်ထားသူ ဖြစ်သည်နှင့်အညီ ဤအပိုဒ်ကို ထည့်သွင်းဖော်ပြ ခဲ့သည်။ သို့သော်လည်း ယခုတိုင် ဤပ ဋိဉာဉ် စာ တမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည့် အာဆီယံအသင်းကြီး၏ခေါင်းဆောင်များကမူ မည်သူကမျှ တိကျစွာ လိုက်နာ လုပ် ဆောင် ကြခြင်း မရှိသေးပေ။


Kavi Chongkittavorn ရေးသားသည့် South China Sea: Asean’s exit strategies ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါ သည်။

ကာဝီ ချွန်ကစ်တာဝန် (Kavi Chongkittavorn) သည် အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် နိုင်ငံရေး ကိစ္စရပ်များ တွင် နှံ့စပ် ကျွမ်းကျင်ပြီး လူ အများ လေးစားသည့် နိုင်ငံရေးအကဲဖြတ် ဝေဖန်သူတဦး ဖြစ်ပါသည်။

No comments: