Wednesday, August 29, 2012

စစ်တပ်သားများ၏ ၀ိုင်းဝန်း ထိုးကြိတ်မူကြောင့် စစ်တွေ သဲချောင်း အုပ်ချုပ်ရေးမှူး အစ်ကိုအကြီးဆုံး ဆေးရုံတင်ရ

နိရဉ္စရာ

ရခိုင်ပြည်နယ် စစ်တွေ သဲချောင်းတွင် တာဝန်ကျနေသော စစ်သားများ၏ ညှဉ်းပမ်းနှိပ်စက် ထိုးကြိတ်မူ ကြောင့်သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ၏ အစ်ကို အကြီးဆုံး ဖြစ်သူ ဦးအောင်ဆွေကို စစ်တွေ ဆေးရုံ ကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရသည်။

လွန်ခဲ့သောစနေနေ့ ညနေ့ ၅ နာရီ ၄၅ မိနစ်ခန့်တွင်စစ်တွေ မြို့သဲ ချောင်းဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော ခမရ ၅၄၁ မှ တူး အိုင်စီခေါ် ဒုတပ်ရင်းမှူးက သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦး အောင်ဝင်းဆွေကို ရိုက်ပုတ်ရန် အတွက် အကျီကိုဆွဲ၊ လက်ကို ဆွဲပြီး ဖမ်းချုပ်ရန် ပြုလုပ်နေစဉ် အစ်ကို အကြီးဆုံး ဖြစ်သူ ဦးအောင်ဆွေမှ ဘယ်လို ဖြစ်တာ ကြတာပါလဲဟု ၀င်ရောက် မေးမြန်းရာ ဒုရင်း မှူး ဖြစ်သူက ဦးအောင်ဆွေ မျက်နာကို လက်သီးနှင့် ပစ်ထိုးလိုက်သဖြင့် နောက်လန် လဲကျသွားခဲ့ရာ နောက်ထပ် နှစ်ပွင့်နှင့် ဗိုလ် တစ်ဦး က ဦးအောင်ဆွေအား ခြေထောက်နှင့် တက်နှင်းသည်ဟု ဆိုသည်။

နောက်ထပ် အနီးအနားရှိ စစ်သား (၁၀) ဦးခန့်မှ ဦးအောင်ဆွေအား ၀ိုင်းဝန်းထိုးကြိတ်ကြရာ ဦးအောင်ဆွေမှာ သတိမေ့လုနီးပါး ဖြစ်သွား ရာ ဘေးမှ ရပ်ကြည့်နေသူ ညီအငယ်ဆုံး ဖြစ်သူ ဦးအောင်အောင်မှ အစ်ကို အကြီးဆုံး ဖြစ်သူကို သွားရောက်ပွေ့ထူရာ ဦးအောင်အောင် ကိုပါ စစ် သားများက လက်သီးများဖြင့် ၀ိုင်းဝန်းပစ်ထိုးကြသည်ဟု ဆိုသည်။

“ ကျွန်တော်ကလည်း အစ်ကိုကြီးက သေလုမျောပါး ဖြစ်နေတော့ မခံရက်နိုင်တော့ ကျွန်တော်ကို ရိုက်ရင်လည်း ရိုက်ပါစေ ဆိုပြီး အစ်ကိုကြီး ဦးအောင်ဆွေကို သွားပွေ့တော့ ကျွန်တော်ကိုပါ ၀ိုင်းထိုးကြတယ်။ စစ်ဖိနပ်တွေ ၀ိုင်းကန်ကြ တယ်။ မနေသာတဲ့ အဆုံး ကျောင်းပေါ်က ဆရာ တော်ဆင်းလာမှဘဲ ထိုးကြိတ်တာကို ရပ်နားပြီး ကျွန်တော်တို့ ညီအစ်ကို နှစ်ဦးကို လက်ထိပ်ခတ်ပြီး ကျောင်းအောက်မှာ ချည်ထားပါတယ်။ ဆရာတော် မေတ္တာရပ်ခံတဲ့ အတွက် လက်ထိပ် ခတ်တာကို ဖြုတ်ပေးလိုက်ပြီး လွှတ်ပေးလိုက်ပါတယ်” ဟု ညီအစ်ကို သုံးယောက်ထဲမှ ညီအ ငယ်ဆုံး ဖြစ်သူဦးအောင်အောင်က နိရဉ္စရာသို့ ပြောသည်။

သို့သော်လည်း ဦးအောင်ဆွေမှာ အခြေအနေမကောင်းသဖြင့် အဆိုပါ ညဉ့်တွင် အိမ်တွင်ထားပြီး နောက်တစ်နေ့ တနင်္ဂနွေနံနက်တွင် စစ် တွေ ဆေးရုံကြီးကို တင်ပို့ခဲ့ရသည်ဟု ဆိုသည်။

“ စစ်တွေဆေးရုံကြီးကို ခုလို ဒဏ်ရာနဲ့ တင်မယ် ဆိုရင် ရဲစခန်းက ဆေးထောက်ခံစာကို လိုတဲ့အ တွက် ရဲစခန်းမှာ သွားပြီး အမူဖွင့်ရပါတယ်။ ရဲစခန်းမှာ အမူဖွင့်ပြီးမှ ဆေးရုံတင်လို့ ရပါတယ်။ အခု တစ်ခါ ဒုတပ်ရင်းမှူးက ရဲကို တိုင်ရမ လားဆိုပြီး မိသားစုတွေကို ခြိမ်းခြောက်တဲ့ အ တွက် ဒီကနေ့ (အင်္ဂါနေ့) မှာ အနာမကောင်းဘဲ ဆေးရုံက ဆင်းခဲ့ရပါတယ်” ဟုဦး အောင်အောင်က ပြောသည်။

ယနေ့ ဆေးရုံမှ ဆင်းလာပြီးနောက်ပိုင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသူဦးအောင်ဆွေအား နိရဉ္စရာက မေးမြန်းရာ သူက ယခုလို ပြော သည်။

“ အခုထက်ထိ နာနေပါတယ်။ ဒဏ်ရာတွေက မသက်သာသေးပါဘူး။ ဆေးရုံမှာလည်း ပြဿနာ လုပ်ချင် လုပ်လာနိုင်တဲ့ အတွက် အနာမ ကျက်ဘဲ ဆေးရုံက ဆင်းလိုက်ရပါတယ်။ ကျွန်တော်က တပ်နဲ့ဘာမှ ဖြစ်တာ မဟုတ်ပါ။ ကျွန် တော်ညီ အုပ်ချုပ်ရေးမှူး အောင်ဝင်းဆွေကို ထိုးကြိတ်မလို့ လုပ်နေတဲ့ အတွက် တူးအိုင်စီလို့ခေါ်တဲ့ ဒုတပ်ရင်းမှူးကို အဘ ဘယ်လို ဖြစ်ကြတာပါလဲလို့ ပြေလည်ရာ ပြေလည်ကြောင်း သွားမေးတာမှာ ကျွန်တော်ကို လက်သီးနဲ့ ထိုးတယ်။ ကျန်တဲ့ စစ်သားတွေက လက် သီးထိုး၊ ဖိနပ်တွေ တက်နင်းကြတယ်။ ကျွန်တော်မှာ အသက်ထွက်သွားမလို ခံစားခဲ့ရပါတယ်။ ကျွန်တော်ကို လာဆွဲတဲ့ ကျွန်တော် ညီအငယ်ဆုံး အောင်အောင်ကိုလည်း ၀ိုင်းထိုးကြတာ သူမျက် နာတွေမှာ ခုထိ ညိုမဲနေပါတယ်” ဟု ဦးအောင်ဆွေက ပြောသည်။

သူတို့တွင် ညီအစ်ကို သုံးဦးရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်ဝင်းဆွေမှာ ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေအမှတ် (၁) ရဲစခန်းသို့ တိုင်ကြားထားသော်လည်း အမူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ရှေ့တိုး လုပ် ဆောင်ခြင်းများ မရှိသေးကြောင်း ဦးအောင်ဆွေက ပြောသည်။

ယခုအခါ ဦးအောင်ဆွေနှင့် ဦးအောင်အောင်မှာ ဒုတပ်ရင်းမှူးက ခြိမ်းခြောက်ထားသဖြင့် သဲချောင်းကျေးရွာသို့ မပြန်ဝံ့ဘဲ ဖြစ်နေကြောင်း သိရသည်။

No comments: