Wednesday, August 29, 2012

ပြည်ဝင်ခွင့် ပိတ်ပင်ထားသော စာရင်းမှ ၂,၀၂၈ ဦးကို ပယ်ဖျက်လိုက်

မြတ်ကျော်သူ

နိုင်ငံရေးယုံကြည်ချက်အရင်းခံ၍ ပြည်ပရောက်နေသော မြန်မာနိုင်ငံသားများအပါအဝင် Black list အမည်မည်း စာရင်း သွင်းထားခံရပြီး ပြည် ဝင်ခွက့် ပိတ်ပင်ထားခြင်းခံရသူ ၆,၁၆၅ ဦးထဲမှ သုံးပုံ တပုံကို ပယ်ဖျက် လိုက်ပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် ခွင့်ပြုလိုက်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာနှင့် နိုင်ငံပိုင် သတင်းစာတို့တွင် အင်္ဂါနေ့က ဖော်ပြပါရှိသည်။

“ပြောင်းလဲလာသည့် မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပြီးစုစုပေါင်း ၂,ဝ၈၂ ဦးကိုအမည်မည်းစာ ရင်းမှ ပယ်ဖျက်၍ ဖြေလျော့ ပေးလိုက် ကြောင်း နှင့် အမည်မည်း စာရင်းမှ ပယ်ဖျက်ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာ နိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း” ဟု ရေးသားထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖြေလျော့ပေးလိုက်သော်လည်း Black list စာရင်း အသွင်းခံထားရသူ ၄,ဝ၈၃ ဦး ကျန်ရှိနေဦးမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်က ပြည်ပရောက် မြန်မာများ ပြည်တော်ပြန်လာနိုင်ကြောင်း ဖိတ်ခေါ်မှုအပြီး တနှစ်နှင့် ငါးလအကြာနှင့် ပြန်ကြားရေး ဝန်ကြီး အပါအဝင် ဝန်ကြီးနှင့် ဒု-ဝန်ကြီး ၂၄ ဦးကို ရာထူးအပြောင်းအလဲ လုပ်ပြီးနောက် ထိုသို့ပေါ်ထွက်လာခြင်း ဖြစ်သည်။

“ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများ အပါအဝင် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည် မည်း စာရင်း သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်း လဲလာသော စနစ်နှင့်အညီ ဖြေလျော့ပေးမှု များ ဆောင်ရွက်ပေးလျက်ရှိသည်” ဟုလည်း ရေးသား ပါရှိသည်။

၂,ဝ၈၂ ဦးထဲတွင် မည်သည့်နိုင်ငံမှ မည်သူများ ပါဝင်သည်ကိုမူ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။

ပြည်ပရောက် မြန်မာနိုင်ငံသားများထဲမှ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ သူများဖြစ်ကြသော ဦးထွန်းအောင်ကျော်နှင့် ဦးမိုးသီးဇွန်၊ ဖျက်သိမ်းပြီးသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးညို အုန်းမြင့် တို့လည်း စက်တင်္ဘာလဆန်းအတွင်း မြန်မာနိုင်ငံသို့ပြန်လာရန် ရှိနေသည်။

၂ဝ၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ ဦးသိန်းစိန်က သမ္မတအဖြစ် ပြောကြားသော ပထမဆုံး မိန့်ခွန်းတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများကို ပြည်တော်ပြန်လာနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ကန့်သတ်စာရင်းတွင် ပါဝင်နေ ခဲ့၍ အချို့မှာ ဝင်ခွင့်မရဘဲ ဖြစ်ပေါ်မှုနှင့် အချို့မှာ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ သည်။

No comments: