Tuesday, August 28, 2012

ရှမ်း ဒုက္ခသည်များ ပြန်မပို့ရေး တိုက်တွန်း

သန်းထိုက်ဦး

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် ၀င်ဟယ် မြို့နယ် အတွင်းရှိ ကုန်းကျော် ဒုက္ခသည်စခန်းမှ ရှမ်း ဒုက္ခသည် ၅၀၀ ခန့်ကို မြန်မာနိုင်ငံသို့ ပြန် မပို့ရန် ရှမ်းလူထု အခြေပြုအဖွဲ့များက ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်း လိုက်သည်။

ယင်းဒုက္ခသည်များကို နော်ဝေနိုင်ငံမှ အစိုးရမဟုတ်သော(NGO)အဖွဲ့တဖွဲ့က ရှမ်းပြည်နယ် မိုင်းဆတ် ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ရှိ မိုင်းထ ဒေသသို့ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်(IDPs)များအဖြစ် ပြန်လည် နေရာချထားရန် စီစဉ်နေခြင်းဖြစ်၍ ထိုကဲ့သို့တိုက်တွန်း ရ ခြင်း ဖြစ် ကြောင်း ရှမ်းအဖွဲ့များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ သတင်း ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

မိုင်းထ ဒေသသည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ငြိမ်းချမ်းရေး အစစ်အမှန် ရရှိမှသာလျှင်ဒုက္ခသည်များကိုပို့ဆောင်သင့် ကြောင်း ရှမ်းလူထု အခြေပြု အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ရှင်းပြသည်။

“အခု အချိန်မှာ ငြိမ်းချမ်းတယ်လို့ ပြောလို့လည်း မရသေးဘူး၊ အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက်တွေကလည်းရေရေရာရာမရှိသေး တဲ့ အတွက်ကြောင့် ဒုက္ခသည်တွေကို ပြန်မပို့ဖို့ အသိပေးချင်တာပါ”ဟု ၎င်းက ဆိုသည်။

ယင်း ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်၌ နော်ဝေ NGO အဖွဲ့ အပြင် မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့များလည်း ပါဝင်ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

နော်ဝေ NGO အဖွဲ့ဝင်များက ဒုက္ခသည်များကို စစ်တမ်း ကောက်ခံမှုများ ပြုလုပ်နေပြီး ဒုက္ခသည်အများစုက မြန်မာနိုင်ငံသို့ မပြန် လိုကြ ကြောင်း စိုင်းခေးဆိုင်က ဆက်ပြောသည်။

“နိုင်ငံတကာ အလှူရှင်များလည်း စစ်ပြေး ဒုက္ခသည်များ ပြန်လည်နေရာချထားခြင်း အပေါ် ဖိအား ပေးမယ့် အစား မြန်မာအစိုးရကို တရား မျှတပြီး ရေရှည် တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်းအဖြေရှာရန် ဖိအားပေးသင့် တယ်”ဟုလည်း ၎င်းက ဆို သည်။

ထို့အပြင် ကုန်းကျော် ဒုက္ခသည် စခန်းနှင့် တဖက်ခြမ်း မြန်မာနိုင်ငံဘက်ရှိ SSA-S ထိန်းချုပ်ဒေသများတွင် ပြည်တွင်း စစ်ပြေး ဒုက္ခသည် စ ခန်း ၅ ခု ရှိပြီး ဒုက္ခသည် ၆၅၀၀ ခန့် ရှိကြောင်း အကူအညီပေးရေး အဖွဲ့များ၏ စာရင်းတွင် ဖော်ပြထားသည်။

ကုန်းကျော် စခန်းရှိ ဒုက္ခသည်များမှာ ၂၀၀၁ ခုနှစ်မှ စတင်၍ အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေး လာကြသူများ ဖြစ် ကြောင်း သိရသည်။ ဒုက္ခသည် အများစုမှာ ရှမ်းပြည်နယ် အတွင်းရှိ မုံထား အပါအ၀င် လင်းခေး၊ လွိုင်လင်၊ မိုင်းထ၊ မိုင်းပန် ဒေသ ခံ များ ဖြစ်ကြသည်။

၎င်း ဒုက္ခသည် စခန်းကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)အနေနှင့် အသိအမှတ် ပြုခြင်း မခံရသော် လည်း ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန်ပေါင်းအဖွဲ့(TBBC) က ဆန်၊ ပဲ၊ ငါးပိ အစရှိသည့် ရိက္ခာများကို ထောက်ပံ့ ပေးနေ ကြောင်း သိရသည်။

ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲကို ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း(SWAN)၊ ရှမ်း သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့ တို့က ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

No comments: