Thursday, August 30, 2012

ခွင့်ပြုမိန့်မရ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဆက်လက်ကြားနာ

သန်းထိုက်ဦး

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား သြဂုတ်လဆန်းပိုင်းကမြန်မာနိုင်ငံသို့ လာရောက်စဉ် ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဦးဆောင်ခဲ့သူများအား တရားစွဲဆိုထားသည့်အမှုကို စမ်းချောင်းမြို့နယ် တရားရုံးက အင်္ဂါနေ့တွင် ကြားနာခဲ့သည်။

ခွင့်ပြုမိန့် မရှိဘဲ ဆန္ဒပြမှုဖြင့် ဦးအောင်နိုင်ထွန်း၊ ဦးဝင်းမြင့်အောင် (ခ) ဦးဝင်းခန့်၊ ဦးမျိုးမင်းစိုးနှင့် ဦးသူရထွန်းတို့ကို စမ်းချောင်းမြို့နယ် ရဲစ ခန်းမှူး ဒု-ရဲအုပ် မြအောင်က တရားလိုပြုလုပ်၍ တရားစွဲဆိုထားသော အမှု ဖြစ်သည်။

“ရုံးချိန်းမှာ တရားလိုပြ သက်သေတွေကိုပဲ စစ်ဆေးပါသေးတယ်” ဟု ဦးအောင်နိုင်ထွန်း က မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် စတင်ကြားနာခဲ့သော အဆိုပါအမှုကို စက်တင်္ဘာလ ၇ ရက်နေ့တွင် ထပ်မံကြားနာရန် တရားရုံးတော်က ချိန်း ဆို လိုက်ပြီး ထိုနေ့တွင် စွဲဆိုခံထားရသော တရားပြိုင်များကို ပထမဆုံး စစ်ဆေးကြားနာမှာဖြစ်သည်။

ဆန္ဒပြလိုသူများက ဇူလိုင်လ ၃၁ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ ဆန္ဒပြခွင့် တောင်းခံခဲ့ရာ ခွင့်မပြုခြင်းကြောင့် တိုင်းဒေသကြီး ရဲ တပ်ဖွဲ့ထံ ထပ်မံ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ထိုသို့ ခွင့်ပြုမိန့် မရရှိခဲ့သော်လည်း သြဂုတ်လ ၃ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး (UNHCR)ရန်ကုန်ရုံးရှေ့တွင်လူ အယောက် ၂ဝ ခန့် ပါဝင်သော ဆန္ဒပြသူများက ရခိုင် ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ “ရိုဟင်ဂျာ အလို မရှိ”၊ “နိုင်ငံတကာ မီဒီယာများ၏ တဘက်သတ် ရေးသားမှု များကို ဆန့်ကျင် တယ်” ဟူသည့် အသုံးအနှုန်းများကို အသုံးပြု၍ ဆန္ဒထုတ် ဖေါ် ခဲ့သည်ဟုလည်း ဦးအောင်နိုင်ထွန်း က ပြောသည်။

“ကျနော်တို့အနေနဲ့လည်း ကျနော်တို့ရဲ့ ဆန္ဒတွေကို ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ကွင်တား နား ရှိတုန်းဖော်ထုတ်တာက အဝေးမှာရှိ တုန်း အော်တာထက် ထိရောက်တယ်ဆိုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရန် မူဆလင် နိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အ စည်း များက တောင်းဆိုနေကြစဉ် ကုလ ကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။ ခြောက်ရက်ကြာ ခရီးစဉ်အတွင်း စစ်တွေနှင့် မောင်တောမြို့များသို့ သွားရောက်လေ့လာခဲ့သည်။

ဆန္ဒပြသူများသည် ‘Get Out Rohingya’ စာတန်းပါ အဖြူရောင် အင်္ကျီများကို ဆင်တူ ဝတ်ထားကြပြီး “ရိုဟင်ဂျာ အရေးအား ပြတ်သားရဲရင့် စွာ ပြောကြားခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား တခဲနက် ထောက် ခံပါ သည်” ဟူသည့် ဦးသိန်းစိန် ဓါတ်ပုံ ပူးတွဲပါ စာတန်း ကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ၊ နိုင်ငံတော်သီးချင်း သီဆိုတိုင် တည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု မဇ္ဈိမက သတင်းရေး သားခဲ့ဖူး သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေတွင် ခွင့်ပြုမိန့် မရရှိဘဲ ဆန္ဒဖော်ထုတ်ပါက တနှစ် ထက် မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ် သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားသည်။

No comments: